Monday, February 10, 2014

ဝံသပရိစ္စာဂပူရ

ဝံသပရိစ္စာဂပူရ

မြို့ဟာ သူ့ကိုယ်သူခြေတော်တင်ပြီး ကျုံးရေနဲ့ခြေဆေးနေတယ်

ကိုယ်လုံးပေါ်မှန်ထဲမှာ မြို့ဟာငိုနေပေမယ့်

အပြင်မှာတော့ မြို့ဟာ ကြယ်သီးတွေတစ်လုံးချင်းပြန်တပ်ရင်း

ငါးခူလိုပြုံးလိုက် ငါးရံ့လိုပြုံးလိုက် ငါးရှဥ့်လိုပြုံးလိုက်နဲ့

အဲဒီအပြုံးတွေကိုလည်း သူ့ကိုယ်သူချိတ်မှာတပ်ပြီး

သူကိုယ်တိုင် စိတ်အေးလက်အေးထိုင်မျှားထားတာ

မြို့ဟာ "မင်းကငယ်ချော ကြီးမှပေါလာတာ" လို့ သူ့ကိုပြောရင်

စွေ့စွေ့လို့ခုန်ပြီး အသားဖြူပြသတဲ့

တကယ်တော့မြို့ဟာ ခြေကျင်းတစ်ဖက်ပျောက်သွားလို့

ယဉ်ယဉ်လေးရူးနေရှာသူ အထက်တန်းစားတစ်ယောက်သာဖြစ်တယ်

မြို့ဟာ

နန်းတော်ကြီးတစ်ခုပိုင်တယ် နာရီစင်ကြီးတစ်ခုပိုင်တယ်

တောင်ကြီးကြီးတစ်လုံးပိုင်သလို မြစ်ကြီးကြီးတစ်စင်းလည်းပိုင်တယ်

အဲဒါတွေအပြင် သမိုင်းစာအုပ်ကောင်းကောင်းတစ်အုပ်ကိုလည်းပိုင်သေးတယ်

သူအမြဲပြောနေကျစကားက "ငါဘယ်မှာလဲ" တဲ့

မြို့ဟာ သူ့မီးတောက်ကိုယ်သူ ကြယ်တွေလိုလိုက်ကောက်တယ်

ရဲပေမယ့် ကျဲနေတဲ့သွေးနဲ့ သူ့နာမည်ကိုချရေးနေတုန်းက

မြို့ဟာ နာနာကျင်ကျင်အော်ဟစ်ရယ်မောလိုက်ပုံများ

ငါးတစ်ကောင်လွတ်သွားသလိုလို.....................

ဓားတစ်ထောင်ပွတ်သွားသလိုလို.....................

မြို့ဟာ ကျည်အအောက်ကြီးနဲ့ သူ့နားထင်သူထောက်ပြီး

လက်ဖြောင့်ပြခဲ့ပါတယ်။                ။


သစ္စာမင်းအိမ်
၆၊၁၀၊၂၀၁၃

 

No comments:

Post a Comment