Saturday, October 5, 2013

ရပ်ကွက်အစွန်က အိမ်

အိမ်ပေါက်ဝမှာ "လူပါးဝသူမလာရ" ဆိုင်းဘုတ်တင်ထားတယ်

လူခေါ်ဘဲလ်ကိုတီးလိုက်ပါ


အသားဖြူဖြူ အရပ်ပုပုအမျိုးသမီးကြီးတစ်ယောက် တံခါးလာဖွင့်ပေးပါလိမ့်မယ်


ဧည့်ခန်းနံရံပေါ်မှာ ဘောင်ကွပ်ထားတဲ့ သုံးယောက်ဓာတ်ပုံတစ်ပုံ


အမျိုးသားကြီးက ဒီအိမ်ရဲ့အဝေးကြီးမှာ အလွမ်းကြီးကြီးနဲ့ တာဝန်ကြီးကြီးထမ်းဆောင်နေတယ်


ခင်ဗျားဦးထုပ်နဲ့ကုတ်အင်္ကျီကို သမင်ချိုမှာ ချိတ်ထားနိုင်ပါတယ်


ဖုန်အလိမ်းလိမ်းစန္ဒရားကိုဖွင့်မိရင် သီချင်းတစ်ပုဒ်တော့ ခင်ဗျားတီးရလိမ့်မယ်


သိပ်လည်းစိတ်မပူပါနဲ့


အိမ်ကြွက်တွေဟာ ယဉ်ကျေးပါတယ်


သူတို့ညီညာစွာကခုန်ကြလိမ့်မယ် စည်းချက်ကျကျပေါ့


ရေဒီယိုက အားကစားအစီအစဉ်ထုတ်လွှင့်ချိန်နဲ့တိုက်ဆိုင်နေရင်


ခင်ဗျား သွေးတွေကြွလာလိမ့်မယ် မျက်နှာတွေရဲလို့


အိမ်ထဲထိဖိနပ်စီးပြီးဝင်လာခဲ့မိပြီဆိုရင်တော့ ချက်ခြင်းပြန်သွားချွတ်လိုက်ပါ


ဖိနပ်ချွတ်မှာ


ဒါ ရိုင်းပျတဲ့အပြုအမူတစ်ရပ်မဟုတ်လား


နှစ်သက်ရာအရက်တစ်မျိုးမျိုးမှီဝဲဖို့အတွက်တော့ မျက်လုံးကစားမနေပါနဲ့


ခင်ဗျားရီဝေလောက်စရာ စောစောကဓာတ်ပုံအပြင် ဘာမှမရှိပါဘူး


ငါးကန်ထဲက ရွှေငါးလေးတွေလို ဆာလောင်လာတဲ့အခါ


သဘောကောင်းတဲ့အမျိုးသမီးကြီးက စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းပေးပါလိမ့်မယ်


မြိန်ရေယှက်ရေ သုံးဆောင်ပါ


အရိုးထည့်ဖို့ပန်းကန်တစ်လုံးပေးထားမှတော့


ခင်ဗျား ပန်းကန်ပြားအနားပေါ် စီတင်ထားစရာမလိုတော့ဘူးပေါ့


ပြီးရင် အိမ်နောက်ဖေးမှာလမ်းလျှောက်ဖို့လည်းမမေ့ပါနဲ


ကံကောင်းရင် အမျိုးသားကြီးနဲ့အမျိုးသမီးကြီးတို့ရဲ့သား


ဓာတ်ပုံထဲကကောင်လေးကို အိမ်နောက်ဖေးမှာတွေ့ရနိုင်ပါတယ်


သူ့အနာတွေက တော်တော်နဲ့ကျက်မှာမဟုတ်သေးတော့


သူ့စကားတွေရေစီးရေလာမကောင်းရင် သည်းခံနားထောင်လိုက်ပါ


ခင်ဗျား ခံတွင်းချဉ်လာပြီလား


ကော်ဖီပြင်းပြင်းတစ်ခွက်လောက်နဲ့ ဆေးပြင်းလိပ်တစ်ဖွာလောက်


အိုကေ ဒါတော့ဖြစ်နိုင်ပါတယ်


အမျိုးသမီးကြီးက အပြုံးနဲ့ပဲလာပို့ပေးပါလိမ့်မယ်


အနားယူဖို့အကောင်းဆုံးက စာဖတ်ခန်းပဲ


ကြိုက်ရာစာတစ်အုပ်နဲ့ အချိန်တွေကိုချုပ်ထားနိုင်တယ်လေ


အိပ်ပျော်သွားရင်တော့ စိတ်မကောင်းဖြစ်စရာပေါ့


မအိပ်ရက်တဲ့နေ့တွေချည်းပါတဲ့ ပြက္ခဒိန်တစ်ခု


ဒီအိမ်ရဲ့တစ်နေရာမှာရှိတယ်ဆိုတာ ခင်ဗျားသိခွင့်ရမှာမဟုတ်တော့ဘူး


အိပ်ယာထရင် ခင်ဗျားပြန်ရတော့မှာမဟုတ်လား


ယဉ်ကျေးမှုအရ နှုတ်ဆက်သွားပါ


ခင်ဗျားခြေရာလက်ရာတွေကို ဒီအတိုင်းထားထားပါ့မယ်


တစ်ခုတော့ရှိတယ်


ဒီအိမ်ကနေထွက်သွားတဲ့အခါ


တစ်ချက်လေးဖြစ်ဖြစ် နောက်ပြန်လှည့်ကြည့်ပေးပါ


"လူပါးဝသူမလာရ" ဆိုတဲ့ ဆိုင်းဘုတ်အောက်နားမှာ


"ဤအိမ်အကြောင်း ကျွန်ုပ်တို့သိပါသည်


သင့်အကြောင်း ကျွန်ုပ်တို့မသိပါ" ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ရှိသေးလားဆိုတာ။           ။

သစ္စာမင်းအိမ်
၈၊၇၊၂၀၁၃

No comments:

Post a Comment