Monday, February 10, 2014

ဆေးသားပျက်ညနေ

ဆေးသားပျက်ညနေ


ညနေခင်းတစ်ခုဖြစ်ပါသည်။
 ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုဖြစ်ပါသည်။ အဖေတစ်ယောက်က သားတစ်ယောက်ကို လမ်းညွှန်သြ၀ါဒပေးနေသည်။ အရက်ဆိုင်ထဲမှ အော်ကြီးဟစ်ကျယ်စကားသံများ။ ညဈေးထွက်ရန်ပြင်နေသည့်
သားသည်အမေတစ်ယောက်နှင့် ကြွေးတောင်းလာသောအမျိုးသမီးတစ်ဦး။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 ဆိုက်ကားသမားများ စုဝေးပြီးခရီးသည်စောင့်နေသောနေရာသို့ ကျောင်းဝတ်စုံခပ်နွမ်းနွမ်းနှင့်ကလေးတစ်ယောက်ရောက်လာသည်။ မိသားစုဟူသောဆိုက်ကားပေါ်တွင်ထိုင်နေသော၊ စစ်ဦးထုပ်အစုတ်တစ်လုံးဆောင်းထားသော နှုတ်ခမ်းမွေးကျိုးတိုးကျဲတဲလူတစ်ယောက်နှင့် ထိုကလေးငယ်တို့တွေ့ကြသောအခါ အောက်ပါအတိုင်း ပြောကြဆိုကြပါသည်။
"ငါ့သား ကျောင်းဆင်းပြီလားကွ"
"ဆိုက်ကားမသိမ်းသေးဘူးလားအဖေ။ သား ထမင်းကြမ်းစားချင်ပြီ"
"အေး ကြိုးစားကွာ ငါ့သား။ အဖေ့လိုမဖြစ်စေနဲ့။ ကြီးလာရင် ကိုယ်ပိုင်ဆိုက်ကားနင်းနိုင်အောင်လုပ်။ ကြားလား"
"ဆိုက်ကားနင်းရတာ အရမ်းပင်ပန်းမှာပဲနော်။ သားကတော့ ကြီးလာရင် မြင်းလှည်းပဲမောင်းမယ်အဖေ"
ထိုသို့သောနေရာကို ဆိုက်ကားဂိတ်ဟုသတ်မှတ်လေ့ရှိကြပြီး ထိုဆိုက်ကားဂိတ်၏အမည်မှာ ဆိုက်ကားဂိတ်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 လောကငယ်လေးတစ်ခု ရေချိန်ကိုက်နေသည်။ ၀က်စတူး၊ ကြက်ဂွေးတောက်၊ ငါးကင်တို့ဖြင့် ဖွယ်ဖွယ်ရာရာစကားဝိုင်းများမရှိပါ။ ပဲလှော်ခွံများသာ နေရာအနှံ့ပြန့်ကျဲနေသည်။ အလကားပေးသောနှမ်းဖတ်ချဉ်ခွက်မှာ လက်ညှိုးနှင့်ထိုးကလော်ထားသောဒဏ်များကြောင့် မြင်မကောင်းရှုမကောင်းအောင် အပျိုရည်ပျက်နေပြီဖြစ်သည်။ အောက်ပါအသံများ ကြားရပါလိမ့်မည်။
"မက်ဆီက ဒိုလေးလောက်မကောင်းဘူးကွာ"
"ဟေ့ကောင် မက်ဆီကပိုကောင်းတယ်ကွ။ မင်း ဘောလုံးအကြောင်း ဘယ်လောက်သိလို့တုန်း"
"သိတာပေါ့။ မန်ယူကွင်းက အိုးဖို့ထရက်။ ဂျာမဏီဂိုးသမားက အိုဗာလီခန်း။ ချဲလ်ဆီးက ဟိုကောင်ကစားတာဆို တအားကောင်းတာ"
"ဘယ်ကောင်တုန်း"
"မော်ရင်ဟို"
"အေး မင်းမဆိုးဘူး။ သိတော့သိသားပဲ"
အာရုံစူးစိုက်မှုကောင်းလျှင်တော့ ထိုစကားသံများကို သဲသဲကွဲကွဲကြားရပါလိမ့်မည်။ ထိုသို့သော စားပွဲဝိုင်းပုပုလေးများ ဆယ်လုံးခန့်ရှိပြီး စားပွဲဝိုင်းအားလုံး အော်ကြီးဟစ်ကျယ်မူးနေကြသောကြောင့်ဖြစ်သည်။ ထိုဆိုင်တွင် ဆိုင်းဘုတ်တင်မထားပါ။ ထို့ကြောင့် အရက်ဆိုင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ခပ်ချာချာအိမ်လေးတစ်လုံးသို့ ပိုက်ဆံအိတ်ချိုင်းကြားညှပ်ထားသော ၀၀ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ဦး သူများခင်းထားသောလမ်းကိုနင်းပြီး ရောက်လာသည်။ အိမ်လေးရှင်သခင်မက ငါးလသားအရွယ်ကလေးငယ်တစ်ယောက်ထည့်သိပ်ထားရာ ပုခက်ကို လက်နှစ်ဖက်ဖြင့် လေးငါးဆက်တိုက်လွှဲပြီး ပက်လက်တောင်းကြီးထဲ ဈေးပစ္စည်းများထိုးသိပ်ထည့်နေချိန်ဖြစ်သည်။ စောစောကအမျိုးသမီးကြီးကိုမြင်သောအခါ "ဟော ရောက်လာပြီကိုး အပူလားအအေးလား ပန်ကာဖွင့်လိုက်မယ်နော်"ဟု မပြောပါ။ အောက်ပါအတိုင်းသာပြောကြပါသည်။
"အော် ဘယ်ကလှည့်လာတာတုန်း"
"ဘယ်ကမှလှည့်မလာဘူး။ ညည်းဆီသက်သက်လာတာ။ ကဲ ငါ့အကြွေးပေး"
"မလည်သေးလို့ပါ အစ်မကြီးရယ်။ အဆင်ပြေတာနဲ့ ချက်ခြင်းပေးပါ့မယ်။ ဈေးကလည်း ရောင်းမကောင်းဘူး အစ်မကြီးရဲ့"
"အိုအေ။ ဒီလိုပဲပြောလာတာ ဘယ်လောက်ကြာပြီတုန်း။ အမြတ်လိုချင်လို့အတိုးပေးတာအေ့။ အရင်းပါဆုံးမယ့်အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး"
"ဟုတ်ပါတယ်အစ်မကြီးရယ်။ ကျွန်မ တကယ်မလည်သေးလို့ပါ။ မကြာတော့ပါဘူး။ ဆက်ဆက်လာဆပ်ပါ့မယ်နော်"
အိမ်ထရံကြားမှ လေပူများအလုအယက်တိုးဝင်လာကြသည်။ ပုခက်ထဲကကလေး နိုးလာမှာမစိုးရိမ်သည့် ဈေးတောင်းကြီးကတော့ အပြန်အလှန်စကားများကြားတွင် ပုံစံမပျက် ပက်လက်ကြီးပင်။ သားသည်အမေ၏အမည်မှာ ကြွေးခံဈေးသည်ဖြစ်ပြီး အမျိုးသမီးကြီး၏အမည်မှာ ကြွေးရှင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ကောင်းကင်တစ်ခိုတွင် လိုရာဆိုက်ငှက်တို့ပျံသန်းမနေပါ။ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက် ဟု သတ်သတ်မှတ်မှတ်ညွှန်းဆို၍မရအောင်ပင် မိုးတိမ်များက ဆေးသားပျက်၍နေကြသည်။ ကောင်းကင်ကိုငုံ့ကြည့်သူသာ ဤအခြင်းအရာကို မြင်ရပေလိမ့်မည်။
အဖေဖြစ်သူနှင့်သားလတ်တို့ အိမ်ပြန်ရောက်သောအချိန်တွင် ငါးလသားအရွယ်ကလေးငယ်နှင့် သားသည်အမေဖြစ်သူတို့ ညဈေးထွက်သွားလောက်ပြီ။ ကံကောင်းလျှင်တော့ မူးပြီးအိပ်ပျော်နေသော သားကြီးကို အိမ်လှေခါးတက်တွင် တွေ့ရနိုင်ပါသည်။ ထိုအချိန်သည် ညလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ယခုကတော့ ညနေခင်းတစ်ခုသာ ဖြစ်နေပါသေးသည်။ ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုပင်ဖြစ်ပါသည်။

သစ္စာမင်းအိမ်
၁၄၊၇၊၂၀၁၃

No comments:

Post a Comment