Wednesday, May 29, 2013

မြို့ရဲ့ဆွတ်ကျင်နာမှာ သူလည်းပါမယ် ငါလည်းပါမယ် မြို့ကိုယ်တိုင်လည်းပါဝင်ခဲ့လိမ့်မယ်

မြို့ဟာ သူ့ရင်ကိုဖွင့်ပြီး ရထားတစ်စင်းကိုထွက်ခွာခွင့်ပေးလိုက်ပြီ

ဒါပေမယ့် ဆင်ခြေဖုံးရပ်ကွက်လေးကိုတော့ နှစ်လိုစွာပဲမွေးစားထားတုန်း

လွန်လေပြီးသောအခါက အသံဗလံတွေဆူညံပွက်လောရိုက်ခဲ့တဲ့မြို့ဟာ

အခုတော့ အိုကြီးအိုမအလွမ်းတွေနဲ့ အိပ်တန်းတက်ချိန်ကို မီးခွက်လေးစမ်းနေရပေါ့

အရင်က ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး နောက်ဆုံးသံဝေဂကျမှ အမျှရခဲ့တဲ့

မြို့ရဲ့ရင်နှစ်သည်းချာတွေလည်း အခုပြည်ပန်းညိုဟင်းတစ်ခွက်နဲ့ ဘ၀ကို ချို လို့

မြို့မှာသာ မျက်တွင်းဟောက်ပက်ညတွေထဲ အပေါစားဆန်ဆန်ကြေကွဲခြင်းတွေနဲ့

မ၀လင်စာလေးကို လေလံပြိုင်ဆွဲနေရတယ်

သူမနှစ်သက်တဲ့ပွဲလမ်းသဘင်တွေကို မှောင်အတိချပြီး ကန့်လန့်ကာနဲ့ကွယ်ကွယ်ထားတတ်လွန်းလို့

ဇာတ်လန်ခဲ့ရတာလည်း အကြိမ်ကြိမ်

မြို့ပေါ်မြို့ဖက်တွေအချင်းချင်း လက်ပေးသင်ရင်း အသက်ကိုဥစ္စာလိုငတ်နေရတာကလွဲရင်

မြို့ဟာ ပီပီသသကြီးကို ဗလုံးဗထွေးနိုင်တယ်

အတိုအရှည်မရွေးဘဲ လမ်းဆိုတဲ့ဆိုင်းဘုတ်လေးမြင်တာနဲ

မြို့ဟာ အကြောင်းမဲ့ဗြုတ်ထပစ်လိုက်တာပဲ

တစ်ခါတစ်ခါကျတော့လည်း ရင်ကြားလေးစေ့ပြီး မြို့ဟာလူကြီးလူကောင်းဆန်ဆန်

လက်ဆွဲနှုတ်ဆက်ဖို့ပျက်ကွက်နေတတ်ပြန်တယ်

ပြောရရင် မြို့ဟာမြို့ကိုချွတ်ထားပြီး မြို့အဖြစ်ကွင်းဖွင့်လိုက်တာရယ်

သေတမ်းစာမှာ ဥပဒေအသုံးတစ်လုံးမှမပါဘဲ ရိုးရိုးလေးသေမယ်လို့ဝန်ခံထားတာရယ်

အပြောင်းအလဲဖြစ်မဖြစ် မြို့ဝင်စားအနေနဲ့ ပြန်လာစစ်ဆေးမယ်ဆိုတာရယ်နဲ့တင်

မြို့ဟာ သူ့ရင်ကိုသူ နာကျင်စွာသစ္စာဖောက်ခဲ့ကြောင်း

ထွက်ခွာကာစရထားတစ်စင်းဥသြဆွဲသံနဲ့ လက်ခံလိုက်ရပြီမဟုတ်လား.....။                ။


သစ္စာမင်းအိမ်
၂၉၊၅၊၂၀၁၃

No comments:

Post a Comment