ညာသန်တစ်ယောက်ရဲ့ လမ်းလျှောက်ပွဲတော်
ကျွန်တော် လမ်းလျှောက်နေသည်။
ကျန်းမာရေးအတွက်
လမ်းလျှောက်နေခြင်းလား။ ခရီးတစ်ခုအတွက် ခြေလှမ်းရွေ့နေခြင်းလား။
နှစ်ခုစလုံးမှန်နိုင်သလို နှစ်ခုစလုံးလည်းမှားနိုင်သည်။ ကျွန်တော့်အသိတွင်
ခေါင်းစဉ်မရှိ။ အကြောင်းအရာမရှိ။
ရှေ့တည့်တည့်မှ
ဆိုင်ကယ်တစ်စီးမီးဖွင့်ပြီးမောင်းလာသည်။ ကျွန်တော် အလိုအလျောက်
လက်ကိုစူပွစူပွလုပ်ပြလိုက်တော့ ဆိုင်ကယ်မောင်းသမားက
ကျွန်တော့်ကိုဆဲသွားသည်။ "ညမို့လို့ မီးဖွင့်ပြီးစီးတာ...ဖြစ်လား"တဲ့။ ဒါ
ညလား။ ဘယ်သူ့ညလဲ။ လူချမ်းသာတစ်ယောက်၏ ညဆိုသောအချိန်သည်
လူဆင်းရဲမိန်းမငယ်တစ်ယောက်၏ မနက်ခင်းတစ်ခုဖြစ်နေနိုင်သည်။
မဂ္ဂဇင်းအယ်ဒီတာတစ်ယောက်၏ နေ့လည်ခင်းတစ်ခုလည်းဖြစ်နိုင်သလို
အခြားများစွာလည်းဖြစ်နိုင်ပါသေးသည်။
လမ်းလျှောက်ရင်း
ဗိုက်ဆာလာသည်။ အိတ်ကပ်ကိုစမ်းရမှာ အားနာနေမိသဖြင့် မစမ်းဖြစ်။
ဆာလောင်မှုနှင့် အိတ်ကပ် သိပ်တော့မပတ်သတ်လှပါ။ သို့သော် မစမ်းဖြစ်သေး။
စွန့်စားလိုက်ရမလား။
စွန့်စားလိုက်ရမလား။
စွန့်စားလိုက်ရမလား။
အဖြေတစ်ခုက နှစ်မဲတစ်မဲဖြင့်နိုင်သွားသည်။ တော်သေးတာပေါ့။
ကြားနေမဲမပါသဖြင့်သာ ရလာဒ်ကပြတ်သားသွားခြင်းဖြစ်သည်။ ကျွန်တော်
စိတ်လှုပ်ရှားစွာ လက်ကို တဖြည်းဖြည်းမြှောက်ယူကြည့်သည်။ ရင်ဘတ်ဆီရောက်မှ
သက်ပြင်းချနိုင်တော့သည်။ ကျွန်တော့်အင်္ကျီတွင် အိတ်ကပ်မပါ။ သို့မဟုတ်
ကျွန်တော်စမ်းမိတာ ၀ဲဘက်မဟုတ်။ သို့မဟုတ် ကျွန်တော့်လက်က အိတ်ကပ်ကိုမသိ။
သေချာတာတစ်ခုကတော့ တွန့်ခနဲယားသွားခြင်းပင်ဖြစ်သည်။ လက်ကိုပြန်ချလိုက်သည်။
ကျွန်တော့်ကိုကျော်တက်သွားသော ကားတစ်စီးကို မနာလိုစိတ်အလျှင်းမပါဘဲ
လိုက်ကြည့်နေမိသည်။ ငါလိုကောင်လမ်းလျှောက်နေတာ ကျော်တက်သွားရတယ်လို့
ရိုင်းလိုက်တဲ့ကားနှယ် ဟုလည်း မတွေးမိပါ။ မီးနီနီလေးနှစ်လုံးပျောက်သွားတော့
ကျွန်တော် ဗိုက်ဆာလာပြန်သည်။
လုပ်လိုက်ရမလား။
လုပ်လိုက်ရမလား။
လုပ်လိုက်ရမလား။
ဒီတစ်ခါလည်း အဖြေကနှစ်မဲတစ်မဲ။ ကျွန်တော် အမြန်လှုပ်ရှားသည်။
ဘယ်သူမှရိပ်မိလို့မဖြစ်။ စိမ်းရွှေရွှေအရသာတစ်မျိုးက လျှာကိုကလိထိုးသွားသည်။
လျှာမှာ တဟီးဟီးတဟားဟားဖြင့် ထွန့်ထွန့်လူးနေတော့သည်။
ထိုသတင်းဦးနှောက်ဆီရောက်တော့ ဦးနှောက်က ကြေညာချက်တစ်စောင်
ချက်ခြင်းထုတ်ပြန်သည်။ နောက်တစ်ခါ လမ်းဘေးဗာဒံရွက် ခူးမစားရ တဲ့။
လမ်းဆက်လျှောက်ရင်း တွေးနေမိသည်။ နောက်တစ်ခါမစားရဆိုတော့ အဲဒီတစ်ခါပြီး
နောက်တစ်ခါဆို စားခွင့်ရှိနိုင်သည်။ သို့မဟုတ် လမ်းဘေးမဟုတ်သော ခြံထဲမှ၊
စိုက်ခင်းထဲမှ ဗာဒံရွက်ဆို စားခွင့်ရှိနိုင်သည်။ သို့မဟုတ် ခူးမစားရဆိုတော့
ကောက်စား၍ရနိုင်သည်။ သို့မဟုတ်.........။ တွေးရင်း လမ်းဆက်လျှောက်နေမိသည်။
တစ်နေရာအရောက်မှာတော့ ကျွန်တော့်ခြေလှမ်းတို့ တုန့်ခနဲ။ လမ်းက
နှစ်ခွဖြစ်နေသည်။ ကျွန်တော်သွားရမယ့်လမ်းက ဘယ်လမ်းလဲ။ သို့မဟုတ် ဘယ်လမ်းက
ကျွန်တော့်ခြေလှမ်းတွေအတွက်လဲ။ တစ်ကြောင်းတည်းမှာ
ကျွန်တော့်ခြေလှမ်းတွေသွက်ခဲ့သလောက် ရွေးချယ်မှုနှင့်ကြုံသည့်အခါ
နှေးရုံတင်မဟုတ် တိခနဲပြတ်သွားတာ သိသိသာသာ။
ကျွန်တော်
နှစ်လမ်းလုံးလျှောက်ခွင့်ရှိသလား။ ဘယ်သူကမှ လာဖြေမပေးကြတဲ့အဆုံး ကျွန်တော်
နှစ်လမ်းလုံးလျှောက်ကြည့်သည်။ တစ်လှမ်း...။ နှစ်လှမ်း...။ သုံးလှမ်း...။
ရသားပဲ။ လမ်းတိုင်းဟာ ကျွန်တော့်ခြေလှမ်းတွေအတွက်ဆိုတာ သေချာသွားပြီ။
သို့မဟုတ် ကျွန်တော် နှစ်လမ်းလုံးသွားရမည်ဖြစ်ကြောင်း သေချာသွားပြီ။
ဆက်လျှောက်ရမလား။
ဆက်လျှောက်ရမလား။
ဆက်လျှောက်ရမလား။
ဒီတစ်ခါကျ တစ်မဲနှစ်မဲ။ ကျွန်တော် လမ်းဆက်လျှောက်သည်။
သီချင်းတစ်ပုဒ်ကိုညည်းရင်း။ လက်ဖျစ်တီး စည်းချက်လိုက်ရင်း ဖြည်းညင်းစွာ။
ပေါင်ရင်းက နာသလိုလိုရှိလာသည်။ သို့မဟုတ် နာလာသည်။ ဘာလဲ။
ကိုယ့်လမ်းကိုယ်လျှောက်နေတာ ဘာအမှားအယွင်းရှိလို့လဲ။ ဆက်.....လျှောက်။
နာသည်။ ကိုယ့်ကိုယ်ပိုင်ခြေလှမ်းတွေနဲ့ ကိုယ့်အတွက်သေချာနေတဲ့လမ်းပေါ်မှာ
လျှောက်နေတာပဲမဟုတ်လား။ ဒီကြားထဲ ညာဘက်ခြေထောက်က အသက်အန္တရာယ်နှင့်
ရင်ဆိုင်လိုက်ရသေးသည်။ ဆိုင်ကယ်နှစ်စီး ကားနှစ်စီးက
ကျွန်တော့်ခြေထောက်ဘေးမှ ပွတ်ကာသီကာ။ ကျွန်တော် ဆက်လျှောက်မရတော့။
ဟာ....ဘာလဲကွာ။
ယာဉ်ထိန်းရဲတစ်ယောက် ထူးထူးခြားခြား ရောက်လာသည်။
"ဟေ့လူ ခင်ဗျား ဘာလုပ်နေတာလဲ"
"ကိုယ့်နာမည်နဲ့ကိုယ် နေစမ်းပါဗျာ။ လာမရှုပ်စမ်းပါနဲ့။ ဒီမှာ ခြေကုန်စိတ်ပန်းကျနေရတဲ့အထဲ"
"ခင်းဗျားနာမည်က ဘာလဲ"
"လမ်းလျှောက်ရူး လေ"
ယာဉ်ထိန်းရဲ လှည့်ပြန်သွားသည်။ တော်တော်ဝေးဝေးရောက်မှ ပြန်လှည့်လာသည်။
"လိုင်စင်ပြပါ"
ကျွန်တော့်မှာ လိုင်စင်ရှိသလား။ သို့မဟုတ် ရှိမရှိသိဖို့လိုသလား။ သို့မဟုတ် ယာဉ်ထိန်းရဲကိုပြဖို့လိုသလား။
"ခင်ဗျားက မော်ဒယ်ဘယ်လောက်လဲ။ စီအန်ဂျီလား ရိုးရိုးလား။ မီးခိုးတော့မထွက်ဘူးနော်"
"အိုကေ ဖြေရှင်းပေးပါ့မယ်။ ဒီမှာကြည့်"
ကျွန်တော် ခြေထောက်နှစ်ခုကို ပြန်စုပြလိုက်သည်။ ယာဉ်ထိန်းရဲ
တော်တော်ကြာအောင် စဉ်းစားနေသည်။ ပြီးတော့ "ကျွန်တော်လည်း
ယာဉ်ထိန်းရူးပဲလုပ်တော့မယ်ဗျာ"ဟုပြောပြီး ထွက်သွားတော့သည်။
ကျွန်တော် လမ်းဆက်လျှောက်ဦးမည်။
လောလောဆယ်တော့ လမ်းနှစ်ခုကြားကွက်လပ်တွင် ခြေလှမ်းတို့က
တွေဝေနေကြသည်။ လမ်းတစ်ခုခုကိုရွေးရမည်။ သို့မဟုတ်
ခြေလှမ်းတစ်ခုခုကိုရွေးရမည်။ ရွေးရမည်ဆိုသည့်အသိတစ်ခု ရလိုက်ခြင်းကိုပင်
အမြတ်ဟုဆိုရမည်လား။ အဲဒါကအမြတ်ဆိုလျှင် အရှုံးကဘာလဲ။
ကျွန်တော်စီးပွားရေးလုပ်နေတာလား။ စီးပွားရေးမှာပဲ အရှုံးအမြတ်ရှိတာလား။
ခြေလှမ်းတို့ စပြီ။ သို့မဟုတ် ကျွန်တော် လမ်းလျှောက်နေသည်။
ကားတစ်စီး၏အရိပ်က ကျွန်တော့်ခြေလှမ်းတွေကို လေနဲ့ဟပ်သည်။ စောစောက
ကျွန်တော့်ကို ကျော်တက်သွားတဲ့ကားလား။ ရှေ့တည့်တည့်ကဆိုတော့ မမှတ်မိ။
မဟုတ်ဘူးလို့ရော ဘယ်သူပြောနိုင်မှာလဲ။ မီးနီနီလေးနှစ်လုံးကိုမြင်ရလျှင်
မှတ်မိနိုင်သည်။ ဒီတစ်ခါတော့ ကားသည် ကျွန်တော့်ကို ကျော်တက်မသွားပါ။
ဗိုက်ဆာလာသည်။ မနာလိုစိတ်အလျှင်းမပါဘဲ လမ်းနှစ်ခွကိုငေးမိသည်။
ယာဉ်ထိန်းရူးတစ်ယောက် ဟိုဘက်လမ်းကူးလိုက် ဒီဘက်လမ်းကူးလိုက်နှင့် လက်ကို
စူပွစူပွလုပ်ပြနေသည်ကို မြင်ရသည်။ သူရော ဗိုက်ဆာနေပြီလား။ သို့မဟုတ်
အိတ်ကပ်စမ်းနေပြီလား။ သို့မဟုတ် စဉ်းစားနေပြီလား။
ကျွန်တော်က ညာသန်တစ်ယောက်ဖြစ်ပါသည်။
သစ္စာမင်းအိမ်
၂၇၊ ၁၁၊ ၂၀၁၃
Monday, February 10, 2014
အချစ်
အချစ်
ပန်းကို ပန်းနဲ့ ပွင့်ယူထားတဲ့ ရနံ့ မီးကို မီးနဲ့ မွှေးယူထားတဲ့ အလင်း စိတ်ကို စိတ်နဲ့ ညှိယူထားတဲ့ တေးသွား အစိပ်ကို အစိပ်နဲ့ အကွက်ကို အကွက်နဲ့ ပွတ်ယူထားတဲ့ အရသာ လူ့အဖြစ်မှာ ဒီအရာတစ်ခုတော့ သေချာသွားချင်တယ်။ ။ သစ္စာမင်းအိမ် ၄၊၁၂၊၂၀၁၃ |
သားဦး သစ္စာ မကွေး
သားဦး သစ္စာ မကွေး
သားဦး သစ္စာဟာ စနေနေ့ညကို ကဗျာချသိမ်းတယ် လက်ဆောင်အနေနဲ့ အာကြီးပွဲကို ပြန်ပေးလိုက်တယ် သားဦး သစ္စာဟာ ပညာရှိဆိုတော့ အရက်ကို မှုတ်သောက်တာပေါ့ နတ်မောက်လမ်းမှာ ဒိုးလုံးနဲ့ စိုးလွင်လွင်ကို သွားဖမ်းနေတုန်း မြန်မာဆိုတဲ့နာမည်ကြီး သုံးလုံးပျောက်သွားလို့တဲ့ သူပဲ တရားလို သူပဲ တရားခံ မှုခင်းမှာ သားဦး သစ္စာဟာ သံသရာကို တောက်တခေါက်ခေါက် ခေတ်ပေါ် ခေတ်ပြိုင် မကွဲပြားတဲ့ ခြေလှမ်းတွေနဲ့ သားဦး သစ္စာဟာ အိမ်ပြန်ချိန်ကို အိုးနင်းခွက်နင်း ကျွန်းမကြီးကို မျှော်တယ် တမာနံ့တွေကို ဆီထွက်အောင်ကြိတ်တယ် ရီဝေရီဝေ ဆွေးရိနေတဲ့ သန်းခေါင်ကျော်မို့ သားဦး သစ္စာဟာ မကွေးလို့ပဲ ပဲ့တင်ထပ်လိုက်ပါတယ်။ ။ |
နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း (၂)
နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း (၂)
လက်ဖျစ်တစ်ခတ်စာ ကျောချင်းကပ်မှာ မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက ကောင်းကင်ဆိုတာလည်း အရင်လိုမပြာတော့ပါဘူး တစ်ယောက်နှုတ်ခမ်းပေါ်ကမီးကို တစ်ယောက်လျှာနဲ့သတ်ငြိမ်းဖို့ လုံလောက်စွာ လွင့်စင်ခဲ့ကြပြီပဲ စိတ်ကိုကွေးယူပြီး ပြုံးပြလိုက်တဲ့အကြည့်မှာ နှစ်ယောက်တည်းကမ္ဘာဟာ ဆလင်ဒါဆန်ဆန်ကြေကွဲခြင်းတွေနဲ့ ခန်းလုံးပြည့် စိုရွှဲလို့ တစ်ယောက်ရေဒါမှာတစ်ယောက် ပြန်ဖမ်းမမိတော့သလိုမျိုး မိုးလင်းပေါက်ဖွာထွက်ခဲ့ပေါ့ အနာတရတွေ မျက်ရည်ယဉ်ကျေးမှုဆိုတာထက် အလင်းသဲ့သဲ့လမ်းဆုံလို့ပဲ ခေါင်းငုံ့လိုက်ပါရစေ လွဲချော်မှုကို မလွဲချော်ချင်တဲ့ စေတနာလေးသာ ဒီဘ၀မှာ သေချာခဲ့ရင် ဖေဖော်ဝါရီ ၁၄ ကိုပဲ တရားဝင်ရုံးပိတ်ပစ်ချင်တယ် တစ်သက်စာရင်းနှီးထားတဲ့ ဆိုင်းမဆင့်ဗုံမဆင့် ဒဏ်ရာများအတွက်။ ။ သစ္စာမင်းအိမ် ၈၊ ၁၊ ၂၀၁၄ |
အပြည်ပြည်ဆိုင်ရာ သူရဲကောင်းနေ့
အပြည်ပြည်ဆိုင်ရာ သူရဲကောင်းနေ့
ကမ္ဘာမြေပေါ် ပွက်ပွက်ဆူညံသံ ထွေးထုတ်ခံရတဲ့ညနေ အဆုံးစီရင်ခြင်းအမျိုးမျိုးမှာ ဒီစိတ်အပန်းဖြေဟာ လူကြိုက်များတယ် ဦးဦးဝီ ကိုကိုရမ် မောင်မောင်ဂျင် မမ၀ိုင် လစ်မစ်တူရင် လူချင်းတွေ့ကြသတဲ့ ကိုယ့်ကျွမ်းလောင်ခြင်းကို သူများမီးနဲ့ညှိယူဖွာရှိုက် ပေါလောပေါ်နေတဲ့ ရေခဲတုံးလိုဘ၀တွေ ပြင်းလွန်းတဲ့မနက်ဖြန်ကို ခွက်ထဲငှဲ့ပြီးလှုပ်ချလိုက်ရင် အရောင်ပြောင်းသွားမလားမျှော်လင် အသိခေါက်ခက်ကို အာလေးလျှာလေးရီဝေပစ်ကြ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးလွင့်ပစ်ကြ တော်တော်မောသလားတစ်ခွက်ဆို မျက်ရည်တောက်တောက်ကျအောင် မေ့တယ် ရင်ထဲရှုပ်နေမှ ခေါင်းလည်းမကြည်မှာ ဒီအဆိပ်ရဲ့ဖြေဆေးဟာအဆိပ်ပဲ သူရဲကောင်းအဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြ ဒီအမည်ဟာ ဒီကမ္ဘာပေါ်ကတစ်လက်မမှမရွေ့ဘူး သည်းအူပြတ်ချစ်ခြင်းနဲ့ သစ္စာသွေးရဲခဲ့ပြီးနောက် လုပ်စရာဟာ ဘာမှမကျန်တော့ဘူးဆိုပါတော့ ကိုယ်လည်း တစ်မိနစ်ငြိမ်သက်ထားလိုက်တယ်။ ။ သစ္စာမင်းအိမ် |
ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်
ဘယ်သူဘာပြောပြော ဒီစနေနေ့ညကို ငါစားတယ်
မန်စီးတီး လီဗာပူးနဲ့ အာကြီးကို လွှတ်ချလိုက်တယ်
ခွမ်းခနဲကျကွဲသွားတာက တနင်္ဂနွေယောင်ဆောင်ထားတဲ့ စနေ
အလိမ်ပေါ်သွားတော့
နှီးချက်က ရေတောင်းတယ်
အသေမစောချင်တာကြောင့်ဖြစ်မယ်
ကုသိုလ်တွေ နာမည်မပေါက်သေးဘူးမဟုတ်လား
ငွေချေပြီးမှတော့ ဘာမှလုပ်မရတော့ဘူး
ဖုန်းဝယ်တယ်ဆိုတာ
အရက်သမားလိုင်စင်ဝယ်သလိုမှမဟုတ် တာ
ကဗျာဆရာတွေ ကျွမ်းကျင်တယ်
အနှစ်နှစ်အလလဖြည့်လာခဲ့တဲ့ အမာရွတ်တွေကြောင့်
တက်တူးထိုးစရာမလိုပါဘူး
အဆင်ပြေရင် အားလုံးဖိုက်တာပဲ
ဂျမ်ဘိုနဲ့ ဂေါ်ဇီလာအကြောင်း ပြောကိုမပြောတော့ဘူး
ဒေါ်မြလေးဟာ အိမ်ထောင်မကျခင်ထိ အပျိုသေချာတယ် ခေတ်အရ
အခု မိန်းမငယ်တွေ မျက်ရည်ခံထိုးကြသလိုပေါ့
တစ်ခါလာလည်း ဒီဇာတ် နောက်တစ်ခါလည်း ဒီဇာတ်
ကြေကွဲလို့ကို မဆုံးနိုင်ဘူး
ငါတို့ကိုယ်တိုင် လူကြမ်းဖြစ်နေတဲ့ စင်ပေါ်မှာ
အဆိုတော်တစ်ယောက်ဟာပြေးလွှား
စာပေဟောပြောပွဲတစ်ခုကို အရသာမခံတတ်သလိုမျိုး
ပြည်ပန်းညိုဟင်းတစ်ခွက် ဆားဖျက်သွားသလိုမျိုး
မုန်တိုင်းတွေ ဈေးနှုန်းကစားတယ်
ခရိုနီတစ်ယောက်ရဲ့အိပ်ယာမှာ
နာမည်တွေ လာလာပြောင်းတဲ့မိန်းကလေး ပျော်ပါစေ
ဆုတောင်းဟာ ဒိုးလုံးမဆိုခင်ကတည်းက လူကြိုက်များနေတာ
ဟိုဖေ့စ်ဘွတ်ကာ ဟိုဟာလုပ်တုန်းက
ငါတို့ ၀ိုင်းဆဲကြသလို
မန်ယူကို ဆက်အားပေးကြတာပေါ့
မန်စီးတီး လီဗာပူးနဲ့ အာဆင်နယ်ကို တီဗွီမှာထားခဲ့
ပြီးတဲ့နောက်ပိုင်း စနေကို ငါတို့စိတ်ကြိုက် စားလို့ရပြီ။ ။
သစ္စာမင်းအိမ်
ကမ်းခြေ
|
လရောင်နဲ့တွေ့မှာစိုးလို့တဲ့
ပင်လယ်က တိတ်တိတ်လေး ပြန်သွားတယ် လမုတန်းသွယ်အောင်ပြုံးလိုက်တဲ့အ ညနေတစ်ချက်လှုပ်တိုင်း လှိုင်းတွေပြေးတက်လာမှာလား စောင့်နေတဲ့ကြယ်လေးမကြွေခင် သာယာသံကိုနားနဲ့ဆယ်ထားလိုက်တယ် တစ်လေပြည်လုံးမွှေးစေ။ ။ သစ္စာမင်းအိမ် 19/01/14 |
Subscribe to:
Posts (Atom)