Saturday, October 5, 2013

သူလိုကိုယ်လိုပဲပြောလိုက်တယ် ကိုယ်တော့အောက်ကြေးပဲ

ဘ၀တွေမှာ ဘယ်နှစ်ခါ ကျင့်သားရဖူးလဲ

အိုကေ နောက်ချန်နယ်ပြောင်းဖမ်းကြတာပေါ့ 
 

ဘုရားသခင်ကိုမယုံကြည်တာချင်းတူတယ်

အိပ်မက်ကို ခွဲမက်ကြတာချင်းလည်းတူတယ်


အရှေ့ဟာ သူများပြောနေတဲ့ အရှေ့မဟုတ်ဘူး


ဒါဖြင့်


အိပ်မက်ဟာ တစ်ပွဲစားတော့မဟုတ်နိုင်ဘူး


လိုတယ်လို့ တစ်ထစ်ချစွပ်စွဲဖို့


ကံတရားဟာ သံသရာဆိုပြီး လိုက်ပွဲထပ်မမှာတာကိုထောက်ရင်


မိနေတဲ့ပိုက်ဟာ အနည်းဆုံးလေးလွန်းတင်ပဲဆိုတာ


ဗိုက်ဝသူတိုင်း ရိပ်မိတဲ့ကိစ္စ


ကိုယ်တော့ အလှမ်းဝေးက ကြယ်ကိုပဲကြည့်မိတယ်


အဲဒါကြောင့် လျှောစောက်ကို မတ်စောက်လို့မြင်မိရင်လည်း


အပေါက်အပြဲမရှိတဲ့လိပ်ပြာပဲလို့


ဝိုးတိုးဝါးတားကို ရဲဆေးတင်ရင်ရလိမ့်မယ်


မသေချာမှုကို အောက်ကြေးနဲ့နှိုင်းပြောဖို့ကျ


တာဝန်က သံရိုင်းဆန်သွားပြီ


ကျွန်တော်ပါပဲ


ဒီလို ဂိုးတွေချည်း ၀င်အောင်မသွင်းတတ်တာ


ခင်ဗျားနဲ့ သံတမန်နည်းကျဆက်ဆံဖို့


ဝေစုခွဲမယ်


ကျေနပ်ပါ


၎ပုံ၁ပုံကိုပဲ ရောင့်ရဲလိုက်ပါတယ်။          ။

သစ္စာမင်းအိမ်

အရုဏ်ဦး

ကိုယ့်ကိုယ်ကို ကွေးလိုက်တာပါ

ဒါပေမယ့် မေ့လျော့ခြင်းတွေပဲ တဖြောင့်တည်း အသံတုန်လာကြတယ်


ခင်ဗျားကိုမေးရင်လည်း


ရာသီခွင်အရလို့ဖြေမှာပါပဲ


ယတြာမကြေနိုင်တဲ့ ကျွန်တော့်မှာသာ


အမည်းမှာ အမှောင်ပစ်လို့


ဒီနေ့ဟာ ဗုဒ္ဓဟူးပဲလို့


ဟိုပွဲဒီပွဲတွေ ရွှေ့ပစ်လိုက်ရတယ်။          ။

သစ္စာမင်းအိမ်

အိပ်မက်ကကြိုး (သို့) ညီမလေး အကြီးမ ခင်ဣနြေ္ဒအောင်

ဟောဒီကောင်းကင်ကို ဆေးရောင်ပြည့်အောင် ဘယ်သူမခြယ်ခဲ့တာလဲ

အရွယ်က ၁၉နှစ် ကောက်တာတို့ ကပ်တာတို့မှာ သူ့လော်မာမှုမပါခဲ့ဘူး

မပါဘူး လုံးဝမပါပါဘူး လိမ္မာပါကွယ် ဆီအိုးကင်းကြီးထဲထည့်ကြော်လိမ့်မယ်

အဲဒါငရဲပေါ့ဟ ငါ့ကိုပြန်မပြောနဲ့ နင်ငရဲကြီးလိမ့်မယ် တဲ့

ပိုးဟပ်ကြောက်တယ် လက်ဖက်မကြိုက်ဘူး ပဲဆိုဝေလာဝေး

ဝလုံးရယ် ထဆင်ထူးရယ် ကကြီးရယ် ယပက်လက်ရယ်ပဲ ဘယ်နဲ့ရေးတတ်တဲ့သူက

ဗိုလ်ချုပ်အောင်ဆန်းသိလားမေးလာတော့ မျက်တောင်လေးပုတ်ခတ်ပြီး ဝေ့နေအောင်ပြုံးပြလိုက်ရ

ဆန္ဒမပါရင်ဘာမှမလုပ်ဘူး အိမ့်ခေါင်းလောင်း အသက်ကအပျိုကြီးဖားဖား

ဟိန်းဝေယံကားပဲကြည့်တယ် one icecream-one kiss

လွယ်တဲ့အလုပ်မှတ်လို့ အဆင်ပြေအောင်နေဖို့ဆိုတာ

အိပ်ယာထပါတော့ ချော့ သွားတိုက်ပါတော့ ချော့

ထမင်းစားပါတော့ ချော့ ရေချိုးပါတော့ ချော့

အိမ်သာတက်ပါတော့ ချော့ ဆေးသောက်ပါတော့ ချော့

သွားတော့မယ်ဆို အောင်ဖေညောင်း အိပ်တော့မယ်ဆို ဂွတ်နိုက်

အဲဒီပယောဂကျမှ ဘာကြောင့် ဘယ်ဂါထာမှမစွမ်းတာလဲ

Accounting ဆိုတာဘာ အမျိုးသမီးအခွင့်အရေးဆိုတာ ဘာ နိုင်ငံရေးအမြတ်ထုတ်မှုဆိုတာ ဘာ

မပြောနဲ့ ရတယ် မပြောနဲ့ ဒါငါးထောင်တန် ဒါသွေးဆောင်တာ ဒါမိဘမေတ္တာ

အဲလောက်ဆိုလုံလောက်ပြီ ဘာဟင်းချက်ပြဦးမလို့လဲ

နေပါစေ ကျေနပ်ပြီ ဘယ်အင်္ကျီကို ဘယ်ပုံစံချုပ်ပြဦးမလို့လဲ

ငါတို့သေရင် ခံတွင်းထဲထည့်ငုံပြီးခေါ်သွားချင်တယ်ဆိုတဲ့ စိတ်မချမှုဟာ

ကြောက်ခမန်းလိလိ ပီတာနဲ့မာတာ

သူမို့ မဖွံ့ဖြိုးဘဲနေရက်တယ် သူမို့ ဖြူ ဖြူစင်လွန်းရက်တယ်

ဘယ်နှစ်နာရီလဲ ကိုးနာရီခွဲ အဲဒီအချိန်ဟာ သန်းခေါင်

တောက်..........ပြောစမ်းပါကွာ

ဒီဘ၀ ဒီခန္ဓာက ဘယ်သူ့ဝဋ်ကြွေးလဲ။            ။

သစ္စာမင်းအိမ်
၁၀၊၈၊၂၀၁၃

ပြေးစရာမြေမရှိတော့ဘူး ဒါပေမယ့် ပလပ်လိုက်ရတယ် အပ်ကွက် တဲ့

ရွတ်နေကျ အိယောင်ဝါးမန္တာန်နဲ့ပဲ မီးနင်းပြသွားတာ လှတယ်

ကိုယ့်အာသာကိုယ်ဖြေတဲ့နေရာမှာ ဒီအသံအနက်ဆုံးပဲ

သစ် ကုန်ပြီ ပြောင်း လဲကုန်ပြီ ဒရက်ကူလာ

လက်မထိပ်အပ်စိုက်တူနဲ့ရိုက်ပြီး ထွက်လာတဲ့သွေးကိုမှ အားရပါးရစုပ်သွားတယ် ဗင်ပိုင်းယား

နန်းခေါင်ခေါင် ထောင်ကြောင်နေအောင်တီးတယ် ထောင်ရောင်နေပတ်ပျိုးမဟုတ်ဘူး ဘီလူးဆိုင်း

ဘယ်အရပ်လဲ ဘယ်ဇာတ်လဲ လက်မှတ်မှာအစွယ်ရာတွေတွေ့တယ်

မရှင်တဲ့နာမည်ကို အရက်ပြန်စိမ်ထားတဲ့ဂွမ်းနဲ့ပွတ်ပြီး တံကျင်လျှိုသတ်ပစ်လိုက်

စကြာဝဠာဆီက မေးခွန်းနိမိတ်တွေနဲ့ ၀မ်းသာကြောင်းသ၀ဏ်လွှာပို့လိမ့်မယ်

မေးခွန်း(၁) အဆီအငေါ်မတည့်တဲ့ ဗျည်းနဲ့သရတွေ ဘယ်လိုရောသမမွှေခဲ့သလဲ

ငါ/မင်း/ဖို့/ကတိကဝတ်/အား/စေ/ဘူး/ဟုတ်

မေးခွန်း(၂) နွေရာသီမို့အိုက်စပ်စပ် ဆင်ကြီးယပ်တောင် ခပ်/မခပ်

ဆင်တွေအရှက်အကြောက်ကြီးတယ် အရင် ဆင်တွေအရှက်ပိုကြီးရတယ် အခု

ကြောက်တရားကို ကျားတစ်ယောက်က ဖောက်ပြန်မိတ်လိုက်သွားပြီ

မေးခွန်း(၃) ရှင်ပြန်မယ့်နေ့/ ရှင်လိင်ပြန်မယ့်နေ့/ ရှင်လိမ်ပြန်မယ့်နေ့ ဆုံးမကွပ်ကောင်း/ မကွပ်ကောင်း

ဓမ္မဟာ အလာ့ဂျစ် လေပြီးတယ် စာပြီးတယ် ငရဲပြီးတယ် ပြီးမြောက်သူ

အိမ်သာသုံးစက္ကူမှာ မျက်မှန်ပြဲပြဲပါအောင်ထည့်ကြ မရှိဝမ်းစာ

ပါးစပ်ကအဖြူဆင်းရင် ၀ဋ် အင်္ကျီထူထူ ဆပ် စာရင်းရှိသလောက် ဖုန်း/ဖုံး

နောက်မျိုးဆက်တွေ စစ်တော့စစ်သား အမှုမှတ်မဲ့ တိရစ္ဆာန်ဥယျာဉ်

ပေါ်ပြီလား အတွင်းသား ရှက်စရာမဟုတ် ဒါ မိနေတဲ့ မှိုင်း/ မိုင်း

စားကွာပဲ့နေအောင် ပွန်း ဖျောက်တော့မယ်သတိ ဆက် ကွင်း သူမတူထူးချွန် အဆင့်(၁)

ဒီလက်ရည်နဲ့ သံသရာမှာကျွတ်အောင်ခုတ်ပေတော့ပဲ တံခါးဟာ ထာဝရလော့ခ်

ကျီးပေါင်းတက်လည်ပင်းတွေ ဒဏ်ကြေဆေးလူးထား အသင့်စောင့်နေတယ်

ချက် မမေ့မလျော့ သူသေကိုယ်သေတိုက်ကွက်တွေနဲ့ နောက်တစ်ပွဲအတွက်။ ။

သစ္စာမင်းအိမ်
၂၅၊၇၊၂၀၁၃

တိုးရစ်ဂိုက်


အိပ်မက်ဆန်တဲ့မြို့ကိုမေးတော့

မီးလောင်ပြင်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ဟောဒီဓာတ်ပုံမှတ်တမ်းမှာတော့ ဒီနေရာကိုဈေးလို့ညွှန်းထားပါတယ်

ဟိုဘက်မှာမြင်နေရတာ ဘူတာရုံပေါ့

ဖြည်းဖြည်း မစ္စတာ ဖြည်းဖြည်းလျှောက်ပါ

ကြာကြာဝါးမယ့်ခြေထောက်ဟာ အရိုးတော့ကြည့်ရှောင်ရမယ်မဟုတ်လား

ဒါကတော့ စာသင်ကျောင်းပါ သေချာပါတယ် လူကြီးမင်း

စိတ်ဓာတ် စည်းကမ်း ပညာတွေ မီးထဲပါသွားလို့ပါ

ဒီမီးဘာကြောင့်လောင်တာလဲဆိုတော့

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ကျွန်တော် ထပ်ပြပါမယ် ဒါ မီးသတ်ဌာနပါ

ဟုတ်ပါတယ် မီးသတ်ကားတွေလည်း မီးထဲပါသွားပါတယ်

တကယ်ကိုအံ့သြစရာပေါ့ခင်ဗျာ ဆက်ကြည့်ပါဦး

ဒါက သားသတ်ရုံပါ

နိုးနိုး မစ္စတာ ရဲစခန်းမဟုတ်ပါဘူး သားသတ်ရုံပါ

ရဲစခန်းက ဟိုးအနိမ့်ပိုင်းမှာပါ ၀ါးတားတားနဲ့လေ

ဟုတ်ကဲ့ အဝေးကြီးလိုပါသေးတယ်

ဒါတွေက ဘာရုံးညာရုံးတွေပါ

ဘာရုံးညာရုံးဆိုတာ ဘယ်ရုန်းညာရုန်းကိုပြောတာမဟုတ်ပါဘူး

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ရုပ်ရှင်ရုံလား ရှိပါတယ် စစ်ကားပိုစတာကြီးတောင်ချိတ်ထားတုန်း

ဟုတ်ကဲ့ မီးပြီးလို့နေမှာပေါ့ခင်ဗျာ

စစ်တပ်လည်းရှိပါတယ် တိရစ္ဆာန်ရုံလည်းရှိပါတယ်

စစ်တပ်ထဲမှာ တိရစ္ဆာန်တွေ

ကျောင်းခွင့်မရှိပါဘူး တားမြစ်နယ်မြေမို့ပါ

ဘာကြောင့်တားမြစ်ထားတာလဲဆိုတော့

အဲဒီတိရစ္ဆာန်တွေက လူလိုမသိလို့ပါ

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ဒါ မြို့ပါ

အထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိပါတယ်

ရူးသွားတဲ့လူတွေကိုလည်း မေးကြည့်နိုင်ပါတယ်

လောင်းလောင်းအဂိုးက မြို့ ပြီးခဲ့ပြီး မနေ့တစ်နေ့က မြို့ခဲ့တဲ့မြို့

ဟောဒီမှာ မြို့ဆိုင်းဘုတ်တင်နေပုံ

ဟောဒီမှာ တည်နေရာပြမြေပုံ

ဟောဒီမှာ မီးလောင်မှုမြင်ကွင်းဓာတ်ပုံ

ဗျာ ဘဂ္ဂဒက်လို့ပြောလိုက်တာလား မယုံနိုင်ဘူးလို့ပြောလိုက်တာလား

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ။           ။

သစ္စာမင်းအိမ်
၂၂၊၇၊၂၀၁၃

ဝိုင်းသေးသေးလေးပတ်ပတ် ဒူဝေေ၀


ကမ္ဘာကြီးနဲ့အပြိုင် အ၀ိုင်းလေးလည်နေတယ်


သံသရာနဲ့အပြိုင် အ၀ိုင်းလေးလည်နေတယ်


ပဋိစ္စသမုပ္ပာဒ်နဲ့အပြိုင် အ၀ိုင်းလေးလည်နေတယ်


အဲဒီအ၀ိုင်းလေးလည်နေပုံဟာ ဖနောင့်နဲ့ပေါက်ချင်စရာ


ခန္တီစ မဖြစ်သာလို့သည်းခံခြင်းသည်


ကောင်းမြတ်သောမင်္ဂလာဖြစ်သည်ဆိုတဲ့အတိုင်း


အဲဒီအ၀ိုင်းလေးလည်နေပုံကို ချစ်သောမျက်စိဖြင့်ရှုပါတယ်


တစ်ပတ် နှစ်ပတ် သုံးလေးပတ်


အ၀ိုင်းလေးလည်နေတယ်


အချင်းချင်းအမျက်အဤတစေ့မရှိ


အောင့်ကာအောင့်ကာနမ်းတယ် အ၀ိုင်းလေးလည်နေတယ်


ပျော်ပျော်ကြီးရပ်စောင့်တယ် အ၀ိုင်းလေးလည်နေတယ်


ဒီကစောင့်နေသူ အို ဘာတဲ့


လည်တယ် လည်တယ် အ၀ိုင်းလေးလည်နေတယ်


ဆောင့်ကြောင့်ထိုင် ၀မ်းလျားထိုး လက်နှစ်ဖက်ကိုလှည်းဒေါက်ဂွလိုထောက်


တင်ပလ္လင်ချိတ် ခေါင်းကုတ် ဥုံဖွ


အ၀ိုင်းလေးလည်နေတယ်


မေတ္တာပို့ သစ္စာဆို အ၀ိုင်းလေးလည်နေတယ်


ဖွယ် ရိုင်းပလေ နောက်ငါးမိနစ်နေလို့မှတက်မလာရင်


ပွစိပွစိ........အ၀ိုင်းလေးလည်နေတယ်


ငါ...........................အ၀ိုင်း


သူ့မေ......................အ၀ိုင်း


အ၀ိုင်းလေးလည်နေတာရပ်သွားတယ်


ငါကိုင်တုတ်မှရပ်သွားတော့တယ် အိုအ၀ိုင်းလေးရယ်


စိမ်းလို့တော့ဖြင့်မဟုတ်ပါပြီကွယ်


တက်လာတော့မှာလား မျက်လုံးလေးကလယ်ကလယ်


ဖပ်............အံမယ်


ဒီတစ်ခါကျ အသွင်တစ်မျိုးနဲ့ မရိုးအောင် နောက်ပြန်လည်


ငါ............................အ၀ိုင်း


သူ့မေ.......................အ၀ိုင်း


ပေါက်လွှတ်ပဲစား အုတ်ကြားမြက်ပေါက် စေတနာကိုမရှိဘူး


အ၀ိုင်းလေးလည်နေတယ်။             ။

သစ္စာမင်းအိမ်
၁၂၊၇၊၂၀၁၃

လက်ဖွဲ့ ကြိုး

သတိထား ဘ၀က ခဏခဏ Log out ဖြစ်ဖြစ်သွားတတ်တယ်

အစရှိရင်တော့ ဆွဲထုတ်သူဆိုတာ ရှိလာနိုင်တာပဲ မမေ့လျော့နဲ့


စည်းနားကပ်လို့မရရင် စည်းပြင်ခေါ်ထုတ်ပေါ့သူငယ်ချင်းရယ်


ပူပူလေးနဲ့ကောင်းနေရအောင် ဒုက္ခက ဒဏ်ကြေဆေးမှမဟုတ်ဘဲ


ထက်ထက်နဲ့အောင်းနေရအောင် မင်းကလည်း မောင်းချဓားမှမဟုတ်ဘဲ


ထင်းခွေရေခပ်မကြုံတောင် ကားတိုးစီးရင်းလမ်းလျှောက်ရင်း ဆုံနိုင်သေးတယ်


သွေးသန့်ဆေးလေးသောက်ပြီး အမူးအမော်ပျောက်အောင်နေ


အ၀ိဇ္ဇာပစ္စယာသင်္ခါရာဆိုတာ ကြားဖူးတယ်မဟုတ်လား


ဥသြဆွဲသံချည်းပဲနားစွင့်မနေနဲ့ ရထားလာတာကိုလည်းကြည့်ရှောင်ဦး


ဒီခေတ်ထဲ အဂ္ဂိရတ်မထိုးဘဲ ထွက်ရပ်ပေါက်သူတွေများတယ်


အရင်ကပိုးသတ်ဆေးတွေဟာ အခုစိန်တွေလောက်မချိုတော့ဘူး


ကောင်းကျိုးကိုယ်၌တည်စေမင်းဆိုတာလည်း လမ်းညွှန်ဆိုင်းဘုတ်ပဲလေ


ငါသူတစ်ပါးယောက်ျားမိန်းမက အရဲကြိုးကုတ် ကြက်ရဲသုတ်သို့ဆိုရင်


မင်းက ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ပေါ့


ရှေ့ကိုထိုးထားတဲ့လက်ညှိုးကတစ်ချောင်းတည်း


လက်မကဘေးဆိုရင်တောင် ကျန်တဲ့သုံးချောင်းကမင်းဘက်မှာ


မင်းLoadingကို မင်းကိုယ်တိုင်ရောစိတ်ရှည်ရဲ့လား


ပြန်ဖွင့်လိုက်တဲ့ Resumeခလုတ်မှာ သံလျက်တွေဟာအဖွေးသား


ခွက်ကပ်နဲ့မူးပြီး တစ်သံသရာလုံးပြန်ဖြေနေမယ့်အစား


ပခြုပ်ထဲမှာ ပြင်းအောင်နေ


Formula မှားရင် ဓာတ်ပြုပုံလည်းမှားမှာပဲ


သတိထား သူငယ်ချင်း


မင်းအခုခြေစုံရပ်နေတာ ရှစ်နာရီနဲ့မွန်းတည့်နေတဲ့ လောကကြီးထဲမှာ။         ။

သစ္စာမင်းအိမ်
၁၂၊၇၊၂၀၁၃