Monday, February 10, 2014

လက်ဖွဲ့ ကြိုး

လက်ဖွဲ့ ကြိုး
သတိထား ဘ၀က ခဏခဏ Log out ဖြစ်ဖြစ်သွားတတ်တယ်
အစရှိရင်တော့ ဆွဲထုတ်သူဆိုတာ ရှိလာနိုင်တာပဲ မမေ့လျော့နဲ့
စည်းနားကပ်လို့မရရင် စည်းပြင်ခေါ်ထုတ်ပေါ့သူငယ်ချင်းရယ်
ပူပူလေးနဲ့ကောင်းနေရအောင် ဒုက္ခက ဒဏ်ကြေဆေးမှမဟုတ်ဘဲ
ထက်ထက်နဲ့အောင်းနေရအောင် မင်းကလည်း မောင်းချဓားမှမဟုတ်ဘဲ
ထင်းခွေရေခပ်မကြုံတောင် ကားတိုးစီးရင်းလမ်းလျှောက်ရင်း ဆုံနိုင်သေးတယ်
သွေးသန့်ဆေးလေးသောက်ပြီး အမူးအမော်ပျောက်အောင်နေ
အ၀ိဇ္ဇာပစ္စယာသင်္ခါရာဆိုတာ ကြားဖူးတယ်မဟုတ်လား
ဥသြဆွဲသံချည်းပဲနားစွင့်မနေနဲ့ ရထားလာတာကိုလည်းကြည့်ရှောင်ဦး
ဒီခေတ်ထဲ အဂ္ဂိရတ်မထိုးဘဲ ထွက်ရပ်ပေါက်သူတွေများတယ်
အရင်ကပိုးသတ်ဆေးတွေဟာ အခုစိန်တွေလောက်မချိုတော့ဘူး
ကောင်းကျိုးကိုယ်၌တည်စေမင်းဆိုတာလည်း လမ်းညွှန်ဆိုင်းဘုတ်ပဲလေ
ငါသူတစ်ပါးယောက်ျားမိန်းမက အရဲကြိုးကုတ် ကြက်ရဲသုတ်သို့ဆိုရင်
မင်းက ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ပေါ့
ရှေ့ကိုထိုးထားတဲ့လက်ညှိုးကတစ်ချောင်းတည်း
လက်မကဘေးဆိုရင်တောင် ကျန်တဲ့သုံးချောင်းကမင်းဘက်မှာ
မင်းLoadingကို မင်းကိုယ်တိုင်ရောစိတ်ရှည်ရဲ့လာ
ပြန်ဖွင့်လိုက်တဲ့ Resumeခလုတ်မှာ သံလျက်တွေဟာအဖွေးသား
ခွက်ကပ်နဲ့မူးပြီး တစ်သံသရာလုံးပြန်ဖြေနေမယ့်အစား
ပခြုပ်ထဲမှာ ပြင်းအောင်နေ
Formula မှားရင် ဓာတ်ပြုပုံလည်းမှားမှာပဲ
သတိထား သူငယ်ချင်း
မင်းအခုခြေစုံရပ်နေတာ ရှစ်နာရီနဲ့မွန်းတည့်နေတဲ့ လောကကြီးထဲမှာ။ ။

သစ္စာမင်းအိမ်
၁၂၊၇၊၂၀၁၃
 

ဆေးသားပျက်ညနေ

ဆေးသားပျက်ညနေ


ညနေခင်းတစ်ခုဖြစ်ပါသည်။
 ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုဖြစ်ပါသည်။ အဖေတစ်ယောက်က သားတစ်ယောက်ကို လမ်းညွှန်သြ၀ါဒပေးနေသည်။ အရက်ဆိုင်ထဲမှ အော်ကြီးဟစ်ကျယ်စကားသံများ။ ညဈေးထွက်ရန်ပြင်နေသည့်
သားသည်အမေတစ်ယောက်နှင့် ကြွေးတောင်းလာသောအမျိုးသမီးတစ်ဦး။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 ဆိုက်ကားသမားများ စုဝေးပြီးခရီးသည်စောင့်နေသောနေရာသို့ ကျောင်းဝတ်စုံခပ်နွမ်းနွမ်းနှင့်ကလေးတစ်ယောက်ရောက်လာသည်။ မိသားစုဟူသောဆိုက်ကားပေါ်တွင်ထိုင်နေသော၊ စစ်ဦးထုပ်အစုတ်တစ်လုံးဆောင်းထားသော နှုတ်ခမ်းမွေးကျိုးတိုးကျဲတဲလူတစ်ယောက်နှင့် ထိုကလေးငယ်တို့တွေ့ကြသောအခါ အောက်ပါအတိုင်း ပြောကြဆိုကြပါသည်။
"ငါ့သား ကျောင်းဆင်းပြီလားကွ"
"ဆိုက်ကားမသိမ်းသေးဘူးလားအဖေ။ သား ထမင်းကြမ်းစားချင်ပြီ"
"အေး ကြိုးစားကွာ ငါ့သား။ အဖေ့လိုမဖြစ်စေနဲ့။ ကြီးလာရင် ကိုယ်ပိုင်ဆိုက်ကားနင်းနိုင်အောင်လုပ်။ ကြားလား"
"ဆိုက်ကားနင်းရတာ အရမ်းပင်ပန်းမှာပဲနော်။ သားကတော့ ကြီးလာရင် မြင်းလှည်းပဲမောင်းမယ်အဖေ"
ထိုသို့သောနေရာကို ဆိုက်ကားဂိတ်ဟုသတ်မှတ်လေ့ရှိကြပြီး ထိုဆိုက်ကားဂိတ်၏အမည်မှာ ဆိုက်ကားဂိတ်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။
 လောကငယ်လေးတစ်ခု ရေချိန်ကိုက်နေသည်။ ၀က်စတူး၊ ကြက်ဂွေးတောက်၊ ငါးကင်တို့ဖြင့် ဖွယ်ဖွယ်ရာရာစကားဝိုင်းများမရှိပါ။ ပဲလှော်ခွံများသာ နေရာအနှံ့ပြန့်ကျဲနေသည်။ အလကားပေးသောနှမ်းဖတ်ချဉ်ခွက်မှာ လက်ညှိုးနှင့်ထိုးကလော်ထားသောဒဏ်များကြောင့် မြင်မကောင်းရှုမကောင်းအောင် အပျိုရည်ပျက်နေပြီဖြစ်သည်။ အောက်ပါအသံများ ကြားရပါလိမ့်မည်။
"မက်ဆီက ဒိုလေးလောက်မကောင်းဘူးကွာ"
"ဟေ့ကောင် မက်ဆီကပိုကောင်းတယ်ကွ။ မင်း ဘောလုံးအကြောင်း ဘယ်လောက်သိလို့တုန်း"
"သိတာပေါ့။ မန်ယူကွင်းက အိုးဖို့ထရက်။ ဂျာမဏီဂိုးသမားက အိုဗာလီခန်း။ ချဲလ်ဆီးက ဟိုကောင်ကစားတာဆို တအားကောင်းတာ"
"ဘယ်ကောင်တုန်း"
"မော်ရင်ဟို"
"အေး မင်းမဆိုးဘူး။ သိတော့သိသားပဲ"
အာရုံစူးစိုက်မှုကောင်းလျှင်တော့ ထိုစကားသံများကို သဲသဲကွဲကွဲကြားရပါလိမ့်မည်။ ထိုသို့သော စားပွဲဝိုင်းပုပုလေးများ ဆယ်လုံးခန့်ရှိပြီး စားပွဲဝိုင်းအားလုံး အော်ကြီးဟစ်ကျယ်မူးနေကြသောကြောင့်ဖြစ်သည်။ ထိုဆိုင်တွင် ဆိုင်းဘုတ်တင်မထားပါ။ ထို့ကြောင့် အရက်ဆိုင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ခပ်ချာချာအိမ်လေးတစ်လုံးသို့ ပိုက်ဆံအိတ်ချိုင်းကြားညှပ်ထားသော ၀၀ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ဦး သူများခင်းထားသောလမ်းကိုနင်းပြီး ရောက်လာသည်။ အိမ်လေးရှင်သခင်မက ငါးလသားအရွယ်ကလေးငယ်တစ်ယောက်ထည့်သိပ်ထားရာ ပုခက်ကို လက်နှစ်ဖက်ဖြင့် လေးငါးဆက်တိုက်လွှဲပြီး ပက်လက်တောင်းကြီးထဲ ဈေးပစ္စည်းများထိုးသိပ်ထည့်နေချိန်ဖြစ်သည်။ စောစောကအမျိုးသမီးကြီးကိုမြင်သောအခါ "ဟော ရောက်လာပြီကိုး အပူလားအအေးလား ပန်ကာဖွင့်လိုက်မယ်နော်"ဟု မပြောပါ။ အောက်ပါအတိုင်းသာပြောကြပါသည်။
"အော် ဘယ်ကလှည့်လာတာတုန်း"
"ဘယ်ကမှလှည့်မလာဘူး။ ညည်းဆီသက်သက်လာတာ။ ကဲ ငါ့အကြွေးပေး"
"မလည်သေးလို့ပါ အစ်မကြီးရယ်။ အဆင်ပြေတာနဲ့ ချက်ခြင်းပေးပါ့မယ်။ ဈေးကလည်း ရောင်းမကောင်းဘူး အစ်မကြီးရဲ့"
"အိုအေ။ ဒီလိုပဲပြောလာတာ ဘယ်လောက်ကြာပြီတုန်း။ အမြတ်လိုချင်လို့အတိုးပေးတာအေ့။ အရင်းပါဆုံးမယ့်အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး"
"ဟုတ်ပါတယ်အစ်မကြီးရယ်။ ကျွန်မ တကယ်မလည်သေးလို့ပါ။ မကြာတော့ပါဘူး။ ဆက်ဆက်လာဆပ်ပါ့မယ်နော်"
အိမ်ထရံကြားမှ လေပူများအလုအယက်တိုးဝင်လာကြသည်။ ပုခက်ထဲကကလေး နိုးလာမှာမစိုးရိမ်သည့် ဈေးတောင်းကြီးကတော့ အပြန်အလှန်စကားများကြားတွင် ပုံစံမပျက် ပက်လက်ကြီးပင်။ သားသည်အမေ၏အမည်မှာ ကြွေးခံဈေးသည်ဖြစ်ပြီး အမျိုးသမီးကြီး၏အမည်မှာ ကြွေးရှင်ဖြစ်ပါသည်။
ညနေခင်းတစ်ခုဖြစ်ပါသည်။ ကောင်းကင်တစ်ခိုတွင် လိုရာဆိုက်ငှက်တို့ပျံသန်းမနေပါ။ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက် ဟု သတ်သတ်မှတ်မှတ်ညွှန်းဆို၍မရအောင်ပင် မိုးတိမ်များက ဆေးသားပျက်၍နေကြသည်။ ကောင်းကင်ကိုငုံ့ကြည့်သူသာ ဤအခြင်းအရာကို မြင်ရပေလိမ့်မည်။
အဖေဖြစ်သူနှင့်သားလတ်တို့ အိမ်ပြန်ရောက်သောအချိန်တွင် ငါးလသားအရွယ်ကလေးငယ်နှင့် သားသည်အမေဖြစ်သူတို့ ညဈေးထွက်သွားလောက်ပြီ။ ကံကောင်းလျှင်တော့ မူးပြီးအိပ်ပျော်နေသော သားကြီးကို အိမ်လှေခါးတက်တွင် တွေ့ရနိုင်ပါသည်။ ထိုအချိန်သည် ညလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ယခုကတော့ ညနေခင်းတစ်ခုသာ ဖြစ်နေပါသေးသည်။ ညနေခင်းတစ်ခုဆိုတာထက်လုံးဝမပိုသော အလွန်တိကျသေချာသည့် ညနေခင်းတစ်ခုပင်ဖြစ်ပါသည်။

သစ္စာမင်းအိမ်
၁၄၊၇၊၂၀၁၃

ယောက်ျားဝါဆိုကိုစားဖို့ သြဂုတ်ဆူဆူနဲ့ အချိန် ၇ရက်ပဲလိုတယ်

ယောက်ျားဝါဆိုကိုစားဖို့ သြဂုတ်ဆူဆူနဲ့ အချိန် ၇ရက်ပဲလိုတယ်
××××××××××××××××××××××××××××××××
 
ငါလိုက်ကောက်နေတဲ့အသံတွေ သြဂုတ်ထဲ ပေါလောမျောနေတယ်

အရေးဟယ်အခင်းဟယ်ဆို ဒီကောင်အငို မိုးမွှန်သတဲ့

ဒီလိုနဲ့ ဘယ်နှစ်မီးမှန်းမသိ ငါ့ကိုညှိခဲ့ကြ

ငါဟာစိုရွှဲလို့ ရဲနေအောင် တိုဝင်ပေးခဲ့ရပေါ့

နက္ခတ်တွေ စိန်စီသောည မဟုတ်ပါဘူး

တစ်သံသရာ တစ်ထွာတစ်မိုက်နှုန်းနဲ့ လိပ်ပြာကူးတဲ့လ

အပျော်ဆိုတာကလည်း တစ်စက်ချင်းသွင်းနေရတဲ့ နေမှုထိုင်မှုပုလင်းကြီးလို

မွန်းကြပ်နာကိုဆေးထိုးမှားတဲ့အခါ မနက်ဖြန်တွေဟာ တရွတ်တိုက်ဆွဲကုန်တယ်

သမိုင်းစာအုပ်တွေ့ရင်တောင် ကိုယ့်နာမည်ကိုယ် ကောက်မတပ်ဝံ့တော့ဘူး ယနေ့ရယ်

မတိုင်ခင်တစ်ပတ်အလိုပြက္ခဒိန်ထဲ ချက်ကြိုးဖြတ်လွဲခဲ့တဲ့မရဏဖွားဟ

တစ်ခါတလေမှသာယာသူ အများအားဖြင့်တိမ်ထူထပ်သူ

ကိုယ့်စိတ်ကိုယ်ဓားလုပ်မိုးထားလည်း ခဏပဲ

ရွှေထီးဆောင်းအိပ်မက်က ထိပ်ပုတ်ခေါင်းထိုးနဲ့

မင်မလိုက်တဲ့ဘောလ်ပင်ကိုင်ပြီး ဇာတာပေါ်အရုပ်တက်တက်ရေးတယ်

အော်ခေါ်ရင်ကြားနိုင်လောက်တဲ့အရပ်မှာ အခြေစိုက်ပါ ကောင်းကင်ဘုံ

ပျောက်သွားတဲ့အသံတွေရဲ့တုန်ခါမှုနဲ့

သြဂုတ်ကို နောက်ယောင်ခံလိုက်နေရတာ အရိုးနာတယ်

မှန်ခွဲမယ်ဆိုတာချည်းရောက်ရောက်သွားတတ်တဲ့ အရူးစကားပိုက်ပြီး

ငါ့ကို ၂၅နှစ်မြောက်၁ရက်မှာ လာမကြိုပါနဲ့ သြဂုတ်

ခလုတ်တိုက်မိတဲ့အတုံးတုံးအတစ်တစ်တွေဟာ လမ်းခင်းကျောက်တွေမဟုတ်တဲ့အကြောင်း

တရားဝင်ငြင်းချက်ထုတ်ချင်
သေးတယ်

မင်းကလည်း နောက်ဆက်တွဲအသံတွေကို ခုထိဖွက်ထားတုန်းမဟုတ်လား။

သစ္စာမင်းအိမ်
၂၇၊၇၊၂၀၁၃

လူ အို ကြီး


လူ အို ကြီး

ခါးကိုင်းတယ်၊ လမ်းလျှောက်တုတ်အပြင်ထွက်၊ ရိပ်သာ၊ စကားနည်းသလိုလို များလာ၊ ရင်ဘတ်ဖိ ချောင်းဆိုး၊ ဘယ်သူပိုင်၊ နားထိုင်းတယ်၊ ညရေးညတာ၊ သံသရာ၊ စိတ်ကိုဘယ်လိုရွှေ့၊ အပေါက်လောက၊ နုံး၊ တစိမ့်စိမ့်မီးတွေ၊ သတိသတိသတိသတိသတိသတိသတိသ.တိ သ..တိ သ...တိ သ....တိ သ.....တိ၊ သ တိ၊ လှုတ်ခတ်နေ၊ အစွဲ၊ သောင်ကမ်း၊ အော် ငှက်ကလေးတွေ၊ မေ့လျော့၊ ဒေသနာ၊ မျက်စေ့မှုန်တယ်၊ သံယောဇဉ်၊ အမောဖောက်၊ နိဗ္ဗာ နာဘိရတော မစ္စော သဗ္ဗဒုက္ခာ ပမုစ္စတိ၊ အနှစ်၊ ပူရာပူကြောင်း၊ လမ်းမှန်၊ ခွဲခွာခြင်း၊ အချွတ် အကျွတ်၊ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ င.ါ င..ါ င...ါ င....ါ င.....ါ၊ င၊ါ၊ ၊ ငါ၊ ဘယ်ဆီဘယ်ဝယ်၊ လွဲ၊ စည်းစိမ်၊ ဥုံ၊ တစ်မတ်၊ သား မြေး မြစ်၊ မျက်ရည်စီးကြောင်း၊ မရှိ၊ တုန်ချိ၊ အလင်းရောင်၊ ကုသိုလ်အဖြာဖြာ၊ ကယ်ပါ၊ ဆင်းရဲ၊ ဇော၊ သနားဖွယ် လူ အို ကြီး။ ။

သစ္စာမင်းအိမ်
၂၈၊၇၊၂၀၁၃
 

ဟီလာရီဒပ်ဖ်နဲ့ ကတ္တီပါပလီပလာရယ်စရာလမ်းခွဲ

တိတ်စမ်းဟီလာရီဒပ်ဖ် မင်းနှုတ်ခမ်းကိုတိတ်လိုက်စမ်း

ငါကြိုက်တာအဲလိုမခို့တရို့ပုံစံတွေပဲ ဘာလဲကွာ

ငါ့နှလုံးသားကိုများမလေးမစားနဲ့

သီချင်းလေးဆိုပြလိုက် သရုပ်လေးဆောင်ပြလိုက်နဲ့

ခေါင်းကိုပိတ်ထုလိုက်လို့ လှတပတလေးထပ်ပုသွားဦးမယ်

အဲဒီလင်ဆေးဆိုတဲ့ကောင်မက မူးယစ်ဆေးဝါးမ

အိမ်ထောင်ရေးအရှုပ်မရှင်းမ ဥပဒေစက်ကွင်းမ

သူနဲ့မပေါင်းရဘူးဟီလာရီဒပ်ဖ် ငါနဲ့ပဲပေါင်း

အေး ခက်တယ် မင်းကအကြားကိုငါ့ပါးစပ်မှာ ဘယ်တော့မှမထားဘူး

ငါပစ်တာမလိုချင်ရင်တော့ ဆွဲလိုက်ဟီလာရီဒပ်ဖ် တွေဝေမနေနဲ့

မင်းစိတ်ဓာတ်ကို အချိန်ဇယားလေးဆွဲလိုက်

မင်းပဲလင်းမြွေသီးအပြုံးစင်မှာ ငါ့အိပ်မက်တွေတစ်တောင့်ချင်းဆွဲလိုက်

ဟင်း ငါပြောလိုက်ရင် မင်းကကမယ်ဆိုတာချည်းပဲ

ဟီလာရီဒပ်ဖ် ငါမင်းကို တစ်ခါနှစ်ခါကျနားမလည်ဘူး

ပွတ်တွတ်ပွတ်တွတ်ပြောဖို့နဲ့ တိုင်မင်ကိုက်အော်ဟစ်ဖို့

မင်းဘယ်လောက်များ ကုသိုလ်ကံကောင်းခဲ့ရတာလဲ

ငါမေးနေတယ်လေ ဟီလာရီဒပ်ဖ်

တော်ပြီတော်ပြီ ဘာမှမပြောနဲ့တော့

ဘ၀မှာတစ်ခါမှမဆုံဖူးသူတွေအဖြစ်နဲ့ပဲ ငါမင်းကိုမေ့ပစ်လိုက်တော့မယ်

ငါ့အကြောင်းမင်းမသိဘူးမလား

အေးမှတ်ထားလိုက် ငါထိုင်နေကျဘုံဆိုင်လို

ငါ့နာမည်နဲ့ ဒီကနေ့နေ့စွဲနဲ့ အတိအကျမှတ်ထားလိုက်

ငါနှစ်ခါမပြောတတ်ဘူးဟီလာရီဒပ်ဖ်

မှတ်ထားလိုက်။ ။

သစ္စာမင်းအိမ်
၂၄၊၉၊၂၀၁၃
 

သူနှင့် သူ၏ခြေထောက်များ







အစိမ်းရောင်ကတ္တီပါဖိနပ်လေး သဲကြိုးပြတ်သွားတဲ့နေ့ကတည်းကစပြီး

သူနဲ့သူ့ခြေထောက်တွေဟာ ရန်သူစစ်စစ်တွေ ဖြစ်ခဲ့ကြတယ်

ဒီခြေထောက်တွေနဲ့ သူဘယ်ခရီးကိုမှ မလျှောက်ချင်တော့ဘူး

အလကားအရေးမပါတဲ့ခြေထောက်တွေ

တစ်နေ့နေ့ သူ့ကို တိတ်တဆိတ်လုပ်ကြံမယ့်ခြေထောက်တေ

သူ့လှုပ်ရှားမှုတိုင်းကို သဲလွန်စပေးမယ့်ခြေထောက်တွေ

သူသတိထားစောင့်ကြည့်တယ် သတိတရပစ်ထားတယ်

သွားစမ်း အကြမ်းပတမ်းခြေထောက်တွေ

သူမလုံခြုံဘူး သူအလိုမကျဘူး သူစိတ်ဖိစီးတယ်

သူမနက်စာစားတာ ခြေထောက်တွေသန်မာဖို့အတွက်များ ဖြစ်သွားမလား

သူရေသောက်တာ သူစာဖတ်တာ သူအိပ်တာ

ခြေထောက်တွေအတွက် ပြက္ခဒိန်အသစ်ချိတ်ပေးသလိုများ ဖြစ်နေမလား

ခြေထောက်တွေဟာ တစ်စထက်တစ်စ ရွံရှာဖို့ကောင်းလာတယ်

သွားစမ်း အပေအတေခြေထောက်တွေ

သူအမှတ်တရပစ်ထားလိုက်တယ် အမှတ်တမဲ့ချောင်းချောင်းကြည့်တယ

ခြေထောက်တွေကို ဒဏ်ခတ်ရမယ်

သူမောဟိုက်တယ် သူကောက်ကျစ်တယ် သူမငြိမ်းချမ်းဘူး

ဘယ်နည်းလမ်းသုံးရမလဲ တစ်ကိုယ်တည်းစဉ်းစားတယ်

မြေမျိုခိုင်းလိုက်ရမလား

သူခေါင်းယမ်းတယ် သူ့အကုသိုလ်တွေကမလုံလောက်သေးဘူး

ဓားနဲ့ခွဲပြီး ဆားနဲ့ပက်ခိုင်းလိုက်ရမလား

မဖြစ်ဘူး သူ့သားကလည်း တဆိတ်လိမ္မာလွန်းနေတယ်

သူတွေးတယ် အဲဒါကြောင့် ခြေထောက်တွေရှိတယ်

ခြေသည်းတွေရှည်ထွက်လာတော့ သူပိုဒေါသထွက်ရ

အလကား အောက်တန်းစားခြေထောက်တွေ

အဲဒီအစွဲနဲ့အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာ

ခြေထောက်တွေက သူ့ကို ဖိနပ်လုပ်စီးနေတာတွေ့ရ

သူ ဖျပ်ကနဲလန့်နိုးပစ်လိုက်တယ် ခြေထောက်တွေ

ခြေထောက်တွေကိုနှိပ်ကွပ်ဖို့နည်းလမ်း သူစဉ်းစားမိပြီ

သူ့လက်နှစ်ဖက်အကူအညီနဲ့ အားရပါးရ

သူ့သောက သူ့ဒုက္ခ သူ့မတည်ငြိမ်တော့တဲ့ဘ၀အတွက်

အငြိုးတကြီးနဲ့ စိတ်ပါလက်ပါ
ကလိထိုးပစ်လိုက်တယ် မရပ်မနား

သူ ဘယ်ဘ၀အထိ တဟားဟား အော်ရယ်နေမိမှန်း မသိတော့ဘူး။ ။

သစ္စာမင်းအိမ်

ဒါကြောင့် ဒေးကားစ်ကို ငါငြင်းတယ်



ကြက်သီးမွေးညင်းထတာကစလို့

သက်ပြင်းတစ်ချက်ခိုးချမိတဲ့အထိ

မြို့ဆိုင်းဘုတ်ဟာ မေးခွန်းနိမိတ်တွေနဲ့

ငါ့ကို အလှဆုံးပြုံးပြနေတယ်

အကြည့်တွေကိုလွှဲပစ်ဖို့ပါပဲ

ဒါပေမယ့် မျက်လုံးတွေကိုပဲ ဇွတ်မှိတ်ချလိုက်ရတယ်

ငါတွေးတယ် အဖြေမရှိဘူး

ငါမတွေးဘူး ဒါကြောင့် မန္တလေးရှိတယ်။ ။

သစ္စာမင်းအိမ်
၅၊၁၀၊၂၀၁၃