Monday, February 10, 2014

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်

ခိုင်လည်းခိုင် ခန့်လည်းခန့်တယ် မြင်းကြယ်


လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းလေးထဲ
နှာခေါင်းမပိတ် အသက်မရှူဘဲ
သွေးလေမှန်နေတဲ့ ဖိနပ်စုတ်တစ်ရံ
တံဆိပ်က မြင်းကြယ်ဆိုလား
နဖူးပြောင်ပြောင်လူပိန်ကြီး ဆွဲဖြဲပြတဲ့ကြော်ငြာ မဂ္ဂဇင်းတွေမှာပါခဲ့ဖူး
ဘယ်အရူးကမှ လက်ကြားမလျှိုတဲ့နောက်
ဘယ်အရက်သမားကမှ ခါးကြားမထိုးတဲ့နောက်
ဘယ်ခြေထောက်ကမှ ဖိမနင်းတော့တဲ့နောက်
သူ့အင်ပါယာမှာ သူဟာ နေမ၀င်ဘုရင်ဖြစ်လာ
ဆေးလည်းမထိုးရ ဆေးလည်းမသောက်ရတော့
ပညတ်တော်ဆယ်ပါးလည်း သတိမထားရတော့
သံတိုင်တွေနောက်လည်းမရောက်တော့
သည်းကြိုးပြတ်ရွာ မွန်းတည့်အလွန်တွေလည်းမရှိတော့
အလှဆုံးသော လောကဓမ္မမှာ
တစ်ဖက်က ပက်လက်လှန်ပြီး ကောင်းကင်ကြီးကိုပြာလို့
တစ်ဖက်က ၀မ်းလျားထိုးပြီး နေ့ကိုညလုပ်စီးလို့
နောက်ကျောကိုထိုးမယ့်ဓားမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မြွေပွေးတစ်ကောင်ရဲ့ခံတွင်းထဲကအဆိပ်မဟုတ်တဲ့ မြင်းကြယ်ဖိနပ်
မတရားသောစစ်ပွဲရဲ့အဖိုးတန်ကျည်ခွံမဟုတ်တဲ့ မြင်းကြယ်ဖိနပ်
ခပ်တည်တည်ကြီး စုတ်ပြတ်သပ်နေ
လမ်းမဘေးကပ်လျက်က ရေဆိုးမြောင်းထဲမှာ
အဲဒီနေရာ
ဘယ်ကျဉ်စက်သမားမှ မလာကြဘူး။ ။

သစ္စာမင်းအိမ်
24/01/14
 

ဝံသပရိစ္စာဂပူရ

ဝံသပရိစ္စာဂပူရ

မြို့ဟာ သူ့ကိုယ်သူခြေတော်တင်ပြီး ကျုံးရေနဲ့ခြေဆေးနေတယ်

ကိုယ်လုံးပေါ်မှန်ထဲမှာ မြို့ဟာငိုနေပေမယ့်

အပြင်မှာတော့ မြို့ဟာ ကြယ်သီးတွေတစ်လုံးချင်းပြန်တပ်ရင်း

ငါးခူလိုပြုံးလိုက် ငါးရံ့လိုပြုံးလိုက် ငါးရှဥ့်လိုပြုံးလိုက်နဲ့

အဲဒီအပြုံးတွေကိုလည်း သူ့ကိုယ်သူချိတ်မှာတပ်ပြီး

သူကိုယ်တိုင် စိတ်အေးလက်အေးထိုင်မျှားထားတာ

မြို့ဟာ "မင်းကငယ်ချော ကြီးမှပေါလာတာ" လို့ သူ့ကိုပြောရင်

စွေ့စွေ့လို့ခုန်ပြီး အသားဖြူပြသတဲ့

တကယ်တော့မြို့ဟာ ခြေကျင်းတစ်ဖက်ပျောက်သွားလို့

ယဉ်ယဉ်လေးရူးနေရှာသူ အထက်တန်းစားတစ်ယောက်သာဖြစ်တယ်

မြို့ဟာ

နန်းတော်ကြီးတစ်ခုပိုင်တယ် နာရီစင်ကြီးတစ်ခုပိုင်တယ်

တောင်ကြီးကြီးတစ်လုံးပိုင်သလို မြစ်ကြီးကြီးတစ်စင်းလည်းပိုင်တယ်

အဲဒါတွေအပြင် သမိုင်းစာအုပ်ကောင်းကောင်းတစ်အုပ်ကိုလည်းပိုင်သေးတယ်

သူအမြဲပြောနေကျစကားက "ငါဘယ်မှာလဲ" တဲ့

မြို့ဟာ သူ့မီးတောက်ကိုယ်သူ ကြယ်တွေလိုလိုက်ကောက်တယ်

ရဲပေမယ့် ကျဲနေတဲ့သွေးနဲ့ သူ့နာမည်ကိုချရေးနေတုန်းက

မြို့ဟာ နာနာကျင်ကျင်အော်ဟစ်ရယ်မောလိုက်ပုံများ

ငါးတစ်ကောင်လွတ်သွားသလိုလို.....................

ဓားတစ်ထောင်ပွတ်သွားသလိုလို.....................

မြို့ဟာ ကျည်အအောက်ကြီးနဲ့ သူ့နားထင်သူထောက်ပြီး

လက်ဖြောင့်ပြခဲ့ပါတယ်။                ။


သစ္စာမင်းအိမ်
၆၊၁၀၊၂၀၁၃

 

ကွမ်းတစ်ယာ ရေတစ်မှုတ် ပေါင်ပုတ် ကြောင်ရုပ်

ကွမ်းတစ်ယာ ရေတစ်မှုတ် ပေါင်ပုတ် ကြောင်ရုပ်

ကဲ စမယ်
လက်ဖျံမှာ ဆိုက်လင်ဇာတပ် မနက်ဖြန်ကို အတိအကျ မောင်းဖြုတ်ချလိုက်
ကလစ်!!!!!!!!!
ခေတ်တစ်ခု လဲကျ ကျည်ဆန်ဟာ မောက်စ်ကို တွန်းရွှေ့တယ်
ဘယ် ညာ  ဘယ် ဘယ် ဘယ် ကို ညာ အသားစတွေဖွာထွက် နှုတ်ခမ်းကိုသပ်
ဒါ ဘိုဟီးမီးယန်း မြို့ပြ ဂလိုဘယ်ဆိုက်ကိုယဉ်ကျေးမှု ထွန်းကားတဲ့ ရွာသာကြီး
စိတ်ကြိုက်error တွေနဲ့ unexpectedly removed ဖြစ်သွားတဲ့ လူမှုဆော့ဖ်ဝဲတွေ
နေ့စဉ်သုံးဝေါဟာရထဲ မူးယစ်ဆေးစွဲနေတဲ့ ကစဥ့်ကလျားစကားလုံးတွေထည့်ပေးလိုက်တယ်
မင်္ဂလာပါကမ္ဘာကြီး ခမ်းနားပါစေကမ္ဘာကြီး တောက်ပပါစေကမ္ဘာကြီး
မမွေးချင်တော့လို့ ဒီစစ်အိမ်ကို ၀ိုင်းဝန်းခြစ်ထုတ်ကြ ဒါပေမယ့် နေ့စေ့စေ့လ
ကလင်ဒါခွင်ကျ ထမင်းဆီဆမ်းကိုပဲ ရွှေလင်ပန်းလိုက် အိုခေ
မျိုးတုံးလု သွေးသားတွေဟာ အောင်ပြီလို့ လက်ခမောင်းခတ်ဖို့ ရက်ရက်စက်စက်ထုတ်လုပ်ခဲ့ပေါ့
အမြီးတန်းလန်းနဲ့ တစ်ကောင်တည်းသောသံတမန်............
ကလစ်!!!!!!!!!!
တတ်နိုင်သူများသာ ခွရန် သီးသန့်
အိုး ကလစ်ပါ လေဒီ အိုး ကလစ်ပါပဲရှင်
ညာ ကလစ်!!!!!!!!!
ထရေဂါဟာ ဂျမ်းဖြစ် ခေတ်ဟာ ဖုတ်ဖက်ခါထ ဇာတိမာန်တွေပြ ကလစ်!!!!!!!!!!
က လည်း လစ် မက လည်း လစ် ပျော်စရာကောင်းဖို့ က လစ် ကလစ်!!!!!!!!!!!
၂၀၁၄ ကို focus ပြတ်အောင်ချိန် အားလုံးရီဝေထား
တင်ဆက်ကြသူများ
ရိုက်မယ်
ငါး
လေး
သုံး
နှစ်
တစ်
ကလစ်!!!!!!!!!!!


သစ္စာမင်းအိမ်
၆၊ ၁၊ ၂၀၁၄

 

တစ်ခံဘေးသုံးတန်းတာတောင်မပွင့်မှတော့ ကျွန်တော့်ကိုစားလိုက်ပါ ခင်ဗျားတို့က ရှစ် ကိုးတွေ

တစ်ခံဘေးသုံးတန်းတာတောင်မပွင့်မှတော့ ကျွန်တော့်ကိုစားလိုက်ပါ ခင်ဗျားတို့က ရှစ် ကိုးတွေ

အိမ်ပေါ်ကနေအိမ်အောက်ဆင်းတာတောင် နားနဲ့မျက်စိမှာ ဓားထည့်ထားရတယ်

မြင်နေရတဲ့မီးခိုးတွေကို ဘယ်ကြွက်က၀င်လျှောက်သွားတာလဲ

၁၂နှစ်အရွယ်သမီးကို စိတ်ဖောက်ပြန်သူဆီရောင်းစားတဲ့ အမေဆိုတဲ့ သတ္တ၀ါ

ဂုဏ်ဆိုတာငွေကိုမခေါ်တော့ဘူး ငွေကိုတော့ဂုဏ်လို့ခေါ်ချင်သေးတယ်ပေါ့

မျက်ရည်တွေရေခြားတုန်းက မိသားစု LCD Zoom ချဲ့တယ်ဆိုတဲ့အကြောင်း

ဟက်ဟက်ပက်ပက်တောက်တစ်ချက်နဲ့ အင်္ကျီအနားစလေးတွန့်သွားတဲ့ဖြစ်စဉ်မှာ

မျက်တောင်ဘယ်နှစ်ပင်ကျွတ်ခဲ့သလဲ ကျွတ်ခဲ့မယ်ထင်သလဲဆိုတဲ့မေးခွန်း

နည်းနည်းလောက်နာခွင့်ပြုပါ နည်းနည်းတော့ကျယ်လာပြီ

အကြီးကြီးကြွေလွန်းလို့ ဒီအပင်ကို''ကန္တာရ''လို့ပေးမှရတော့မယ်

အခွင့်မရှိတွေက လက်မြှောက်သယောင်နဲ့ခြေထိုးခံနေတာသတိထားမိရင်

အလွယ်တကူပွန်းပဲ့နိုင်တဲ့ခေါင်းစဉ်တွေထဲ ကျွန်တော့်နာမည်ကိုထိပ်ဆုံးကထည့်လိုက်ပါ

ကိုယ်တိုင်လမ်းဖြစ်တဲ့အချိန်ကျမှ တန်ပိုမတင်ရတွေမလုပ်နဲ့

ဒီတစ်လုံးကလိပ်ဆိုပေမယ့် နောက်နှစ်လုံးကဆင်နဲ့ကျားဖြစ်နိုင်သေးတယ်မဟုတ်လား

ခင်ဗျားတို့ရွာပါ ဘယ်နှစ်ဆလဲ ရွာလိုက်ပါ

ခင်ဗျားတို့ Freezer ထဲ ခင်ဗျားတို့လှောင်ထားတဲ့မှတ်တမ်းတွေအနံ့ထွက်နေပြီ

ခင်ဗျားဟာ ပါးကွက်သားမဟုတ်ဘဲ ဘာကြောင့်အသံနက်ကြီးနဲ့အော်ရယ်နေရတာလဲ

ပေါင်ချိန်လည်းမဟုတ်ဘဲနဲ့ ဘာကြောင့်အမိန့်ပြားကိုပစ်ချရတာလဲ

နာရီလက်တံတွေကိုခိုစီးခရီးသွားခဲ့တာ အခုနွေရာသီတိတိ

ကျွန်တော့်ကိုပူလိုက်ပါ ခင်ဗျားတို့ပူလိုက်ပါ

သက်ရှိမှန်းသိသာစေတဲ့အကောင်းဆုံးအထောက်အထားက

အခုခင်ဗျားတို့လက်ထဲမှာတခေတ်ခေတ်ငိုကြွေးနေတဲ့ဇာတာလေး

ကိုယ့်အပင်မှာကိုယ်သေချာရင် ဘေးပေါက်နေစရာမလိုတော့ဘူး

ချောင်းကြည့်မိတဲ့လက်ချောင်းတွေကိုပဲ မျက်လုံးနဲ့ကာထားလိုက်ပါ့မယ်။               ။


သစ္စာမင်းအိမ်
၇၊၆၊၂၀၁၃

 

သေတမ်းစာကိုမြန်မြန်ရေး ညရောက်တော့မယ် 31 July 2013 at 22:07

သေတမ်းစာကိုမြန်မြန်ရေး ညရောက်တော့မယ်

 

ဒီကိစ္စနဲ့ပတ်သတ်ပြီး ခင်ဗျားဝါးနေတဲ့ပီကေကိုထွေးလိုက်ပါ

ဘ၀ကအချိုဓာတ်ကုန်တဲ့အခါခံတွင်းချဉ်ရုံပဲ.....အဲလောက်ပဲမလား

လက်တွေ့ကျကျခေါင်းမာကြည့်ဖို့ အနာတွေစုံပြီထင်ရင်

အိတ်ထဲကအရက်ပြန်ပုလင်းနဲ့ ဟန်ဆာပလပ်စ်တွေလည်းလွှင့်ပစ်လိုက်တော့

ကိုယ့်ချုပ်ရိုးနဲ့ကိုယ် ကိုယ့်အမာရွတ်နဲ့ကိုယ်

အမှောင်စက်စက်အမှောင်ထဲ ခြေတပေါင်ကျိုးလျှောက်ပြေးကြတာပေါ့

ဒီနေ့ပြီးရင်ဒီနေ့လာမယ် မနက်ဖြန်တွေအ၀င်မခံဘူး

တစ်ခါတစ်ခါ ကိုယ့်သွေးကိုယ်ထွက်ပြီးရဲကြမယ်.....အဲလိုပဲမလား

မျှော်စင်အမြင့်ကြီးပေါ်တက်ပြီးတခမ်းတနားစီရင်ချက်တွေနဲ့ "လှိုက်"နေတာထက်စာရင်

ချောင်ကျကျစားပွဲမှာထိုင်ပြီးတိုးတိုးလေးလေချွန်နေတာပို"မြတ်"ပါတယ်

ကြားဖူးတယ်မဟုတ်လား သံသရာကချိုင့်ခွက်ပေါတယ်ဆိုတာ

ပုံမတော်ရင် အာဖဂန်ကကျည်ဆံလည်းခင်ဗျားအိမ်ဦးခန်းထဲလာကျကွဲချင်ကွဲမှာပဲ

အမည်းကိုဖြူပစ်လိုက်ဖို့သတ္တိမရှိသေးရင်တောင်

အချိန်ရတုန်းမြစ်ထဲရေနှစ်ခါဆင်းချိုးထားဖို့တော့လိုလိမ့်မယ်

အကွဲအပြားကိုအကွဲအပြဲနဲ့ဆွဲစိ

အလွှဲအပြောင်းဆိုပြီးလက်မှတ်လေးထိုးလိုက်တဲ့အခါ

C...G...Am...Em...F...Dm အစုအဝေးလိုက်ဖရိုဖရဲနဲ့

သောက်ရေအိုးဖင်ပေးအေးအေးနေကြပြန်ရော.....အဲဒီမှာ

တည့်စေမတ်စေချင်လို့ ခေတ်ကယိုင်ရွဲ့နေတာမဟုတ်မှန်း

စောစောကတည်းကသာသတိထားမိရင်

လိပ်ပြာလေးတွေထည့်လှောင်ထားတဲ့ခင်ဗျားရဲ့ဖန်ပေါင်းချောင်တွေကို

တခွမ်းခွမ်းရိုက်ခွဲပစ်မိမှာလား

အဖြေလေးတစ်ခုတော့ "ထားခဲ့ပေးပါ"

မစ္စတာ ဗိုလ်ချုပ်မှူးကြီး။                  ။



သစ္စာမင်းအိမ်


Deficiency ဖြစ်နေတဲ့ဒီကဗျာကို ဘယ်ဘုရားသခင်ကမှ ကောင်းချီးမပေးကြဘူး

Deficiency ဖြစ်နေတဲ့ဒီကဗျာကို ဘယ်ဘုရားသခင်ကမှ ကောင်းချီးမပေးကြဘူး 

မြင်ကွင်းထဲ မျက်ရည်တွေပြေးဆွဲထားတဲ့ သွေးရူးသွေးတန်းကမ္ဘာ
၂၂ရာစုအထိ အသံတိတ်ဆဲရေးထားတဲ့ အနှေးပြကွက်တွေနဲ့
ကိုယ်ဟာ ဘယ်တော့မှမယဉ်ကျေးဘူး
အလင်းရောင်ကို အမှောင်ထဲထောင်ကြည့်ဖို့လောက်ပဲ စိတ်ကူးရတဲ့
ခပ်ညံ့ညံ့နိုင်ငံသားတစ်ယောက်ရဲ့ ခပ်သော့သော့လက်ရေးတွေ
ဟာကွက်ကိုဟာကွက်နဲ့ တိမ်းစောင်းမှုကိုတိမ်းစောင်းမှုနဲ့ဖက်တွယ်ထားခြင်းမှာ
မသိလိုက်မသိဖာသာနဲ့သွားကြိတ်မိတာကလည်း ဖားဥစွဲနေတဲ့ခေါင်းပေါင်းလို
တဆစ်ဆစ်အနာတရတွေ မှိုနံ့ပျောက်ဆေးလိုပေါလာတဲ့ စိတ်တူကိုယ်တူခေတ်ကြီး
မသတ်ချင်မှအဆုံး လူပျက်စာရင်းမှာ ဒီကဗျာကိုမင်နီတားထားတယ်
မြင့်မြတ်တဲ့ညအိပ်ယာထက် မီးမဖွင့်ဘဲဝင်လာတဲ့သူစိမ်းဆန်မှုဟာ ခါးဆန့်ခြေဆန့်
လောကကို မျက်နှာချေတွေပြာဟောက်နေအောင်ဖို့ပြီး ပါးချည်းလှိမ့်ရိုက်ပစ်ချင်တဲ့စိတ်နဲ့
မြစ်တွေကိုအသေစီးခိုင်းပြီး ပင်လယ်ကိုဇွဲဆုကြေညာထားတယ်
ဖွစရာမလိုတဲ့သတင်းဟာ တစ်ပတ်အတွင်းဝင်ငွေတွေသောက်သောက်လဲရတဲ့ရုပ်ရှင်
ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူးသီချင်းကို
ပထမဆုံးအပိုဒ်တစ်ပိုဒ်တည်းဖြတ်ပြီး Ringtone လုပ်ထားတဲ့ဖုန်းနဲ့
ဟုတ်ကဲ့ ဆီခေါ်ရတာ သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ဆက်သွယ်ခြင်းပဲ
ယားကျိကျိဖြစ်နေတဲ့နံကြားကို အရိုးအသွားဆယ်လက်မလောက်ပစ်သွင်းထားချင်တယ်
မီးသွေးဝယ်ရင်း ရေခဲမုန့်စားရင်း ဘ၀ကိုပုံဆန်းဆန်းလေးအလှပြင်ထားချင်တယ်
တစ်နေကုန်အလုပ်ပျက်အကိုင်ပျက် ညောင်းနေအောင်ထိုင်ချောင်းနေပေမယ့်
အပြောနဲ့တင်ပြီးသွားတဲ့ လက်တွေ့မဲ့အတွဲတစ်တွဲလို
ဘ၀တွေက မီးကုန်ယမ်းကုန်မျှော်လင့်ချက်တွေ အစုတ်ဖြဲခံနေရဆဲ
ရေနစ်တဲ့ငါးတွေကိုဆယ်ပြီး ကုသိုလ်လုပ်နေတဲ့တံငါသည်ဖောင်ဒေးရှင်းမှာ
ဘယ်အကုသိုလ်ရှင်မဆို အလှူငွေလာရောက်လှူဒါန်းနိုင်ပါသည် ဆိုတဲ့ကြော်ငြာမျိုးနဲ့
ဌာနထုတ်သတင်းစာတွေဟာ စာမျက်နှာပြည့်ဈေးကွက်ဝင်
ဒီကနေ့လုပ်စရာဟာ မနက်ဖြန်အတွက်ဆုတောင်းခြင်းပဲ
အမြင့်ဆုံးတမ်ပိုအထိဆွဲခေါ်နေတဲ့ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားသဘောတူညီမှုအတွက်
လက်ဖျားလေးတွေအေးစက်နေအောင် မှောင်အတိကျနေရတဲ့အိမ်လေးတွေဟာ
ချောကလက်လေးတွေလိုတန်းစီ
တောင့်တင်းငြိမ်သက်စွာ နိုင်ငံတော်အလံကိုမော့ကြည့်ပြီးအလေးပြုလိုက်တဲ့ဒီကဗျာကို
ဘယ်ဘုရားသခင်ကမှ ကောင်းချီးပေးပေးမပေးပေး
သတိကနေ သက်သာ သက်သာကနေ အေးစေအနေအထားရောက်အောင်
ခင်ဗျားရင်ဘတ်နဲ့ပဲ တွန်းရွှေ့သွားလိုက်ပါ။               ။

သစ္စာမင်းအိမ်
၉၊၁၀၊၂၀၁၃


Posted via Blogaway

Liveစာတန်းထိုးတယ် Coming Soonနဲ့သိမ်းသွားတယ် Hybrid Climaxတွေ

ဒါဟာ ၂၁ရာစုကပ်ဆိုးရဲ့စံချိန်တင်ရုပ်ရှင်ပဲ

အိမ်ကိုပစ်ပြီးခရီးသွားကြသူတွေ အခုထိပြန်မရောက်သေးဘူး

အင်္ကျီကိုနည်းနည်းဆွဲဆန့်လိုက်စမ်း မိုင်ဘီလဗ်ဒေါသား

အာရှနွေဦးမှာ အမဲလိုက်ဦးထုပ်ဆောင်းပြီး အပန်းဖြေမယ်လေ

အရေးကြီးတာက အပျော်တမ်းလိုင်စင်မှာကျည်ထိုးထားဖို့

ဒီလိုပဲ တစ်ခါတစ်ခါကျ ငယ်ငယ်ကတနင်္ဂနွေတွေပြန်အမှတ်ရ

မုတ်ဆိတ်ရိတ်ဓားဘယ်နှစ်ချောင်းကုန်ခဲ့ပြီလဲအတွေးတွေရော

ဟေ့ ခွေးတွေကိုအစာကျွေးဖို့မမေ့နဲ့

အခုထုတ်လွှင့်နေတဲ့သီချင်းသိပ်သာယာတာပဲ

အိပ်ရာဝင်တိုင်းခလုတ်တိုက်လို့ စိတ်ကိုအလင်းဖွင့်ထားရတယ်

ရေခဲနည်းနည်းဆိုဒါများများနဲ့ ဒုက္ခကိုပါးပါးပုတ်နေတဲ့ပွဲတွေပါကွာ

အိပ်မက်တွေချာလပတ်ရမ်းနေလို့ အရုဏ်ဦးနဲ့မတွေ့တာလည်းကြာပြီ

အရှေ့ပိုင်းယာပြင်တွေမှာ မီးခိုးတွေအူနေတုန်းပဲလို့ကြားတယ်

တရားခံကလွဲလို့အားလုံးသေတဲ့မှုခင်းအတွက် ကွင်းလုံးကျွတ်ညီလာခံမှာဆွေးနွေးမယ့်အကြောင်း

ဒါနဲ့ ဘယ်သူအကယ်ဒမီရသွားတာလဲ

တံခါးတွေကိုတစ်ချပ်မကျန်လိုက်ဖွင့်စမ်း

အရေးဆို မျက်နှာကမှန်ပေါ်တော်တော်နဲ့တက်မလာဘူး

ဒီနောက်ပိုင်း ထရေဂါမန်းတွေများလာတယ်

နေစမ်းပါဦး ဟိုတယ်တွေပိုပေါလာလို့ ငလျင်တွေပိုလှုပ်နေတာများလား

ခံစားခဲ့ရသမျှထဲမှာတော့ အရယ်ရဆုံးဟာသပဲ

သူတို့ပြန်ရောလာကြဦးမှာလား ဒယ်ဒီ

 Liveစာတန်းထိုးတယ် Coming Soonနဲ့သိမ်းသွားတယ် Hybrid Climaxတွေ
××××××××××××××××××××××××××××××××××××××××


သိုးမွေးဆွယ်တာနဲ့လည်ရှည်ဖိနပ်တွေထားခဲ့တာကျေးဇူးတင်ရမယ်

ကြိမ်နှုန်းမြင့်နှလုံးခုန်သံတွေရဲ့ လျှပ်စစ်ကုလားထိုင်သံယောဇဉ်ဆိုပါစို့

အလွတ်သဘောနှုတ်ဆက်နေတဲ့ တစ်လံအကွာကလက်တွေ

ပြုံးထား မျက်တောင်မခတ်နဲ့ ရိုက်မယ် ရယ်ဒီ

Check!နောက်တစ်ခါ Check!!ထပ်ခါထပ်ခါ Check!!!!!

ပုံမည်းကြီးတွေ တရှိန်ထိုးပြေးထွက်တယ်

Shit!!!

အပန်းဖြေချင်ပါတယ်ဆိုမှ နွေဦးကခုထိရောက်မလာတော့ဘူး။                ။


သစ္စာမင်းအိမ်
10-02-14