Monday, February 10, 2014

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်


လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းလေးထဲ
နှာခေါင်းမပိတ် အသက်မရှူဘဲ
သွေးလေမှန်နေတဲ့ ဖိနပ်စုတ်တစ်ရံ
တံဆိပ်က မြင်းကြယ်ဆိုလား
နဖူးပြောင်ပြောင်လူပိန်ကြီး ဆွဲဖြဲပြတဲ့ကြော်ငြာ မဂ္ဂဇင်းတွေမှာပါခဲ့ဖူး
ဘယ်အရူးကမှ လက်ကြားမလျှိုတဲ့နောက်
ဘယ်အရက်သမားကမှ ခါးကြားမထိုးတဲ့နောက်
ဘယ်ခြေထောက်ကမှ ဖိမနင်းတော့တဲ့နောက်
သူ့အင်ပါယာမှာ သူဟာ နေမ၀င်ဘုရင်ဖြစ်လာ
ဆေးလည်းမထိုးရ ဆေးလည်းမသောက်ရတော့
ပညတ်တော်ဆယ်ပါးလည်း သတိမထားရတော့
သံတိုင်တွေနောက်လည်းမရောက်တော့
သည်းကြိုးပြတ်ရွာ မွန်းတည့်အလွန်တွေလည်းမရှိတော့
အလှဆုံးသော လောကဓမ္မမှာ
တစ်ဖက်က ပက်လက်လှန်ပြီး ကောင်းကင်ကြီးကိုပြာလို့
တစ်ဖက်က ၀မ်းလျားထိုးပြီး နေ့ကိုညလုပ်စီးလို့
နောက်ကျောကိုထိုးမယ့်ဓားမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မြွေပွေးတစ်ကောင်ရဲ့ခံတွင်းထဲကအဆိပ်မဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မတရားသောစစ်ပွဲရဲ့အဖိုးတန်ကျည်ခွံမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
ခပ်တည်တည်ကြီး စုတ်ပြတ်သပ်နေ
လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းထဲမှာ
အဲဒီနေရာ
ဘယ်ကျဉ်စက်သမားမှ မလာကြဘူး။ ။

သစ္စာမင်းအိမ်
24/01/14
 

No comments:

Post a Comment