တကယ်ပွင့်လာတာက ငုတွေ ဒီမြေ ဒီရေ ဒီရာသီလေအဟပ်မှာ ဇာတ်ပေါင်းခန်းမရောက်မီ သံဝေဂဆိုတော့ ပွင့်ဖတ်လေး တစ်လွှာချင်းကွာကျသွားပုံကို တစ်မိနစ်ငြိမ်သက်လိုက်ဖို့ကလွဲလ ငိုကြီးချက်မ မလုပ်လိုတော့ဘူး နွေမှာလည်း သူ့ယဉ်ကျေးမှုနဲ့သူ မိုးမှာလည်း သူ့အစိုးမရမှုနဲ့သူပဲမဟုတ်လား ဘာကြောင့်ထိတ်ပျာနေမှာလဲ မြေနဲ့ရေထိခတ်တဲ့အသံဟာ ရှဲခနဲ ညှော်နံ့တွေ ရင်ထဲကျွံဝင်သွားတယ် ဘာကြောင့်ဆို့နင့်နေမှာလဲ တစ်သံသရာလုံးပေါက်ပြဲခဲ့တဲ့ ဒုလ္လဘအရေခွံကို အတွင်းအပြင်လှန်လိုက်ရုံနဲ့တော့ ပပ်ကြားအပ်လည်း ပြန်စေ့မသွားဘူး လမ်းထဲ အလွမ်းတွေတလူလူလွင့်ကြွေ မြင်နိုင်ဖို့နီးခဲ့ပေမယ့် လင်းလွန်းရင် ဘာမှမမြင်ရတော့သလို တစ်ခါတစ်ခါကျတော့လည်း မျက်လုံးကိုအသာမှိတ် ရင်ခုန်သံကို လက်သိပ်ထိုး တိုးတိုးလေးပဲ မျှော်နေမိတော့တယ်။ ။ သစ္စာမင်းအိမ် |
No comments:
Post a Comment