Wednesday, May 15, 2013

အန္တိမ ပါတီ

လောကကိုအသေ စိတ်ကိုအရှင်ထားလိုက်တယ်
ဈာပနပွဲရဲ့ Dancing Floor မှာဆူဆူညံညံတွေခုန်ပေါက်
တစ်ယောက်ရမ္မက်ကို တစ်ယောက်ပွတ်သပ်လို့
တစ်ယောက်သွေးသားကို တစ်ယောက်ဆွဲညှို့လို့
လက်ညှိုးငေါက်ငေါက်တွေဖန်ခွက်ချင်းတိုက်တဲ့ည
တစပြင်ရဲ့ခပ်အုပ်အုပ်ရယ်သံနဲ့အခမ်းအနားကိုဖွင့်တယ်
နေရာယူ.....အသင့်
မလှမ်းမကမ်းမှာ အချို့တွေပျို့အန်တယ်
တောခြောက်ကြီးတွေအန်တယ် မြစ်ကျိုးကြီးတွေအန်တယ်
အတိအကျစာရင်းဇယားနဲ့အန်တယ်
လာ သွားစို့အခန်းထဲ
ဈာပနရှင်ကဆွဲဆွဲထည့်တယ်
ဆွဲဆွဲထည့်တယ်တွန်းတွန်းထည့်တယ်
ဟဲလိုမစ္စ ဟဲလိုမဒမ် ဟဲလိုဟန်နီ......
ဟဲလိုဒါလင်.....ဝေါခနဲထိုးအန်ကြပြန်တယ်
စာရင်းပျောက်အန်တယ်
စည်းချက်ကျကျတုန်ယင်ဖို့ကိုမေ့လို့
လန်တက်နေတဲ့အနက်ရောင်စကတ်ကိုပင့်တင်လိုက်ဖို့
ဒါမှမဟုတ် ဆွဲဆန့်လိုက်ဖို့မေ့လို့
မီးရောင်တွေကိုအရင်ထက်ပိုမှိန်ထား
အပေါဆုံးကဆေးထိုးအပ်တွေပဲ
လက်ဖျံမှာလက်ဖျံမှာစနစ်တကျကူးစက်သွားတယ်
ဈာပနပွဲဟာစင်မြင့်ထက်မှာမိုက်ကိုခဲလို့
ဈာပနပွဲဟာပွဲတက်လာသူတွေကိုပျော်တော်ဆက်တယ်
ဈာပနပွဲဟာ Showgirl
အချို့တွေငေးတယ် တွေးချိန်မရတော့
အချို့တွေချိုင့်ဝင်အနားသတ်တွန့်လိမ်ပိန်ရှုံ့
ဈာပနပွဲဟာရုတ်ရုတ်သဲသဲနဲ့
သူကိုယ်တိုင်ကျမ်းစာဖတ် သူကိုယ်တိုင်မြေချတယ်
တည်းတည်းလေး
ဈာပနပွဲရဲ့မှော်ဝင်ပဉ္စလက်ကကြိုးမပြတ်မီ
မပြတ်မီ တည်းတည်းလေး
လောကရှင် စိတ်သေ
အဲဒီတီးလုံးကို နူးနူးညံ့ညံ့လေးပြောင်းသွားခဲ့တော့တယ်။                  ။


သစ္စာမင်းအိမ်
၃၊၄၊၂၀၁၃

No comments:

Post a Comment