စမ်းပြီးမှအတန်းတင်တဲ့ကွက်လပ်ဖြည့်ပါလေးကိုသတိရတယ်
စပျစ်သီးကချိုတုန်းဆိုတော့ ယာဂုအိုးလည်းရွှေစည်းခုံမလှူဖြစ်ဘူး
အ,ချင်တော့ အမှောင်ထဲပျောက်တဲ့လက်စွပ်
ဓာတ်တိုင်အောက်သွားရှာမိတယ်
မိုက်ချင်တော့ တစ်နေ့ရွှေတစ်လုံးတစ်လုံးဥပေးတဲ့ငန်းသတ်လိုက်မိတယ်
ရူးချင်တော့ ရေတွင်းထဲကလဆယ်ဖို့ကြိုးစားမိတယ်
တော်ချင်တော့လား
ဂျစ်ပစီမိုးတိမ်ကိုအကျယ်ကြီးအော်ဆိုခဲ့တာပေါ့
သီးထပ်သီးညှပ်တွေနဲ့ပေါင်းဝတဲ့ယာခင်းလေးက
မမှန်းထားတာထက်ကိုအထွက်နည်းခဲ့တယ်
အမှိုက်တွေကိုဖယ် အနည်တွေကိုစစ်လိုက်တော့
မိုးခါးရေဟာအာသာပြေရုံတစ်ငုံစာပဲ
ဆင်ပြောင်ကြီးကခေါင်းဝင်တုန်းဆိုတော့
ပျားရည်နဲ့လည်းဝမ်းမချဖြစ်ဘူး
မှတ်မှတ်ရရ
လက်ယပ်ခေါ်လိုက်တာက မင်္ဂလာနံနက်ခင်းတွေကိုပါ
ဒါပေမယ့်
ညှီစို့စို့ညပုပ်ကြီးတွေသာဆိုက်ရောက်လာကြတယ်
ဘာများမှားသွားလို့ပါလဲ
ကြက်ခြေခတ်တွေအကုန်ဖြည့်လိုက်တာပဲဥစ္စာ။ ။
သစ္စာမင်းအိမ်
၂၅၊၄၊၂၀၁၃
No comments:
Post a Comment