Monday, February 10, 2014

လက်ဖွဲ့ ကြိုး

လက်ဖွဲ့ ကြိုး
သတိထား ဘ၀က ခဏခဏ Log out ဖြစ်ဖြစ်သွားတတ်တယ်
အစရှိရင်တော့ ဆွဲထုတ်သူဆိုတာ ရှိလာနိုင်တာပဲ မမေ့လျော့နဲ့
စည်းနားကပ်လို့မရရင် စည်းပြင်ခေါ်ထုတ်ပေါ့သူငယ်ချင်းရယ်
ပူပူလေးနဲ့ကောင်းနေရအောင် ဒုက္ခက ဒဏ်ကြေဆေးမှမဟုတ်ဘဲ
ထက်ထက်နဲ့အောင်းနေရအောင် မင်းကလည်း မောင်းချဓားမှမဟုတ်ဘဲ
ထင်းခွေရေခပ်မကြုံတောင် ကားတိုးစီးရင်းလမ်းလျှောက်ရင်း ဆုံနိုင်သေးတယ်
သွေးသန့်ဆေးလေးသောက်ပြီး အမူးအမော်ပျောက်အောင်နေ
အ၀ိဇ္ဇာပစ္စယာသင်္ခါရာဆိုတာ ကြားဖူးတယ်မဟုတ်လား
ဥသြဆွဲသံချည်းပဲနားစွင့်မနေနဲ့ ရထားလာတာကိုလည်းကြည့်ရှောင်ဦး
ဒီခေတ်ထဲ အဂ္ဂိရတ်မထိုးဘဲ ထွက်ရပ်ပေါက်သူတွေများတယ်
အရင်ကပိုးသတ်ဆေးတွေဟာ အခုစိန်တွေလောက်မချိုတော့ဘူး
ကောင်းကျိုးကိုယ်၌တည်စေမင်းဆိုတာလည်း လမ်းညွှန်ဆိုင်းဘုတ်ပဲလေ
ငါသူတစ်ပါးယောက်ျားမိန်းမက အရဲကြိုးကုတ် ကြက်ရဲသုတ်သို့ဆိုရင်
မင်းက ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ပေါ့
ရှေ့ကိုထိုးထားတဲ့လက်ညှိုးကတစ်ချောင်းတည်း
လက်မကဘေးဆိုရင်တောင် ကျန်တဲ့သုံးချောင်းကမင်းဘက်မှာ
မင်းLoadingကို မင်းကိုယ်တိုင်ရောစိတ်ရှည်ရဲ့လား
ပြန်ဖွင့်လိုက်တဲ့ Resumeခလုတ်မှာ သံလျက်တွေဟာအဖွေးသား
ခွက်ကပ်နဲ့မူးပြီး တစ်သံသရာလုံးပြန်ဖြေနေမယ့်အစား
ပခြုပ်ထဲမှာ ပြင်းအောင်နေ
Formula မှားရင် ဓာတ်ပြုပုံလည်းမှားမှာပဲ
သတိထား သူငယ်ချင်း
မင်းအခုခြေစုံရပ်နေတာ ရှစ်နာရီနဲ့မွန်းတည့်နေတဲ့ လောကကြီးထဲမှာ။ ။

သစ္စာမင်းအိမ်
၁၂၊၇၊၂၀၁၃
 

ဆေးသားပျက်ညနေ

ဆေးသားပျက်ညနေ


ညနေခင်းတစ်ခုဖြစ်ပါသည်။
 ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုဖြစ်ပါသည်။ အဖေတစ်ယောက်က သားတစ်ယောက်ကို လမ်းညွှန်သြ၀ါဒပေးနေသည်။ အရက်ဆိုင်ထဲမှ အော်ကြီးဟစ်ကျယ်စကားသံများ။ ညဈေးထွက်ရန်ပြင်နေသည့်
သားသည်အမေတစ်ယောက်နှင့် ကြွေးတောင်းလာသောအမျိုးသမီးတစ်ဦး။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 ဆိုက်ကားသမားများ စုဝေးပြီးခရီးသည်စောင့်နေသောနေရာသို့ ကျောင်းဝတ်စုံခပ်နွမ်းနွမ်းနှင့်ကလေးတစ်ယောက်ရောက်လာသည်။ မိသားစုဟူသောဆိုက်ကားပေါ်တွင်ထိုင်နေသော၊ စစ်ဦးထုပ်အစုတ်တစ်လုံးဆောင်းထားသော နှုတ်ခမ်းမွေးကျိုးတိုးကျဲတဲလူတစ်ယောက်နှင့် ထိုကလေးငယ်တို့တွေ့ကြသောအခါ အောက်ပါအတိုင်း ပြောကြဆိုကြပါသည်။
"ငါ့သား ကျောင်းဆင်းပြီလားကွ"
"ဆိုက်ကားမသိမ်းသေးဘူးလားအဖေ။ သား ထမင်းကြမ်းစားချင်ပြီ"
"အေး ကြိုးစားကွာ ငါ့သား။ အဖေ့လိုမဖြစ်စေနဲ့။ ကြီးလာရင် ကိုယ်ပိုင်ဆိုက်ကားနင်းနိုင်အောင်လုပ်။ ကြားလား"
"ဆိုက်ကားနင်းရတာ အရမ်းပင်ပန်းမှာပဲနော်။ သားကတော့ ကြီးလာရင် မြင်းလှည်းပဲမောင်းမယ်အဖေ"
ထိုသို့သောနေရာကို ဆိုက်ကားဂိတ်ဟုသတ်မှတ်လေ့ရှိကြပြီး ထိုဆိုက်ကားဂိတ်၏အမည်မှာ ဆိုက်ကားဂိတ်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 လောကငယ်လေးတစ်ခု ရေချိန်ကိုက်နေသည်။ ၀က်စတူး၊ ကြက်ဂွေးတောက်၊ ငါးကင်တို့ဖြင့် ဖွယ်ဖွယ်ရာရာစကားဝိုင်းများမရှိပါ။ ပဲလှော်ခွံများသာ နေရာအနှံ့ပြန့်ကျဲနေသည်။ အလကားပေးသောနှမ်းဖတ်ချဉ်ခွက်မှာ လက်ညှိုးနှင့်ထိုးကလော်ထားသောဒဏ်များကြောင့် မြင်မကောင်းရှုမကောင်းအောင် အပျိုရည်ပျက်နေပြီဖြစ်သည်။ အောက်ပါအသံများ ကြားရပါလိမ့်မည်။
"မက်ဆီက ဒိုလေးလောက်မကောင်းဘူးကွာ"
"ဟေ့ကောင် မက်ဆီကပိုကောင်းတယ်ကွ။ မင်း ဘောလုံးအကြောင်း ဘယ်လောက်သိလို့တုန်း"
"သိတာပေါ့။ မန်ယူကွင်းက အိုးဖို့ထရက်။ ဂျာမဏီဂိုးသမားက အိုဗာလီခန်း။ ချဲလ်ဆီးက ဟိုကောင်ကစားတာဆို တအားကောင်းတာ"
"ဘယ်ကောင်တုန်း"
"မော်ရင်ဟို"
"အေး မင်းမဆိုးဘူး။ သိတော့သိသားပဲ"
အာရုံစူးစိုက်မှုကောင်းလျှင်တော့ ထိုစကားသံများကို သဲသဲကွဲကွဲကြားရပါလိမ့်မည်။ ထိုသို့သော စားပွဲဝိုင်းပုပုလေးများ ဆယ်လုံးခန့်ရှိပြီး စားပွဲဝိုင်းအားလုံး အော်ကြီးဟစ်ကျယ်မူးနေကြသောကြောင့်ဖြစ်သည်။ ထိုဆိုင်တွင် ဆိုင်းဘုတ်တင်မထားပါ။ ထို့ကြောင့် အရက်ဆိုင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ခပ်ချာချာအိမ်လေးတစ်လုံးသို့ ပိုက်ဆံအိတ်ချိုင်းကြားညှပ်ထားသော ၀၀ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ဦး သူများခင်းထားသောလမ်းကိုနင်းပြီး ရောက်လာသည်။ အိမ်လေးရှင်သခင်မက ငါးလသားအရွယ်ကလေးငယ်တစ်ယောက်ထည့်သိပ်ထားရာ ပုခက်ကို လက်နှစ်ဖက်ဖြင့် လေးငါးဆက်တိုက်လွှဲပြီး ပက်လက်တောင်းကြီးထဲ ဈေးပစ္စည်းများထိုးသိပ်ထည့်နေချိန်ဖြစ်သည်။ စောစောကအမျိုးသမီးကြီးကိုမြင်သောအခါ "ဟော ရောက်လာပြီကိုး အပူလားအအေးလား ပန်ကာဖွင့်လိုက်မယ်နော်"ဟု မပြောပါ။ အောက်ပါအတိုင်းသာပြောကြပါသည်။
"အော် ဘယ်ကလှည့်လာတာတုန်း"
"ဘယ်ကမှလှည့်မလာဘူး။ ညည်းဆီသက်သက်လာတာ။ ကဲ ငါ့အကြွေးပေး"
"မလည်သေးလို့ပါ အစ်မကြီးရယ်။ အဆင်ပြေတာနဲ့ ချက်ခြင်းပေးပါ့မယ်။ ဈေးကလည်း ရောင်းမကောင်းဘူး အစ်မကြီးရဲ့"
"အိုအေ။ ဒီလိုပဲပြောလာတာ ဘယ်လောက်ကြာပြီတုန်း။ အမြတ်လိုချင်လို့အတိုးပေးတာအေ့။ အရင်းပါဆုံးမယ့်အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး"
"ဟုတ်ပါတယ်အစ်မကြီးရယ်။ ကျွန်မ တကယ်မလည်သေးလို့ပါ။ မကြာတော့ပါဘူး။ ဆက်ဆက်လာဆပ်ပါ့မယ်နော်"
အိမ်ထရံကြားမှ လေပူများအလုအယက်တိုးဝင်လာကြသည်။ ပုခက်ထဲကကလေး နိုးလာမှာမစိုးရိမ်သည့် ဈေးတောင်းကြီးကတော့ အပြန်အလှန်စကားများကြားတွင် ပုံစံမပျက် ပက်လက်ကြီးပင်။ သားသည်အမေ၏အမည်မှာ ကြွေးခံဈေးသည်ဖြစ်ပြီး အမျိုးသမီးကြီး၏အမည်မှာ ကြွေးရှင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ကောင်းကင်တစ်ခိုတွင် လိုရာဆိုက်ငှက်တို့ပျံသန်းမနေပါ။ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက် ဟု သတ်သတ်မှတ်မှတ်ညွှန်းဆို၍မရအောင်ပင် မိုးတိမ်များက ဆေးသားပျက်၍နေကြသည်။ ကောင်းကင်ကိုငုံ့ကြည့်သူသာ ဤအခြင်းအရာကို မြင်ရပေလိမ့်မည်။
အဖေဖြစ်သူနှင့်သားလတ်တို့ အိမ်ပြန်ရောက်သောအချိန်တွင် ငါးလသားအရွယ်ကလေးငယ်နှင့် သားသည်အမေဖြစ်သူတို့ ညဈေးထွက်သွားလောက်ပြီ။ ကံကောင်းလျှင်တော့ မူးပြီးအိပ်ပျော်နေသော သားကြီးကို အိမ်လှေခါးတက်တွင် တွေ့ရနိုင်ပါသည်။ ထိုအချိန်သည် ညလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ယခုကတော့ ညနေခင်းတစ်ခုသာ ဖြစ်နေပါသေးသည်။ ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုပင်ဖြစ်ပါသည်။

သစ္စာမင်းအိမ်
၁၄၊၇၊၂၀၁၃

ယောက်ျားဝါဆိုကိုစားဖို့ သြဂုတ်ဆူဆူနဲ့ အချိန် ၇ရက်ပဲလိုတယ်

ယောက်ျားဝါဆိုကိုစားဖို့ သြဂုတ်ဆူဆူနဲ့ အချိန် ၇ရက်ပဲလိုတယ်
××××××××××××××××××××××××××××××××
 
ငါလိုက်ကောက်နေတဲ့အသံတွေ သြဂုတ်ထဲ ပေါလောမျောနေတယ်

အရေးဟယ်အခင်းဟယ်ဆို ဒီကောင်အငို မိုးမွှန်သတဲ့

ဒီလိုနဲ့ ဘယ်နှစ်မီးမှန်းမသိ ငါ့ကိုညှိခဲ့ကြ

ငါဟာစိုရွှဲလို့ ရဲနေအောင် တိုဝင်ပေးခဲ့ရပေါ့

နက္ခတ်တွေ စိန်စီသောည မဟုတ်ပါဘူး

တစ်သံသရာ တစ်ထွာတစ်မိုက်နှုန်းနဲ့ လိပ်ပြာကူးတဲ့လ

အပျော်ဆိုတာကလည်း တစ်စက်ချင်းသွင်းနေရတဲ့ နေမှုထိုင်မှုပုလင်းကြီးလို

မွန်းကြပ်နာကိုဆေးထိုးမှားတဲ့အခါ မနက်ဖြန်တွေဟာ တရွတ်တိုက်ဆွဲကုန်တယ်

သမိုင်းစာအုပ်တွေ့ရင်တောင် ကိုယ့်နာမည်ကိုယ် ကောက်မတပ်ဝံ့တော့ဘူး ယနေ့ရယ်

မတိုင်ခင်တစ်ပတ်အလိုပြက္ခဒိန်ထဲ ချက်ကြိုးဖြတ်လွဲခဲ့တဲ့မရဏဖွားဟာ

တစ်ခါတလေမှသာယာသူ အများအားဖြင့်တိမ်ထူထပ်သူ

ကိုယ့်စိတ်ကိုယ်ဓားလုပ်မိုးထားလည်း ခဏပဲ

ရွှေထီးဆောင်းအိပ်မက်က ထိပ်ပုတ်ခေါင်းထိုးနဲ့

မင်မလိုက်တဲ့ဘောလ်ပင်ကိုင်ပြီး ဇာတာပေါ်အရုပ်တက်တက်ရေးတယ်

အော်ခေါ်ရင်ကြားနိုင်လောက်တဲ့အရပ်မှာ အခြေစိုက်ပါ ကောင်းကင်ဘုံ

ပျောက်သွားတဲ့အသံတွေရဲ့တုန်ခါမှုနဲ့

သြဂုတ်ကို နောက်ယောင်ခံလိုက်နေရတာ အရိုးနာတယ်

မှန်ခွဲမယ်ဆိုတာချည်းရောက်ရောက်သွားတတ်တဲ့ အရူးစကားပိုက်ပြီး

ငါ့ကို ၂၅နှစ်မြောက်၁ရက်မှာ လာမကြိုပါနဲ့ သြဂုတ်

ခလုတ်တိုက်မိတဲ့အတုံးတုံးအတစ်တစ်တွေဟာ လမ်းခင်းကျောက်တွေမဟုတ်တဲ့အကြောင်း

တရားဝင်ငြင်းချက်ထုတ်ချင်
သေးတယ်

မင်းကလည်း နောက်ဆက်တွဲအသံတွေကို ခုထိဖွက်ထားတုန်းမဟုတ်လား။

သစ္စာမင်းအိမ်
၂၇၊၇၊၂၀၁၃

လူ အို ကြီး


လူ အို ကြီး

ခါးကိုင်းတယ်၊ လမ်းလျှောက်တုတ်အပြင်ထွက်၊ ရိပ်သာ၊ စကားနည်းသလိုလို များလာ၊ ရင်ဘတ်ဖိ ချောင်းဆိုး၊ ဘယ်သူပိုင်၊ နားထိုင်းတယ်၊ ညရေးညတာ၊ သံသရာ၊ စိတ်ကိုဘယ်လိုရွှေ့၊ အပေါက်လောက၊ နုံး၊ တစိမ့်စိမ့်မီးတွေ၊ သတိသတိသတိသတိသတိသတိသတိသ.တိ သ..တိ သ...တိ သ....တိ သ.....တိ၊ သ တိ၊ လှုတ်ခတ်နေ၊ အစွဲ၊ သောင်ကမ်း၊ အော် ငှက်ကလေးတွေ၊ မေ့လျော့၊ ဒေသနာ၊ မျက်စေ့မှုန်တယ်၊ သံယောဇဉ်၊ အမောဖောက်၊ နိဗ္ဗာ နာဘိရတော မစ္စော သဗ္ဗဒုက္ခာ ပမုစ္စတိ၊ အနှစ်၊ ပူရာပူကြောင်း၊ လမ်းမှန်၊ ခွဲခွာခြင်း၊ အချွတ် အကျွတ်၊ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ င.ါ င..ါ င...ါ င....ါ င.....ါ၊ င၊ါ၊ ၊ ငါ၊ ဘယ်ဆီဘယ်ဝယ်၊ လွဲ၊ စည်းစိမ်၊ ဥုံ၊ တစ်မတ်၊ သား မြေး မြစ်၊ မျက်ရည်စီးကြောင်း၊ မရှိ၊ တုန်ချိ၊ အလင်းရောင်၊ ကုသိုလ်အဖြာဖြာ၊ ကယ်ပါ၊ ဆင်းရဲ၊ ဇော၊ သနားဖွယ် လူ အို ကြီး။ ။

သစ္စာမင်းအိမ်
၂၈၊၇၊၂၀၁၃
 

ဟီလာရီဒပ်ဖ်နဲ့ ကတ္တီပါပလီပလာရယ်စရာလမ်းခွဲ

တိတ်စမ်းဟီလာရီဒပ်ဖ် မင်းနှုတ်ခမ်းကိုတိတ်လိုက်စမ်း

ငါကြိုက်တာအဲလိုမခို့တရို့ပုံစံတွေပဲ ဘာလဲကွာ

ငါ့နှလုံးသားကိုများမလေးမစားနဲ့

သီချင်းလေးဆိုပြလိုက် သရုပ်လေးဆောင်ပြလိုက်နဲ့

ခေါင်းကိုပိတ်ထုလိုက်လို့ လှတပတလေးထပ်ပုသွားဦးမယ်

အဲဒီလင်ဆေးဆိုတဲ့ကောင်မက မူးယစ်ဆေးဝါးမ

အိမ်ထောင်ရေးအရှုပ်မရှင်းမ ဥပဒေစက်ကွင်းမ

သူနဲ့မပေါင်းရဘူးဟီလာရီဒပ်ဖ် ငါနဲ့ပဲပေါင်း

အေး ခက်တယ် မင်းကအကြားကိုငါ့ပါးစပ်မှာ ဘယ်တော့မှမထားဘူး

ငါပစ်တာမလိုချင်ရင်တော့ ဆွဲလိုက်ဟီလာရီဒပ်ဖ် တွေဝေမနေနဲ့

မင်းစိတ်ဓာတ်ကို အချိန်ဇယားလေးဆွဲလိုက်

မင်းပဲလင်းမြွေသီးအပြုံးစင်မှာ ငါ့အိပ်မက်တွေတစ်တောင့်ချင်းဆွဲလိုက်

ဟင်း ငါပြောလိုက်ရင် မင်းကကမယ်ဆိုတာချည်းပဲ

ဟီလာရီဒပ်ဖ် ငါမင်းကို တစ်ခါနှစ်ခါကျနားမလည်ဘူး

ပွတ်တွတ်ပွတ်တွတ်ပြောဖို့နဲ့ တိုင်မင်ကိုက်အော်ဟစ်ဖို့

မင်းဘယ်လောက်များ ကုသိုလ်ကံကောင်းခဲ့ရတာလဲ

ငါမေးနေတယ်လေ ဟီလာရီဒပ်ဖ်

တော်ပြီတော်ပြီ ဘာမှမပြောနဲ့တော့

ဘ၀မှာတစ်ခါမှမဆုံဖူးသူတွေအဖြစ်နဲ့ပဲ ငါမင်းကိုမေ့ပစ်လိုက်တော့မယ်

ငါ့အကြောင်းမင်းမသိဘူးမလား

အေးမှတ်ထားလိုက် ငါထိုင်နေကျဘုံဆိုင်လို

ငါ့နာမည်နဲ့ ဒီကနေ့နေ့စွဲနဲ့ အတိအကျမှတ်ထားလိုက်

ငါနှစ်ခါမပြောတတ်ဘူးဟီလာရီဒပ်ဖ်

မှတ်ထားလိုက်။ ။

သစ္စာမင်းအိမ်
၂၄၊၉၊၂၀၁၃
 

သူနှင့် သူ၏ခြေထောက်များ







အစိမ်းရောင်ကတ္တီပါဖိနပ်လေး သဲကြိုးပြတ်သွားတဲ့နေ့ကတည်းကစပြီး

သူနဲ့သူ့ခြေထောက်တွေဟာ ရန်သူစစ်စစ်တွေ ဖြစ်ခဲ့ကြတယ်

ဒီခြေထောက်တွေနဲ့ သူဘယ်ခရီးကိုမှ မလျှောက်ချင်တော့ဘူး

အလကားအရေးမပါတဲ့ခြေထောက်တွေ

တစ်နေ့နေ့ သူ့ကို တိတ်တဆိတ်လုပ်ကြံမယ့်ခြေထောက်တွေ

သူ့လှုပ်ရှားမှုတိုင်းကို သဲလွန်စပေးမယ့်ခြေထောက်တွေ

သူသတိထားစောင့်ကြည့်တယ် သတိတရပစ်ထားတယ်

သွားစမ်း အကြမ်းပတမ်းခြေထောက်တွေ

သူမလုံခြုံဘူး သူအလိုမကျဘူး သူစိတ်ဖိစီးတယ်

သူမနက်စာစားတာ ခြေထောက်တွေသန်မာဖို့အတွက်များ ဖြစ်သွားမလား

သူရေသောက်တာ သူစာဖတ်တာ သူအိပ်တာ

ခြေထောက်တွေအတွက် ပြက္ခဒိန်အသစ်ချိတ်ပေးသလိုများ ဖြစ်နေမလား

ခြေထောက်တွေဟာ တစ်စထက်တစ်စ ရွံရှာဖို့ကောင်းလာတယ်

သွားစမ်း အပေအတေခြေထောက်တွေ

သူအမှတ်တရပစ်ထားလိုက်တယ် အမှတ်တမဲ့ချောင်းချောင်းကြည့်တယ်

ခြေထောက်တွေကို ဒဏ်ခတ်ရမယ်

သူမောဟိုက်တယ် သူကောက်ကျစ်တယ် သူမငြိမ်းချမ်းဘူး

ဘယ်နည်းလမ်းသုံးရမလဲ တစ်ကိုယ်တည်းစဉ်းစားတယ်

မြေမျိုခိုင်းလိုက်ရမလား

သူခေါင်းယမ်းတယ် သူ့အကုသိုလ်တွေကမလုံလောက်သေးဘူး

ဓားနဲ့ခွဲပြီး ဆားနဲ့ပက်ခိုင်းလိုက်ရမလား

မဖြစ်ဘူး သူ့သားကလည်း တဆိတ်လိမ္မာလွန်းနေတယ်

သူတွေးတယ် အဲဒါကြောင့် ခြေထောက်တွေရှိတယ်

ခြေသည်းတွေရှည်ထွက်လာတော့ သူပိုဒေါသထွက်ရ

အလကား အောက်တန်းစားခြေထောက်တွေ

အဲဒီအစွဲနဲ့အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာ

ခြေထောက်တွေက သူ့ကို ဖိနပ်လုပ်စီးနေတာတွေ့ရ

သူ ဖျပ်ကနဲလန့်နိုးပစ်လိုက်တယ် ခြေထောက်တွေ

ခြေထောက်တွေကိုနှိပ်ကွပ်ဖို့နည်းလမ်း သူစဉ်းစားမိပြီ

သူ့လက်နှစ်ဖက်အကူအညီနဲ့ အားရပါးရ

သူ့သောက သူ့ဒုက္ခ သူ့မတည်ငြိမ်တော့တဲ့ဘ၀အတွက်

အငြိုးတကြီးနဲ့ စိတ်ပါလက်ပါ
ကလိထိုးပစ်လိုက်တယ် မရပ်မနား

သူ ဘယ်ဘ၀အထိ တဟားဟား အော်ရယ်နေမိမှန်း မသိတော့ဘူး။ ။

သစ္စာမင်းအိမ်

ဒါကြောင့် ဒေးကားစ်ကို ငါငြင်းတယ်



ကြက်သီးမွေးညင်းထတာကစလို့

သက်ပြင်းတစ်ချက်ခိုးချမိတဲ့အထိ

မြို့ဆိုင်းဘုတ်ဟာ မေးခွန်းနိမိတ်တွေနဲ့

ငါ့ကို အလှဆုံးပြုံးပြနေတယ်

အကြည့်တွေကိုလွှဲပစ်ဖို့ပါပဲ

ဒါပေမယ့် မျက်လုံးတွေကိုပဲ ဇွတ်မှိတ်ချလိုက်ရတယ်

ငါတွေးတယ် အဖြေမရှိဘူး

ငါမတွေးဘူး ဒါကြောင့် မန္တလေးရှိတယ်။ ။

သစ္စာမင်းအိမ်
၅၊၁၀၊၂၀၁၃

သက်တံ


သက်တံ

 


ကောင်းကင်ပေါ်မှာဆို
စိတ်နဲ့မျှားကြည့်တော့လည်းမမိဘူး
ဘယ်တောဘယ်တောင်
ဘယ်ပင်လယ်အထိကွေးနေလို့
ဒီရာသီကိုလာမဟပ်တာတဲ့လဲ
တစ်ရောင်ရောင်နဲ့ဆက်သွယ်ချင်တယ်
အဲလိုမိုးတိတ်စဆန္ဒလေးပါပဲ
လက်ချောင်းလေးတွေချိုးခွင့်မရပေါ့အတူတူ
မှိုတွေပွင့်တာကိုပဲ
ကိုင်းနေအောင်ပြုံးပြလိုက်တော့မယ်
ညပါးမ၀တဲ့ည..............
လဟာ တစ်ရင်ထဲမှာကွက်ပြီး အထွက်စောခဲ့တယ်။ ။

သစ္စာမင်းအိမ်

တံခါးများ


တံခါးများ
 

 


တံခါးတစ်ချပ်က ကိုယ့်ဆီသော့ဖွင့်ပြီးဝင်လာတယ်
သူမကိုယ်သင်းနံ့ယောင်ဆောင်လို့
ခြေပစ်လက်ပစ်အိပ်ယာခင်းထက်
မှောက်လျက်ကျနေတဲ့ ရင်ငွေ့တွေလိုလို
ကိုယ်ဝေ့ခနဲတုနိခါသွားတဲ့ ညနေအလွတ်တစ်ခုလိုလို
မျက်နှာကြက်ဆီ အလင်းသဲ့သဲ့တွယ်ယှက်ထားတဲ့တနင်္လာ
တံခါးတစ်ချပ်ကိုတော့ ကိုယ်ကပဲဆွဲဖွင့်လိုက်တယ်
အစီအစဉ်ဘယ်နှစ်ခုမြောက်ဟာ မျက်ရည်များနဲ့ကခုန်ခြင်းလဲ
ဟိုမှာ တိတ်တဆိတ်ပန်းလေးတွေဖြတ်လျှောက်နေကြပြီ
ကိုယ်ငင်ယူမိတဲ့တစ်ဘ၀က တိုးလို့တန်းလန်း
စိမ်းလဲ့လဲ့ရှုခင်းတွေ မေးထောက်ကြည့်နေတဲ့ပြတင်းမှာ
မနက်ဖြန်ဝတ်စုံနဲ့မိန်းမငယ်တစ်ယောက်
နှုတ်ခမ်းကိုက်လိုက်ပုံအဆင့်ဆင့်ကို
အနှေးပြကွက်တွေနဲ့တင်ဆက်နေတယ်
ကိုယ့်ဖျပ်ဖျပ်လူးသက်ပြင်းဟာ ခေါင်းမဖော်တော့
တံခါးတစ်ချပ်........
ကိုယ့်ကို အတိအကျသော့ခတ်သွားခဲ့တယ်။ ။

သစ္စာမင်းအိမ်

တစ်ခန်းမရပ်ပြဇာတ်

တစ်ခန်းမရပ်ပြဇာတ်


ကားလိပ်ဖွင့်-

လက်ညှိုးထောင် ကိုယ်ယောင်ပြလိုက်မယ်
ငါဟဲ့.....ဖွတ်ကျား ဆိုပြီး
ဝန်ကြီးတစ်ပါးထွက်လာစေ
မင်းရေး ပြည်ထဲရေး တယ်ရှုပ်ပါလား
ပြည်သူတွေခမျာမလည်း သနားစရာ
အိမ်း.....မဖြစ်ချေဘူး
ငါ သွားအိပ်ဦးမှပါလေ လို့ပြောပြီး
အတွင်းထဲပြန်ဝင်သွားစေ
ဗျို့ ရောင်းရင်း
ဗျို့ ပေါင်ရင်း
ဗျို့ မွဲရင်း
ဗျို့ ငတ်ရင်း
စုတ်ပြတ်သတ်နေတဲ့အ၀တ်အစားနဲ့
တကယ့်ပြည်သူနှစ်ယောက်ထွက်လာစေ
ကျုပ်တို့ဘုရင်အကြောင်းကြားပြီးပလား ရောင်းရင်းရ
ကြားပေါ့ဗျာ
ရှိန်းဆာယာပိုမောက်လို့ ကိုယ်ပျောက်သွားတဲ့အကြောင်းမလား
အစစ်ပဗျာ အဲဒါ ရောင်းရင်းဘယ်လိုထင်တုန်း
ဟ ကျုပ်တို့ဘုရင်က နှယ်နှယ်ရရမှမဟုတ်တာ
အသတ်မျိုးစုံတတ်တယ်
အစီအမံတွေကလည်းကောင်းမှကောင်း
ကျုပ်တို့ရွှေနေပြည်တော်ကြီးကြည့်ပါလား
ဥာဏ်ကလည်းများပါဘိသနဲ့
စားကောင်းဝါးကောင်းတွေမှီဝဲပြီး
ရှိန်းဆာယာပိုမောက် ကိုယ်ပျောက်သွားတာဖြစ်မပေါ့
ကျုပ်တော့ တယ်မပြောတတ်လှပါဘူးလေ
သြော်.....စားကောင်းဝါးကောင်းတွေကြောင့်ကိုး
ကျုပ်က ဥာဏ်မမီတော့
လူမြင်မခံရဲလို့ ကိုယ်ပျောက်သွားတယ်ပဲထင်နေတာ ရောင်းရင်းရ
ကဲ.....ကဲ လာဗျာရောင်းရင်း
မိသားစုပါးစပ်ပေါက်လေးတွေထဲ ထမင်းတစ်လုတ်သွင်းနိုင်ဖို့
နေမထောက်ခင် ကျုပ်တို့ လယ်ထွန်ဆင်းကြဦးစို့ရဲ့
ပြောပြီး အတွင်းထဲပြန်ဝင်သွားကြစေ။ ။
(ကားလိပ်မချသေးပါ။ ဆက်ပါဦးမည်)

သစ္စာမင်းအိမ်
 

ဒေါင်းလန်းကြီးရဲ့အလယ်

ဒေါင်းလန်းကြီးရဲ့အလယ်



ဝေစုကျ ဓားကိုယ်စီနဲ့ ငါတို့မိသားစုထမင်းဝိုင်းဟာ မြိုင်မြိုင်ဆိုင်ဆိုင်
အနာဖေးတွေ နွှေးထားတယ်
အဖေက ငှက်ကြီးတောင်တစ်ဖတ်
အမေက ယိမ်းနွဲ့ပါးတစ်ဖတ်
အကိုကြီးက ချွန်းတစ်ဖက်
ညီမလေးက မြှောင်တစ်ဖတ်
ကျွန်တော့်မှာ ကျို့ထိုးမပြေတော့ဘူး။ ။

သစ္စာမင်းအိမ်
၁၅၊ ၁၁၊ ၂၀၁၃

ညာသန်တစ်ယောက်ရဲ့ လမ်းလျှောက်ပွဲတော်

ညာသန်တစ်ယောက်ရဲ့ လမ်းလျှောက်ပွဲတော်

ကျွန်တော် လမ်းလျှောက်နေသည်။
ကျန်းမာရေးအတွက် လမ်းလျှောက်နေခြင်းလား။ ခရီးတစ်ခုအတွက် ခြေလှမ်းရွေ့နေခြင်းလား။ နှစ်ခုစလုံးမှန်နိုင်သလို နှစ်ခုစလုံးလည်းမှားနိုင်သည်။ ကျွန်တော့်အသိတွင် ခေါင်းစဉ်မရှိ။ အကြောင်းအရာမရှိ။
ရှေ့တည့်တည့်မှ ဆိုင်ကယ်တစ်စီးမီးဖွင့်ပြီးမောင်းလာသည်။ ကျွန်တော် အလိုအလျောက် လက်ကိုစူပွစူပွလုပ်ပြလိုက်တော့ ဆိုင်ကယ်မောင်းသမားက ကျွန်တော့်ကိုဆဲသွားသည်။ "ညမို့လို့ မီးဖွင့်ပြီးစီးတာ...ဖြစ်လား"တဲ့။ ဒါ ညလား။ ဘယ်သူ့ညလဲ။ လူချမ်းသာတစ်ယောက်၏ ညဆိုသောအချိန်သည် လူဆင်းရဲမိန်းမငယ်တစ်ယောက်၏ မနက်ခင်းတစ်ခုဖြစ်နေနိုင်သည်။ မဂ္ဂဇင်းအယ်ဒီတာတစ်ယောက်၏ နေ့လည်ခင်းတစ်ခုလည်းဖြစ်နိုင်သလို အခြားများစွာလည်းဖြစ်နိုင်ပါသေးသည်။
လမ်းလျှောက်ရင်း ဗိုက်ဆာလာသည်။ အိတ်ကပ်ကိုစမ်းရမှာ အားနာနေမိသဖြင့် မစမ်းဖြစ်။ ဆာလောင်မှုနှင့် အိတ်ကပ် သိပ်တော့မပတ်သတ်လှပါ။ သို့သော် မစမ်းဖြစ်သေး။
စွန့်စားလိုက်ရမလား။
စွန့်စားလိုက်ရမလား။
စွန့်စားလိုက်ရမလား။
အဖြေတစ်ခုက နှစ်မဲတစ်မဲဖြင့်နိုင်သွားသည်။ တော်သေးတာပေါ့။ ကြားနေမဲမပါသဖြင့်သာ ရလာဒ်ကပြတ်သားသွားခြင်းဖြစ်သည်။ ကျွန်တော် စိတ်လှုပ်ရှားစွာ လက်ကို တဖြည်းဖြည်းမြှောက်ယူကြည့်သည်။ ရင်ဘတ်ဆီရောက်မှ သက်ပြင်းချနိုင်တော့သည်။ ကျွန်တော့်အင်္ကျီတွင် အိတ်ကပ်မပါ။ သို့မဟုတ် ကျွန်တော်စမ်းမိတာ ၀ဲဘက်မဟုတ်။ သို့မဟုတ် ကျွန်တော့်လက်က အိတ်ကပ်ကိုမသိ။ သေချာတာတစ်ခုကတော့ တွန့်ခနဲယားသွားခြင်းပင်ဖြစ်သည်။ လက်ကိုပြန်ချလိုက်သည်။
ကျွန်တော့်ကိုကျော်တက်သွားသော ကားတစ်စီးကို မနာလိုစိတ်အလျှင်းမပါဘဲ လိုက်ကြည့်နေမိသည်။ ငါလိုကောင်လမ်းလျှောက်နေတာ ကျော်တက်သွားရတယ်လို့ ရိုင်းလိုက်တဲ့ကားနှယ် ဟုလည်း မတွေးမိပါ။ မီးနီနီလေးနှစ်လုံးပျောက်သွားတော့ ကျွန်တော် ဗိုက်ဆာလာပြန်သည်။
လုပ်လိုက်ရမလား။
လုပ်လိုက်ရမလား။
လုပ်လိုက်ရမလား။
ဒီတစ်ခါလည်း အဖြေကနှစ်မဲတစ်မဲ။ ကျွန်တော် အမြန်လှုပ်ရှားသည်။ ဘယ်သူမှရိပ်မိလို့မဖြစ်။ စိမ်းရွှေရွှေအရသာတစ်မျိုးက လျှာကိုကလိထိုးသွားသည်။ လျှာမှာ တဟီးဟီးတဟားဟားဖြင့် ထွန့်ထွန့်လူးနေတော့သည်။ ထိုသတင်းဦးနှောက်ဆီရောက်တော့ ဦးနှောက်က ကြေညာချက်တစ်စောင် ချက်ခြင်းထုတ်ပြန်သည်။ နောက်တစ်ခါ လမ်းဘေးဗာဒံရွက် ခူးမစားရ တဲ့။
လမ်းဆက်လျှောက်ရင်း တွေးနေမိသည်။ နောက်တစ်ခါမစားရဆိုတော့ အဲဒီတစ်ခါပြီး နောက်တစ်ခါဆို စားခွင့်ရှိနိုင်သည်။ သို့မဟုတ် လမ်းဘေးမဟုတ်သော ခြံထဲမှ၊ စိုက်ခင်းထဲမှ ဗာဒံရွက်ဆို စားခွင့်ရှိနိုင်သည်။ သို့မဟုတ် ခူးမစားရဆိုတော့ ကောက်စား၍ရနိုင်သည်။ သို့မဟုတ်.........။ တွေးရင်း လမ်းဆက်လျှောက်နေမိသည်။
တစ်နေရာအရောက်မှာတော့ ကျွန်တော့်ခြေလှမ်းတို့ တုန့်ခနဲ။ လမ်းက နှစ်ခွဖြစ်နေသည်။ ကျွန်တော်သွားရမယ့်လမ်းက ဘယ်လမ်းလဲ။ သို့မဟုတ် ဘယ်လမ်းက ကျွန်တော့်ခြေလှမ်းတွေအတွက်လဲ။ တစ်ကြောင်းတည်းမှာ ကျွန်တော့်ခြေလှမ်းတွေသွက်ခဲ့သလောက် ရွေးချယ်မှုနှင့်ကြုံသည့်အခါ နှေးရုံတင်မဟုတ် တိခနဲပြတ်သွားတာ သိသိသာသာ။
ကျွန်တော် နှစ်လမ်းလုံးလျှောက်ခွင့်ရှိသလား။ ဘယ်သူကမှ လာဖြေမပေးကြတဲ့အဆုံး ကျွန်တော် နှစ်လမ်းလုံးလျှောက်ကြည့်သည်။ တစ်လှမ်း...။ နှစ်လှမ်း...။ သုံးလှမ်း...။ ရသားပဲ။ လမ်းတိုင်းဟာ ကျွန်တော့်ခြေလှမ်းတွေအတွက်ဆိုတာ သေချာသွားပြီ။ သို့မဟုတ် ကျွန်တော် နှစ်လမ်းလုံးသွားရမည်ဖြစ်ကြောင်း သေချာသွားပြီ။
ဆက်လျှောက်ရမလား။
ဆက်လျှောက်ရမလား။
ဆက်လျှောက်ရမလား။
ဒီတစ်ခါကျ တစ်မဲနှစ်မဲ။ ကျွန်တော် လမ်းဆက်လျှောက်သည်။ သီချင်းတစ်ပုဒ်ကိုညည်းရင်း။ လက်ဖျစ်တီး စည်းချက်လိုက်ရင်း ဖြည်းညင်းစွာ။ ပေါင်ရင်းက နာသလိုလိုရှိလာသည်။ သို့မဟုတ် နာလာသည်။ ဘာလဲ။ ကိုယ့်လမ်းကိုယ်လျှောက်နေတာ ဘာအမှားအယွင်းရှိလို့လဲ။ ဆက်.....လျှောက်။ နာသည်။ ကိုယ့်ကိုယ်ပိုင်ခြေလှမ်းတွေနဲ့ ကိုယ့်အတွက်သေချာနေတဲ့လမ်းပေါ်မှာ လျှောက်နေတာပဲမဟုတ်လား။ ဒီကြားထဲ ညာဘက်ခြေထောက်က အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသေးသည်။ ဆိုင်ကယ်နှစ်စီး ကားနှစ်စီးက ကျွန်တော့်ခြေထောက်ဘေးမှ ပွတ်ကာသီကာ။ ကျွန်တော် ဆက်လျှောက်မရတော့။ ဟာ....ဘာလဲကွာ။
ယာဉ်ထိန်းရဲတစ်ယောက် ထူးထူးခြားခြား ရောက်လာသည်။
"ဟေ့လူ ခင်ဗျား ဘာလုပ်နေတာလဲ"
"ကိုယ့်နာမည်နဲ့ကိုယ် နေစမ်းပါဗျာ။ လာမရှုပ်စမ်းပါနဲ့။ ဒီမှာ ခြေကုန်စိတ်ပန်းကျနေရတဲ့အထဲ"
"ခင်းဗျားနာမည်က ဘာလဲ"
"လမ်းလျှောက်ရူး လေ"
ယာဉ်ထိန်းရဲ လှည့်ပြန်သွားသည်။ တော်တော်ဝေးဝေးရောက်မှ ပြန်လှည့်လာသည်။
"လိုင်စင်ပြပါ"
ကျွန်တော့်မှာ လိုင်စင်ရှိသလား။ သို့မဟုတ် ရှိမရှိသိဖို့လိုသလား။ သို့မဟုတ် ယာဉ်ထိန်းရဲကိုပြဖို့လိုသလား။
"ခင်ဗျားက မော်ဒယ်ဘယ်လောက်လဲ။ စီအန်ဂျီလား ရိုးရိုးလား။ မီးခိုးတော့မထွက်ဘူးနော်"
"အိုကေ ဖြေရှင်းပေးပါ့မယ်။ ဒီမှာကြည့်"
ကျွန်တော် ခြေထောက်နှစ်ခုကို ပြန်စုပြလိုက်သည်။ ယာဉ်ထိန်းရဲ တော်တော်ကြာအောင် စဉ်းစားနေသည်။ ပြီးတော့ "ကျွန်တော်လည်း ယာဉ်ထိန်းရူးပဲလုပ်တော့မယ်ဗျာ"ဟုပြောပြီး ထွက်သွားတော့သည်။
ကျွန်တော် လမ်းဆက်လျှောက်ဦးမည်။
လောလောဆယ်တော့ လမ်းနှစ်ခုကြားကွက်လပ်တွင် ခြေလှမ်းတို့က တွေဝေနေကြသည်။ လမ်းတစ်ခုခုကိုရွေးရမည်။ သို့မဟုတ် ခြေလှမ်းတစ်ခုခုကိုရွေးရမည်။ ရွေးရမည်ဆိုသည့်အသိတစ်ခု ရလိုက်ခြင်းကိုပင် အမြတ်ဟုဆိုရမည်လား။ အဲဒါကအမြတ်ဆိုလျှင် အရှုံးကဘာလဲ။ ကျွန်တော်စီးပွားရေးလုပ်နေတာလား။ စီးပွားရေးမှာပဲ အရှုံးအမြတ်ရှိတာလား။
ခြေလှမ်းတို့ စပြီ။ သို့မဟုတ် ကျွန်တော် လမ်းလျှောက်နေသည်။
ကားတစ်စီး၏အရိပ်က ကျွန်တော့်ခြေလှမ်းတွေကို လေနဲ့ဟပ်သည်။ စောစောက ကျွန်တော့်ကို ကျော်တက်သွားတဲ့ကားလား။ ရှေ့တည့်တည့်ကဆိုတော့ မမှတ်မိ။ မဟုတ်ဘူးလို့ရော ဘယ်သူပြောနိုင်မှာလဲ။ မီးနီနီလေးနှစ်လုံးကိုမြင်ရလျှင် မှတ်မိနိုင်သည်။ ဒီတစ်ခါတော့ ကားသည် ကျွန်တော့်ကို ကျော်တက်မသွားပါ။ ဗိုက်ဆာလာသည်။ မနာလိုစိတ်အလျှင်းမပါဘဲ လမ်းနှစ်ခွကိုငေးမိသည်။
ယာဉ်ထိန်းရူးတစ်ယောက် ဟိုဘက်လမ်းကူးလိုက် ဒီဘက်လမ်းကူးလိုက်နှင့် လက်ကို စူပွစူပွလုပ်ပြနေသည်ကို မြင်ရသည်။ သူရော ဗိုက်ဆာနေပြီလား။ သို့မဟုတ် အိတ်ကပ်စမ်းနေပြီလား။ သို့မဟုတ် စဉ်းစားနေပြီလား။
ကျွန်တော်က ညာသန်တစ်ယောက်ဖြစ်ပါသည်။

သစ္စာမင်းအိမ်
၂၇၊ ၁၁၊ ၂၀၁၃
 

အချစ်

အချစ်


ပန်းကို ပန်းနဲ့ ပွင့်ယူထားတဲ့ ရနံ့
မီးကို မီးနဲ့ မွှေးယူထားတဲ့ အလင်း
စိတ်ကို စိတ်နဲ့ ညှိယူထားတဲ့ တေးသွား
အစိပ်ကို အစိပ်နဲ့
အကွက်ကို အကွက်နဲ့ ပွတ်ယူထားတဲ့ အရသာ
လူ့အဖြစ်မှာ ဒီအရာတစ်ခုတော့ သေချာသွားချင်တယ်။ ။

သစ္စာမင်းအိမ်
၎၊၁၂၊၂၀၁၃
 

သားဦး သစ္စာ မကွေး

သားဦး သစ္စာ မကွေး
 


သားဦး သစ္စာဟာ စနေနေ့ညကို ကဗျာချသိမ်းတယ်

လက်ဆောင်အနေနဲ့ အာကြီးပွဲကို ပြန်ပေးလိုက်တယ်

သားဦး သစ္စာဟာ ပညာရှိဆိုတော့ အရက်ကို မှုတ်သောက်တာပေါ့

နတ်မောက်လမ်းမှာ ဒိုးလုံးနဲ့ စိုးလွင်လွင်ကို သွားဖမ်းနေတုန်း

မြန်မာဆိုတဲ့နာမည်ကြီး သုံးလုံးပျောက်သွားလို့တဲ့

သူပဲ တရားလို သူပဲ တရားခံ မှုခင်းမှာ

သားဦး သစ္စာဟာ သံသရာကို တောက်တခေါက်ခေါက်

ခေတ်ပေါ် ခေတ်ပြိုင် မကွဲပြားတဲ့ ခြေလှမ်းတွေနဲ့

သားဦး သစ္စာဟာ အိမ်ပြန်ချိန်ကို အိုးနင်းခွက်နင်း

ကျွန်းမကြီးကို မျှော်တယ်

တမာနံ့တွေကို ဆီထွက်အောင်ကြိတ်တယ်

ရီဝေရီဝေ ဆွေးရိနေတဲ့ သန်းခေါင်ကျော်မို့

သားဦး သစ္စာဟာ

မကွေးလို့ပဲ ပဲ့တင်ထပ်လိုက်ပါတယ်။ ။
 
 
သစ္စာမင်းအိမ်

နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း (၂)

နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း (၂) 


လက်ဖျစ်တစ်ခတ်စာ ကျောချင်းကပ်မှာ
မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက
ကောင်းကင်ဆိုတာလည်း အရင်လိုမပြာတော့ပါဘူး
တစ်ယောက်နှုတ်ခမ်းပေါ်ကမီးကို
တစ်ယောက်လျှာနဲ့သတ်ငြိမ်းဖို့
လုံလောက်စွာ လွင့်စင်ခဲ့ကြပြီပဲ
စိတ်ကိုကွေးယူပြီး ပြုံးပြလိုက်တဲ့အကြည့်မှာ
နှစ်ယောက်တည်းကမ္ဘာဟာ ဆလင်ဒါဆန်ဆန်ကြေကွဲခြင်းတွေနဲ့
ခန်းလုံးပြည့် စိုရွှဲလို့
တစ်ယောက်ရေဒါမှာတစ်ယောက် ပြန်ဖမ်းမမိတော့သလိုမျိုး
မိုးလင်းပေါက်ဖွာထွက်ခဲ့ပေါ့ အနာတရတွေ
မျက်ရည်ယဉ်ကျေးမှုဆိုတာထက်
အလင်းသဲ့သဲ့လမ်းဆုံလို့ပဲ ခေါင်းငုံ့လိုက်ပါရစေ
လွဲချော်မှုကို မလွဲချော်ချင်တဲ့ စေတနာလေးသာ
ဒီဘ၀မှာ သေချာခဲ့ရင်
ဖေဖော်ဝါရီ ၁၄ ကိုပဲ တရားဝင်ရုံးပိတ်ပစ်ချင်တယ်
တစ်သက်စာရင်းနှီးထားတဲ့
ဆိုင်းမဆင့်ဗုံမဆင့် ဒဏ်ရာများအတွက်။ ။

သစ္စာမင်းအိမ်
၈၊ ၁၊ ၂၀၁၄
 

အပြည်ပြည်ဆိုင်ရာ သူရဲကောင်းနေ့

အပြည်ပြည်ဆိုင်ရာ သူရဲကောင်းနေ့
 

"အပြည်ပြည်ဆိုင်ရာ သူရဲကောင်းနေ့"

ကမ္ဘာမြေပေါ် ပွက်ပွက်ဆူညံသံ ထွေးထုတ်ခံရတဲ့ညနေ
အဆုံးစီရင်ခြင်းအမျိုးမျိုးမှာ
ဒီစိတ်အပန်းဖြေဟာ လူကြိုက်များတယ်
ဦးဦးဝီ ကိုကိုရမ် မောင်မောင်ဂျင် မမ၀ိုင်
လစ်မစ်တူရင် လူချင်းတွေ့ကြသတဲ့
ကိုယ့်ကျွမ်းလောင်ခြင်းကို သူများမီးနဲ့ညှိယူဖွာရှိုက်
ပေါလောပေါ်နေတဲ့ ရေခဲတုံးလိုဘ၀တွေ
ပြင်းလွန်းတဲ့မနက်ဖြန်ကို
ခွက်ထဲငှဲ့ပြီးလှုပ်ချလိုက်ရင်
အရောင်ပြောင်းသွားမလားမျှော်လင့်ချက်နဲ့
အသိခေါက်ခက်ကို အာလေးလျှာလေးရီဝေပစ်ကြ
ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးလွင့်ပစ်ကြ
တော်တော်မောသလားတစ်ခွက်ဆို
မျက်ရည်တောက်တောက်ကျအောင် မေ့တယ်
ရင်ထဲရှုပ်နေမှ ခေါင်းလည်းမကြည်မှာ
ဒီအဆိပ်ရဲ့ဖြေဆေးဟာအဆိပ်ပဲ
သူရဲကောင်းအဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြ
ဒီအမည်ဟာ ဒီကမ္ဘာပေါ်ကတစ်လက်မမှမရွေ့ဘူး
သည်းအူပြတ်ချစ်ခြင်းနဲ့
သစ္စာသွေးရဲခဲ့ပြီးနောက်
လုပ်စရာဟာ ဘာမှမကျန်တော့ဘူးဆိုပါတော့
ကိုယ်လည်း တစ်မိနစ်ငြိမ်သက်ထားလိုက်တယ်။ ။

သစ္စာမင်းအိမ်

ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်

ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်
 
မန်စီးတီး လီဗာပူးနဲ့ အာကြီးကို လွှတ်ချလိုက်တယ်
ခွမ်းခနဲကျကွဲသွားတာက တနင်္ဂနွေယောင်ဆောင်ထားတဲ့ စနေ
အလိမ်ပေါ်သွားတော့
နှီးချက်က ရေတောင်းတယ်
အသေမစောချင်တာကြောင့်ဖြစ်မယ်
ကုသိုလ်တွေ နာမည်မပေါက်သေးဘူးမဟုတ်လား
ငွေချေပြီးမှတော့ ဘာမှလုပ်မရတော့ဘူး
ဖုန်းဝယ်တယ်ဆိုတာ
အရက်သမားလိုင်စင်ဝယ်သလိုမှမဟုတ်တာ
ကဗျာဆရာတွေ ကျွမ်းကျင်တယ်
အနှစ်နှစ်အလလဖြည့်လာခဲ့တဲ့ အမာရွတ်တွေကြောင့်
တက်တူးထိုးစရာမလိုပါဘူး
အဆင်ပြေရင် အားလုံးဖိုက်တာပဲ
ဂျမ်ဘိုနဲ့ ဂေါ်ဇီလာအကြောင်း ပြောကိုမပြောတော့ဘူး
ဒေါ်မြလေးဟာ အိမ်ထောင်မကျခင်ထိ အပျိုသေချာတယ် ခေတ်အရ
အခု မိန်းမငယ်တွေ မျက်ရည်ခံထိုးကြသလိုပေါ့
တစ်ခါလာလည်း ဒီဇာတ် နောက်တစ်ခါလည်း ဒီဇာတ်
ကြေကွဲလို့ကို မဆုံးနိုင်ဘူး
ငါတို့ကိုယ်တိုင် လူကြမ်းဖြစ်နေတဲ့ စင်ပေါ်မှာ
အဆိုတော်တစ်ယောက်ဟာပြေးလွှား
စာပေဟောပြောပွဲတစ်ခုကို အရသာမခံတတ်သလိုမျိုး
ပြည်ပန်းညိုဟင်းတစ်ခွက် ဆားဖျက်သွားသလိုမျိုး
မုန်တိုင်းတွေ ဈေးနှုန်းကစားတယ်
ခရိုနီတစ်ယောက်ရဲ့အိပ်ယာမှာ
နာမည်တွေ လာလာပြောင်းတဲ့မိန်းကလေး ပျော်ပါစေ
ဆုတောင်းဟာ ဒိုးလုံးမဆိုခင်ကတည်းက လူကြိုက်များနေတာ
ဟိုဖေ့စ်ဘွတ်ကာ ဟိုဟာလုပ်တုန်းက
ငါတို့ ၀ိုင်းဆဲကြသလို
မန်ယူကို ဆက်အားပေးကြတာပေါ့
မန်စီးတီး လီဗာပူးနဲ့ အာဆင်နယ်ကို တီဗွီမှာထားခဲ့
ပြီးတဲ့နောက်ပိုင်း စနေကို ငါတို့စိတ်ကြိုက် စားလို့ရပြီ။ ။

သစ္စာမင်းအိမ်

ကမ်းခြေ


ကမ်းခြေ

 
လရောင်နဲ့တွေ့မှာစိုးလို့တဲ့
ပင်လယ်က တိတ်တိတ်လေး ပြန်သွားတယ်
လမုတန်းသွယ်အောင်ပြုံးလိုက်တဲ့အဖွေး
ညနေတစ်ချက်လှုပ်တိုင်း
လှိုင်းတွေပြေးတက်လာမှာလား
စောင့်နေတဲ့ကြယ်လေးမကြွေခင်
သာယာသံကိုနားနဲ့ဆယ်ထားလိုက်တယ်
တစ်လေပြည်လုံးမွှေးစေ။ ။

သစ္စာမင်းအိမ်
19/01/14

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်


လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းလေးထဲ
နှာခေါင်းမပိတ် အသက်မရှူဘဲ
သွေးလေမှန်နေတဲ့ ဖိနပ်စုတ်တစ်ရံ
တံဆိပ်က မြင်းကြယ်ဆိုလား
နဖူးပြောင်ပြောင်လူပိန်ကြီး ဆွဲဖြဲပြတဲ့ကြော်ငြာ မဂ္ဂဇင်းတွေမှာပါခဲ့ဖူး
ဘယ်အရူးကမှ လက်ကြားမလျှိုတဲ့နောက်
ဘယ်အရက်သမားကမှ ခါးကြားမထိုးတဲ့နောက်
ဘယ်ခြေထောက်ကမှ ဖိမနင်းတော့တဲ့နောက်
သူ့အင်ပါယာမှာ သူဟာ နေမ၀င်ဘုရင်ဖြစ်လာ
ဆေးလည်းမထိုးရ ဆေးလည်းမသောက်ရတော့
ပညတ်တော်ဆယ်ပါးလည်း သတိမထားရတော့
သံတိုင်တွေနောက်လည်းမရောက်တော့
သည်းကြိုးပြတ်ရွာ မွန်းတည့်အလွန်တွေလည်းမရှိတော့
အလှဆုံးသော လောကဓမ္မမှာ
တစ်ဖက်က ပက်လက်လှန်ပြီး ကောင်းကင်ကြီးကိုပြာလို့
တစ်ဖက်က ၀မ်းလျားထိုးပြီး နေ့ကိုညလုပ်စီးလို့
နောက်ကျောကိုထိုးမယ့်ဓားမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မြွေပွေးတစ်ကောင်ရဲ့ခံတွင်းထဲကအဆိပ်မဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မတရားသောစစ်ပွဲရဲ့အဖိုးတန်ကျည်ခွံမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
ခပ်တည်တည်ကြီး စုတ်ပြတ်သပ်နေ
လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းထဲမှာ
အဲဒီနေရာ
ဘယ်ကျဉ်စက်သမားမှ မလာကြဘူး။ ။

သစ္စာမင်းအိမ်
24/01/14
 

ဝံသပရိစ္စာဂပူရ

ဝံသပရိစ္စာဂပူရ

မြို့ဟာ သူ့ကိုယ်သူခြေတော်တင်ပြီး ကျုံးရေနဲ့ခြေဆေးနေတယ်

ကိုယ်လုံးပေါ်မှန်ထဲမှာ မြို့ဟာငိုနေပေမယ့်

အပြင်မှာတော့ မြို့ဟာ ကြယ်သီးတွေတစ်လုံးချင်းပြန်တပ်ရင်း

ငါးခူလိုပြုံးလိုက် ငါးရံ့လိုပြုံးလိုက် ငါးရှဥ့်လိုပြုံးလိုက်နဲ့

အဲဒီအပြုံးတွေကိုလည်း သူ့ကိုယ်သူချိတ်မှာတပ်ပြီး

သူကိုယ်တိုင် စိတ်အေးလက်အေးထိုင်မျှားထားတာ

မြို့ဟာ "မင်းကငယ်ချော ကြီးမှပေါလာတာ" လို့ သူ့ကိုပြောရင်

စွေ့စွေ့လို့ခုန်ပြီး အသားဖြူပြသတဲ့

တကယ်တော့မြို့ဟာ ခြေကျင်းတစ်ဖက်ပျောက်သွားလို့

ယဉ်ယဉ်လေးရူးနေရှာသူ အထက်တန်းစားတစ်ယောက်သာဖြစ်တယ်

မြို့ဟာ

နန်းတော်ကြီးတစ်ခုပိုင်တယ် နာရီစင်ကြီးတစ်ခုပိုင်တယ်

တောင်ကြီးကြီးတစ်လုံးပိုင်သလို မြစ်ကြီးကြီးတစ်စင်းလည်းပိုင်တယ်

အဲဒါတွေအပြင် သမိုင်းစာအုပ်ကောင်းကောင်းတစ်အုပ်ကိုလည်းပိုင်သေးတယ်

သူအမြဲပြောနေကျစကားက "ငါဘယ်မှာလဲ" တဲ့

မြို့ဟာ သူ့မီးတောက်ကိုယ်သူ ကြယ်တွေလိုလိုက်ကောက်တယ်

ရဲပေမယ့် ကျဲနေတဲ့သွေးနဲ့ သူ့နာမည်ကိုချရေးနေတုန်းက

မြို့ဟာ နာနာကျင်ကျင်အော်ဟစ်ရယ်မောလိုက်ပုံများ

ငါးတစ်ကောင်လွတ်သွားသလိုလို.....................

ဓားတစ်ထောင်ပွတ်သွားသလိုလို.....................

မြို့ဟာ ကျည်အအောက်ကြီးနဲ့ သူ့နားထင်သူထောက်ပြီး

လက်ဖြောင့်ပြခဲ့ပါတယ်။                ။


သစ္စာမင်းအိမ်
၆၊၁၀၊၂၀၁၃