Saturday, October 5, 2013

တိုးရစ်ဂိုက်


အိပ်မက်ဆန်တဲ့မြို့ကိုမေးတော့

မီးလောင်ပြင်ကြီးကို လက်ညှိုးထိုးပြလိုက်တယ်

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ဟောဒီဓာတ်ပုံမှတ်တမ်းမှာတော့ ဒီနေရာကိုဈေးလို့ညွှန်းထားပါတယ်

ဟိုဘက်မှာမြင်နေရတာ ဘူတာရုံပေါ့

ဖြည်းဖြည်း မစ္စတာ ဖြည်းဖြည်းလျှောက်ပါ

ကြာကြာဝါးမယ့်ခြေထောက်ဟာ အရိုးတော့ကြည့်ရှောင်ရမယ်မဟုတ်လား

ဒါကတော့ စာသင်ကျောင်းပါ သေချာပါတယ် လူကြီးမင်း

စိတ်ဓာတ် စည်းကမ်း ပညာတွေ မီးထဲပါသွားလို့ပါ

ဒီမီးဘာကြောင့်လောင်တာလဲဆိုတော့

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ကျွန်တော် ထပ်ပြပါမယ် ဒါ မီးသတ်ဌာနပါ

ဟုတ်ပါတယ် မီးသတ်ကားတွေလည်း မီးထဲပါသွားပါတယ်

တကယ်ကိုအံ့သြစရာပေါ့ခင်ဗျာ ဆက်ကြည့်ပါဦး

ဒါက သားသတ်ရုံပါ

နိုးနိုး မစ္စတာ ရဲစခန်းမဟုတ်ပါဘူး သားသတ်ရုံပါ

ရဲစခန်းက ဟိုးအနိမ့်ပိုင်းမှာပါ ၀ါးတားတားနဲ့လေ

ဟုတ်ကဲ့ အဝေးကြီးလိုပါသေးတယ်

ဒါတွေက ဘာရုံးညာရုံးတွေပါ

ဘာရုံးညာရုံးဆိုတာ ဘယ်ရုန်းညာရုန်းကိုပြောတာမဟုတ်ပါဘူး

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ရုပ်ရှင်ရုံလား ရှိပါတယ် စစ်ကားပိုစတာကြီးတောင်ချိတ်ထားတုန်း

ဟုတ်ကဲ့ မီးပြီးလို့နေမှာပေါ့ခင်ဗျာ

စစ်တပ်လည်းရှိပါတယ် တိရစ္ဆာန်ရုံလည်းရှိပါတယ်

စစ်တပ်ထဲမှာ တိရစ္ဆာန်တွေ

ကျောင်းခွင့်မရှိပါဘူး တားမြစ်နယ်မြေမို့ပါ

ဘာကြောင့်တားမြစ်ထားတာလဲဆိုတော့

အဲဒီတိရစ္ဆာန်တွေက လူလိုမသိလို့ပါ

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ

ဒါ မြို့ပါ

အထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိပါတယ်

ရူးသွားတဲ့လူတွေကိုလည်း မေးကြည့်နိုင်ပါတယ်

လောင်းလောင်းအဂိုးက မြို့ ပြီးခဲ့ပြီး မနေ့တစ်နေ့က မြို့ခဲ့တဲ့မြို့

ဟောဒီမှာ မြို့ဆိုင်းဘုတ်တင်နေပုံ

ဟောဒီမှာ တည်နေရာပြမြေပုံ

ဟောဒီမှာ မီးလောင်မှုမြင်ကွင်းဓာတ်ပုံ

ဗျာ ဘဂ္ဂဒက်လို့ပြောလိုက်တာလား မယုံနိုင်ဘူးလို့ပြောလိုက်တာလား

ခင်ဗျားနားလည်အောင် ဘယ်လိုရှင်းပြရမလဲ မစ္စတာ။           ။

သစ္စာမင်းအိမ်
၂၂၊၇၊၂၀၁၃

No comments:

Post a Comment