Wednesday, October 2, 2013

တစ်ပတ်ကျွမ်း ပြီးတော့နှစ်ပတ်ကျွမ်း မိသားဖသားပီပီ တဲအိုပျက်သွားပုံများ



လက်ထပ်ပွဲဟာ ပရိတ်သတ်ကို ဓားတစ်ချောင်းစီဝေတယ်


တစ်ဝိုင်းကနေ တစ်ဝိုင်းကူးပြီး


ရင်ဘတ်ကြီးကိုလှန် အားရပါးရသုံးဆောင်ခိုင်းတယ်


ကောက်ကျစ်ပြုံးကို ဖဲကြိုးတွေနဲ့သီထားတဲ့


ဂုဏ်သရေရှိဧည့်ခံပွဲကြီးပေါ့


ဖိတ်စာထက် စာချုပ်က ကန္တာရပိုဆန်တယ်


အိုအေစစ်တွေ တဖွဲဖွဲကြဲကြ


ချောင်းမြောင်းမျက်လုံးတွေ အခါတော်ပေးကြနဲ့


လက်ထပ်ပွဲဟာ ၀တ်စုံတွေ ကမန်းကတန်းထ ထလဲတယ်


သတို့သားဆိုတဲ့နေရာမှာ ၀ဋ်ကြွေး


သတို့သမီးဆိုတဲ့နေရာမှာ ဖြစ်ပျက်


အသိသက်သေနေရာမှာ မှော်ဝင်လက်ထပ်ပွဲ


အဲလို အသီးသီး အသီးသီး


ပျော်ပျော်ပြဲပြဲကြီး တစ်ယောက်တည်း လက်မှတ်ထိုးတယ်


လက်ထပ်ပွဲဟာ ချွေးတွေစို့နေပေမယ့် မမောဘူး


နာကျည်းခြင်းမှလွဲ၍ လက်ဖွဲ့ခြင်းသည်းခံပါ


သူ့နောက်ကျောမှာ အဲလိုတက်တူးကြီးနဲ့


ဘိသိက်မြှောက်ရမယ့်အချိန်မှာ သရဏဂုံတင်တယ်


အိုအောင်မင်းအောင်ပေါင်းရပါစေ လို့ တင်တယ်


မင်္ဂလာဦးညရင်ခုန်မှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်တယ်


ဗိုက်လေးပွတ်ပြီး သားသားလေးလား မီးမီးလေးလား


သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် ချစ်မှာဘဲဆိုတဲ့အသံတွေပါအောင် တင်တယ်


လက်ထပ်ပွဲဟာ သာဓုခေါ်တယ်


ဟန်းနီးမွန်းက အာဖရိကလား အာရပ်လား


လက်ထပ်ပွဲဟာ စဉ်းစားဟန်ပြုပြီး ခေါင်းယမ်းတယ်


ပြီးတော့ လက်ဖျောက်တီးတယ် ခေါင်းယမ်းပြန်တယ်


ခေါင်းညိတ်တယ် ခေါင်းခါတယ်


ယန်စီလား ဟန်လား နိုင်းလား 


လက်ထပ်ပွဲဟာ ဣနြေ္ဒမရဘူး


ဆတ်ဆလူးခါ ရွစိထိုး နန့်နန့်တက်နေတယ်


လက်ထပ်ပွဲဟာ ဘယ်သူမှထင်မှတ်မထားတဲ့လုပ်ရပ်တွေနဲ့


လက်ထပ်ပွဲဟာ စိတ္တဇဖောင်းကြွစာလုံးတွေနဲ


ပထမဆုံး သတို့သားကို ထွီခနဲပစ်သတ်လိုက်တယ်


ပြီးတော့ သတို့သမီးကို အချစ် မင်းသေပါတော့ကွယ်လို့ ယဉ်ယဉ်ကျေးကျေးလေး လက်ညှိုးထိုးသတ်တယ်


သိတဲ့အတိုင်း လက်ထပ်ပွဲဟာ သူ့ကိုယ်သူသတ်ရမယ့်အလှည့်ကျ တွေဝေနေပြန်ရော


နောက်ဆုံး မထူးပါဘူးဆိုတဲ့ ပြောင်းလဲခြင်းနဲ့


နှာခေါင်းကိုပိတ်ပြီး ဂွပ်ခနဲ သေပစ်လိုက်တယ်


ထူးထူးဆန်းဆန်း


ဒီကမ္ဘာပျက်ပြီး နောက်ကမ္ဘာအသစ်စမှ


ဒိန်းခနဲ ဆောင့်တက်ဆိုပဲ


လက်ထပ်ပွဲဟာ ဘယ်သံသရာမှာမှ ကျွတ်ဆီထွက်မှာမဟုတ်ဘူး


ဟုတ်လည်းဟုတ်တယ်။ ။

သစ္စာမင်းအိမ်
၁၅၊၈၊၂၀၁၃

No comments:

Post a Comment