Wednesday, May 29, 2013

မောနေအောင်ရှာကြည့်တော့ ခေတ်ဟာ အပျက်အစီးတွေကြား အချက်ပြသံ တT T နဲ့


သူရဲကောင်းဖြစ်ဖို့ဆုတောင်းကာမှ ဗုံးနှစ်လုံးလက်မှာကိုင်ပြီး တိုက်ပွဲကြားမားမားကြီးရပ်နေရသလို

ကိုယ်စွမ်းဖို့ ကိုယ်စရတယ်ဆိုတာကိုယ်ထူလို့ ကိုယ်ထနိုင်ခြင်းပဲ

ဘ၀ကသံသေတယ်

ကိုယ်တို့ကတော့ ဘယ်အချိန်အောင်မယ်မှန်းမသိတဲ့ အဂ္ဂိရတ်ဆရာရဲ့ဖိုထဲကသိဒ္ဓိတင်ထားတဲ့ဓာတ်လုံးတွေ

ဒီလိုပဲထိုးကျွေးနေရတယ်

ကိုယ်တို့ contacts list ထဲမှာ အရေးကြီးဆိုတာထက် အရေးပေါ်ဖုန်းနံပါတ်တွေများများလာ

စက်ခေါင်းအသစ်တင်လိုက် ရှန်တိန်လုပ်လိုက်နဲ့မို့ ခရီးကပိုပိုဝေးနေရ

မနက်ဖြန်ဆိုတာကလည်း ဖဲဝိုင်းထဲကဆေးလိပ်တိုလို ဖွာလန်ကြဲလို့ မရွာတဲ့မိုးကမတိတ်တော့ဘူး

သရေကျရင်တောင် ကိုယ်ပဲထွက်ရမှာ အသိနဲ့ ချေပဂိုးသွင်းတော့ နောက်ဆုံးဝီစီသံကတိုက်တိုက်ဆိုင်ဆိုင်

ဟိုဘက်ကမ်းကမီးထိန်ထိန် ဒီဘက်ကမ်းကမီးထိန်ထိန် ကိုယ်တို့အိမ်လည်းမှောင်နေအောင်လင်းတယ်

သဘာဝကျကျဆွဲထားတဲ့ပန်းချီကား အမည်ကို ကျွန် လို့ပေးရမလား မွန်းတည့်ချိန်လို့ပေးရမလား

မဆိုချင်ဘဲဆိုနေရတဲ့သီချင်းပါကွာခေတ်လောက်တော့ အနာတိုင်းလှတယ်

ကျပ်ရလွန်းလို့အရစ်ပြုန်းသွားတဲ့စားဝတ်နေရေးကို အများသုံးအိမ်သာနဲ့မှားမှားတက်ကြလို့စည်းကမ်းရှိပါကပ်ထားရတာမောပြီ

စီးလိုက်ကြစို့ဆိုတော့လည်း ကိုယ်တို့ဟာ မြစ်လိုလို ချောင်းလိုလို လက်လုပ်ယာဉ်လိုလို

ဘယ်လိုထိုးထိုးအသာမရဘူး အနီထောင့်မှာခဏခဏပိတ်မိတယ်

ကိုယ်တို့မျက်နှာပေါ်ကအညိုအမည်းတွေဟာ ကိုယ်တို့နာမည်နောက်က ကွင်းစကွင်းပိတ်ပဲ

တံတွေးလေးဖ၀ါးပေါ်တင် လက်ဝါးစောင်းခုတ်ကြည့် လွင့်သွားတဲ့အရပ်မှာ ကိုယ်တို့သွားရှာကြမယ်

မှိုမရတောင် တရားတစ်ပုဒ်တော့သေချာမှာပါ

သဲလွန်စမကျန်အောင် ပိပိရိရိကြံစည်တတ်လို့ သွေးအေးသတ္တ၀ါစာရင်းထဲ ပွဲတင့်နေတဲ့ ဥာဏ်နီနဲ့ဥာဏ်နက်ညီအစ်ကိုများ

ဒီယုန်မမြင်သေးလို့ ဒီချုံထွင်ထားတာပါဆိုမှ တောခြောက်သံက ရေပက်မ၀င်အောင် ခပ်စိပ်စိပ်တိုးလာပြန်တယ်

ကိုယ်တို့သတိထားရမယ် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် တွန်းရွှေ့ရမယ်

ဒါဟာအန္တရာယ်ဇုန်လို့ သတ်မှတ်ပြီးနောက်ပိုင်း ကိုယ်တို့ပြုပြင်ခွင့်မရတော့တဲ့ ကံကြမ္မာနဲ့သူ၏လက်နက်များပဲ

ကဲ ကဲ ညည်းနေကြာပါတယ် ဘယ်လား ညာလား ရွေး တည့်တည့်အပိတ်ခံထားရတယ်။           ။


သစ္စာမင်းအိမ်
၂၉၊၅၊၂၀၁၃

သတိ - အန္တရာယ်အကွေ့


ကျုပ်မေးမယ် ခင်ဗျားမဖြေနဲ

အကြီးကြီးကောင်တွေ ရေဆူမှတ်ရောက်ရင်

မီးနီပြလား မီးဝါပြလား ဒါမှမဟုတ်မီးစိမ်းလား

အရင့်အရင်ကိုဒီနေ့နဲ့စားရင်

သွေးတိုးလား ဆီးချိုလား ကျောက်ကပ်လား

ကျုပ်ပြောချင်တာကဒီလို

ချိန်ခွင်ကြိုးကိုတစ်ရစ်တင်းပြီး အလေးပြည့်နေသမျှ

အရေးပေါ်ကားလာတိုင်း ကျုပ်တို့ဘေးချရပ်နေရဦးမှာပဲ

ဘယ်လောက်လုံခြုံပါတယ်ဆိုဆို

ကျည်ကုန်တဲ့အခါ သေနတ်ဟာ တုတ်လောက်ရိုက်မကောင်းဘူး

ဆိုတဲ့သင်ခန်းစာတွေ အခန်းထဲဗွက်ထခဲ့တာလည်းအကြိမ်ကြိမ်

မျက်လုံးလေးစင်းထားရုံနဲ့အရသာရှိနေတဲ့

နှိပ်နယ်ခန်းတွေ တစ်ကွက်ချင်းကျော်ပြီး

အောင်စေပိုင်စေမှာ ဖျပ်ခနဲပြန်ဖွင့်လိုက်ပါ

အမှောင်ကိုရင်ခုန်လားဆိုတာထက်တော့

လေချဉ်တက်လို့လည်းကောင်းမယ် လှည့်ပတ်နှုန်းလည်းမြန်လာမယ်

ကျုပ်ရှေ့မှာ ကျုပ်ပဲရှိတယ် ခင်ဗျားမရှိဘူး

သင့်ရာခုံနဲ့လိုက်လာပြီး နောက်မှီရှာနေပုံမျိုးနဲ့

နောင်တကိုစုပ်တသပ်သပ်လုပ်နေတာများ

အစကတည်းက ဇာတ်နာမယ်လို့ကြားထားသားပဲ

ရွေးစရာကိုရွေးပြီးရင် ရွေ့

မိုးလားကဲလားစီးရင်း တစ်ဖက်လွှတ်ပြနေတာအန္တရာယ်

ဒီတော့ ဘယ်နာမည်ယူသုံးမလဲ

အဖြူလား အနက်လား ကွက်ကြားလား

စဉ်းစားဖို့လိုလာပြီ

ကျုပ်မေးမယ်ခင်ဗျားထပ်မဖြေနဲ

မွေးထားတဲ့သားက တောင်းဆိုးပလုံးဆိုးလား

နံရံမှာချိတ်ထားသမျှတော့ အဲဒီဓားဟာဂုဏ်ထူးဆောင်ပဲ

ကျုပ်အဘရဲ့အဘဟာ အသေခင်ပြုံးသွားခဲ့ဖူးတယ်တဲ့

နံပါတ်၅နဲ့ ဖရီးရိုက်ပြီး ဒရစ်ဖ်ဆွဲမောင်းခဲ့တယ်။                      ။


သစ္စာမင်းအိမ်
၂၈၊၅၊၂၀၁၃

မြို့ရဲ့ဆွတ်ကျင်နာမှာ သူလည်းပါမယ် ငါလည်းပါမယ် မြို့ကိုယ်တိုင်လည်းပါဝင်ခဲ့လိမ့်မယ်

မြို့ဟာ သူ့ရင်ကိုဖွင့်ပြီး ရထားတစ်စင်းကိုထွက်ခွာခွင့်ပေးလိုက်ပြီ

ဒါပေမယ့် ဆင်ခြေဖုံးရပ်ကွက်လေးကိုတော့ နှစ်လိုစွာပဲမွေးစားထားတုန်း

လွန်လေပြီးသောအခါက အသံဗလံတွေဆူညံပွက်လောရိုက်ခဲ့တဲ့မြို့ဟာ

အခုတော့ အိုကြီးအိုမအလွမ်းတွေနဲ့ အိပ်တန်းတက်ချိန်ကို မီးခွက်လေးစမ်းနေရပေါ့

အရင်က ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး နောက်ဆုံးသံဝေဂကျမှ အမျှရခဲ့တဲ့

မြို့ရဲ့ရင်နှစ်သည်းချာတွေလည်း အခုပြည်ပန်းညိုဟင်းတစ်ခွက်နဲ့ ဘ၀ကို ချို လို့

မြို့မှာသာ မျက်တွင်းဟောက်ပက်ညတွေထဲ အပေါစားဆန်ဆန်ကြေကွဲခြင်းတွေနဲ့

မ၀လင်စာလေးကို လေလံပြိုင်ဆွဲနေရတယ်

သူမနှစ်သက်တဲ့ပွဲလမ်းသဘင်တွေကို မှောင်အတိချပြီး ကန့်လန့်ကာနဲ့ကွယ်ကွယ်ထားတတ်လွန်းလို့

ဇာတ်လန်ခဲ့ရတာလည်း အကြိမ်ကြိမ်

မြို့ပေါ်မြို့ဖက်တွေအချင်းချင်း လက်ပေးသင်ရင်း အသက်ကိုဥစ္စာလိုငတ်နေရတာကလွဲရင်

မြို့ဟာ ပီပီသသကြီးကို ဗလုံးဗထွေးနိုင်တယ်

အတိုအရှည်မရွေးဘဲ လမ်းဆိုတဲ့ဆိုင်းဘုတ်လေးမြင်တာနဲ

မြို့ဟာ အကြောင်းမဲ့ဗြုတ်ထပစ်လိုက်တာပဲ

တစ်ခါတစ်ခါကျတော့လည်း ရင်ကြားလေးစေ့ပြီး မြို့ဟာလူကြီးလူကောင်းဆန်ဆန်

လက်ဆွဲနှုတ်ဆက်ဖို့ပျက်ကွက်နေတတ်ပြန်တယ်

ပြောရရင် မြို့ဟာမြို့ကိုချွတ်ထားပြီး မြို့အဖြစ်ကွင်းဖွင့်လိုက်တာရယ်

သေတမ်းစာမှာ ဥပဒေအသုံးတစ်လုံးမှမပါဘဲ ရိုးရိုးလေးသေမယ်လို့ဝန်ခံထားတာရယ်

အပြောင်းအလဲဖြစ်မဖြစ် မြို့ဝင်စားအနေနဲ့ ပြန်လာစစ်ဆေးမယ်ဆိုတာရယ်နဲ့တင်

မြို့ဟာ သူ့ရင်ကိုသူ နာကျင်စွာသစ္စာဖောက်ခဲ့ကြောင်း

ထွက်ခွာကာစရထားတစ်စင်းဥသြဆွဲသံနဲ့ လက်ခံလိုက်ရပြီမဟုတ်လား.....။                ။


သစ္စာမင်းအိမ်
၂၉၊၅၊၂၀၁၃

Monday, May 20, 2013

ဟော့ရှော့ကမ္ဘာကြီးမှာ ကိုယ်တို့ဘယ်လိုဟော့ရှော့ကြမလဲ


မသိချင်ယောင်ဆောင်ပြီး
ကိုယ်တို့တွေ ကိုယ့်အပူကိုယ်အာရုံလွှဲလိုက်ကြ
ကိုယ်တို့ခေါင်းပေါ်မှာ တဒီးဒီးပျံသန်းနေတာ ကြားရက်နဲ့
ကိုယ်တို့ရင်ဘတ်ပေါ် တဖျစ်ဖျစ်လောင်ကျွမ်းနေတာ မြင်ရက်နဲ့
တလူလူအငွေ့တွေကိုပဲ ရေလောင်းပေါင်းသင်နေမိကြတယ်
ခန်းနေတဲ့ဘ၀ဆိုတာ
ကိုယ်တို့မေ့ထားတဲ့ဆင်ခြင်တုံတရားလေးပေါ့ကွာ
ရိုးရိုးလေးပါပဲ
ကိုယ်တို့လက်ထဲက ပစ်ချလိုက်မယ့် မျိုးစေ့တစ်စေ့ဟာ
အိမ်တစ်အိမ်ရဲ့ခေါင်မိုးဖြစ်သွားနိုင်သလို
လောကကြီးအတွက်အစိမ်းရောင်တံတားတစ်စင်းလည်း
ဖြစ်သွားနိုင်တာပဲမဟုတ်လား
မမေ့နဲ့လေ ကိုယ်တို့ဟာခရီးသည်
ကိုယ်တို့ဟာ အရိပ်နဲ့တင်လူလုံးလှနေသူတွေ.....
ခေါင်းလေးလျှိုကိုယ်တိုးဝင်လို့မှ မအေးမြနိုင်တဲ့
ဟောဒီကျွတ်ကျဲကျဲ တိုးလျိုပေါက်ကြီးအတိုင်း
လည်ချောင်းတွေခြောက် နှုတ်ခမ်းတွေခြောက်နဲ့
မနက်ဖြန်ဟာမနေ့ကထက်ပိုကြောက်ဖို့ကောင်းလာတယ်
ဆိုတော့ ကိုယ်တို့တွေစဉ်းစားဖို့လိုလာပြီ
ရှေ့မှာမြင်နေရတဲ့ကျင်းတွေထဲ
ကိုယ်တို့သေမှကိုယ်တို့ခန္ဓာဝန်တွေချမလား
မသေခင်တည်းက ကိုယ်ချင်းစာစိတ်လေး
အမြစ်ပါအောင်စိုက်မလားဆိုတာ......။                  ။


သစ္စာမင်းအိမ်
၂၀၊၅၊၂၀၁၃

Wednesday, May 15, 2013

ကျွန်တော့်ကိုဖက်ထားပေး နွေးနွေးထွေးထွေးလေးပေါ့မေမေ

ကျွန်တော်ကြောက်တယ်မေမေရယ်
မြွေတွေအရမ်းတွန်တာပဲ ငှက်ဆိုးတွေအရမ်းအော်တာပဲ
အရှေ့ပိုင်းမှာဆူဆူညံညံနဲ့ ရန်ဖြစ်နေတာလား
အနောက်ပိုင်းတင်မက တစ်ရွာလုံးကိုစိန်ခေါ်နေတာကြားတယ
အဲဒါကိုဖက်တီးလားမေမေ
ဗလအားကိုးနဲ့အမျိုးရင်းတောင်ဓားနဲ့လိုက်ဖို့ကြံတဲ့သူ
အရေးမယူတာဘာကြောင့်လဲ
ဖေဖေရောဘယ်သွားလဲ ခေါ်ပေးပါမေမေ
ထူထောင်ကာစအသိုက်အမြုံလေးမှာ
ဖေဖေ့ခြေရာလက်ရာတွေအတိုင်းသားနဲ
တိုးပွားအောင်လုပ်ရဦးမယ်လေ
ရွာစဉ်ရွာဆက်ခရီးထွက်နေတာစီးပွားရှာနေတာလား
ဖေဖေကပွဲစားလား မေမေကရောဘာလဲ
မေမေလည်းခရီးထွက်တာပဲ
ကျွန်တော်ဆင်းရဲမှာကြောက်တယ်
ဘိုးဘိုးကိုလွမ်းတယ်မေမေရယ် ဒီမြေကိုသူပြန်ရွေးပေးခဲ့တာ
သိလားမေမေ
ခေါင်ယောက်ပေါ်ကပျားအုံကိုဖွပ်ချင်သူတွေ
ဘုရားစင်ဖျက်ချချင်သူတွေ
အတွင်းပစ္စည်းဗြောင်မချင်သူတွေ
အိမ်ရှေ့တည့်တည့်အဖီစွဲချင်သူတေ
များလာတယ် များသထက်များလာတယ်မေမေ
ကျွန်တော်ကျောင်းမနေရတော့ဘူးလား
ပညာတတ်မဖြစ်ရတော့ဘူးလား
ဖေဖေ မေမေနဲ့ ကျွန်တော်ဟာ ကျင်တွယ်ချိုးလား
ကျွန်တော်ကြောက်တယ်မေမေ
ပုံပြင်သစ်တွေနဲ့ချော့သိပ်မယ့်အစား
'ငြိမ်းချမ်းသာယာသောနယ်မြေ' သီချင်းလေးဆိုပြပါ
အသံတွေနည်းနည်းငြိမ်သွားပြီ
မီးလည်းနည်းနည်းမှိန်သွားသလိုပဲ
မမြင်ဘူး မမြင်ရတော့ဘူး မှောင်နဲ့မည်းမည်းထဲ
မိသားစုဓာတ်ပုံလေးဘယ်မှာလဲ
ကျကွဲမသွားစေနဲ့ မှန်စစူးမှာကြောက်တယ်
ဟော.......သံချောင်းခေါက်သံ
မီးလန့်ပြန်ပြီလား ဘယ်နားမှာလဲ
ကျွန်တော်ကြောက်တယ်မေမေရယ်။ ။

သစ္စာမင်းအိမ်
၁၇၊၄၊၂၀၁၃

ကူးတို့ဆိပ်မို့တိုးလို့ဝှေ့

ကြွပ်ဆတ်တဲ့နွေနေ့လည်တခင်းမှာ
အနွေးထည်အထပ်ထပ်ဓာတ်ပုံဟောင်းလေးကိုမြင်တော့
ဖွင့်ထားတဲ့ပြတင်းတံခါးအလိုလိုကန့်လန့်ကျသွားသလိုမျိုး
'အတက်'ဈေးနဲ့ရောင်းမယ့်စိတ်လေး လှောင်လို့ပိတ်မိလို့။

တူးပို့ပြီးရင်နိတ်စ်ဝမ်းပို့ဖို့ပြင်ကားတွေ၅နာရီထွက်မယ်
အခန်းဆက်အပျော်ပဲဆက်ရန်ရှိသည်ပေါ့
ကမ္ဘာ့ခေါင်းခဲမှုကိုအတတ်နိုင်ဆုံးပြေလည်အောင်ဖြေရှင်းပေးသွားကြသောပိုးဖလံများအားအလေးပြု
ဓာတ်ခွဲစစ်ဆေးခြင်းအပြီးထွက်လာသောနောက်ဆုံးရလဒ်မှာမေထုံဖြစ်ကြောင်းနှင့်
အစီအစဉ်ကိုဂျက်မြသောင်းသီချင်းနှင့်ပိတ်မည်ဖြစ်ကြောင်း
'ကြွရောက်...လာကြတဲ့.....လူကြီးမင်းများခင်ဗျာ
ကျွန်တော် ကောင်းနေပါတယ်'
ဟောဒီအပင်ဟာလေမပွင့်ရင်လည်းလုံးလုံး
ပွင့်မယ့်ပွင့်တော့ ခေါင်.....ရမ်း.....ပန်း.....တွေ။ ။

သစ္စာမင်းအိမ်
၁၆၊၄၊၂၀၁၃

ငါ.....တို့..... အ.....တာ

သင်္ကြန်ကျပြီသင်္ကြန်ကျပြီသင်္ကြန်ကျပြီမောင်တို့ သင်္ကြန်ကျပြီသင်္ကြန်ကျပြီသင်္ကြန်ကျပြီမယ်တို့
ဘယ်မှာလဲလက်ယာတောင်ကျွန်းမှာလားလက်ဝဲမှာလား
ဝါယာရှော့ဖြစ်သလိုညှော်တယ်အဇ္ဈတ္တတွေကိုလိုက်စစ်
ယက်သဲ့ခေတ်မဟုတ်ဘူးကျဉ်စက်ခေတ်
ပိုက်နဲ့ထိုးတာလောက်တော့ရင်ဘတ်တွေဟာအလွတ်ရခုန်ကောင်းရုံပဲ
အကုသိုလ်တွေရွှဲရွှဲနစ်နေအောင်ကိုယ်မှာကပ်တယ်ဆွဲခွာ
နယ်စည်းမခြားငါတို့ရဲ့ပေါင်းကူးတံတားပေါ့ကွာ
ယဉ်ကျေးမှုထမင်းခဲကြီးလည်းဝက်စာအိုးထဲမှာ
အပူခံဆိုတော့ကိုယ်တိုင်ကတေဇောဓာတ်ခြေပြတ်လက်ပြတ်တယ်
မျက်နှာချေလူးထားတဲ့လူကြီးလူကောင်းများသပြေခက်ကိုဆတ်ခနဲ
ကမ္ဘာကြီးဟာငြိမ်းချမ်းရေးကင်းမဲ့ဇုန်ထဲပိုစတာကြီးဆွဲလို့
တရွှီရွှီတဖောင်းဖောင်းနဲ့ချွဲကျပ်တယ်အသက်ရှူကျပ်တယ်
ဟိုညီမလေးစကတ်လိုဟိုအစ်မကြီးဘောင်းဘီလို
တိုမျောနေတဲ့ရေစီးကိုပဲဆန်တက်ဆွဲလှည့်ဖို့ပခုံးတပြင်ပြင်နဲ့
အရွဲ့အစောင်းနှုတ်ခမ်းဝကိုတို့လိုက်ရှို့လိုက်လုပ်ပြန်ရော
ပြီးတော့လည်းပြီးတာပါပဲမပြီးခင်သာနှဲ့ရတာကြာ
နှစ်သစ်ကိုဘာနဲ့ကြိုမလဲအနည်းဆုံးတစ်ခါဆိုတော့လေ
မွှေးပါ
သနပ်ခါးဘဲကြားလေးကိုမွှေးပါမြေသင်းနံ့ကိုမွှေးပါမီးကိုမွှေးပါ
မဏ္ဍပ်တွေဟာလေတိုက်တိုင်းလွင့်နေအောင်ဝဲ
အက်ဆစ်လိုအမုန်းများမီးတောက်နေမီးတောက်လောင်နေ
အင်္ကျီလက်ကိုပင့်တင်ပြီးအသင့်စောင့်နေကြတယ်
အချက်ပြပြီလား လာပြီ
ဒုံးကျည်မိုးနဲ့သင်္ကြန်ဒိုး။ ။

သစ္စာမင်းအိမ်
၁၄.၄.၂၀၁၃

မောင်ဆိုးသွမ်း အသက် ၂၅နှစ်

လျော်စရာရှိတိုင်းရိုက်ရိုက်နေတဲ့ခေတ်ပေါ့ကွာ
ကာလပေါ်တေးဆိုတော့လည်းကလပ်ရောက်လိုက်ဘာရောက်လိုက်နဲ့
ရုတ်ရုတ်ဆိုခါးကြားကဖုန်းထုတ်ပြီးသား
နာသွားမယ်ဘာမှတ်လဲ ဇ ရှိရင်ထွက်ခဲ့
အဲလို.....အဲလို
အမေကတော့ပြောတယ်
ည၁၀နာရီရောက်အောင်ပြန်လာပါသားရယ်တဲ့
ဘယ်ကဗျာဆရာကများအိမ်ပြန်ချိန်ကိုနှိုးစက်ပေးထားဖူးလို့လဲ
ရင်ဘတ်ကြီးရဲနေအောင်ဖွာတဲ့ဖွာတဲ့ပြီးရင်
မီးတောက်အနမ်းတွေဂလုဂလုနဲ့မြိုချရဦးမယ်
ယဉ်ကျေးမှုကအမာရွတ်ကိုယ်စီနဲ့
ငယ်ငယ်ကအမှတ်လေးတွေပျောက်ကုန်တဲ့ညလေ
လက်ဖ၀ါးထဲဖိဖိပြီးပွတ်ချေထားတဲ့အရိုင်းစိတ်လေး
လူဝတ်လဲပြီးမှားနှုတ်ဆက်မိတော့
အမေ့အိပ်ယာဝင်ပုံပြင်တွေပင့်ထက်မှည့်ကုန်ရော
ဆုံကြဦးမှာပါ
၆ပေx၃ပေဆိုတော့
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါအမေရယ်။ ။

သစ္စာမင်းအိမ်
၉၊၄၊၂၀၁၃

အလေအလွင့်ရပ်ကွက်

မပီမသတိုးတိုးလေးကြားရတယ် သိစိတ်တွေမသိစိတ်တွေထွေးရောယှက်တင် ခြေချင်းလိမ်နေတဲ့ကိစ္စ
အရေပြားဟာတနုံ့နုံ့နဲ့ကွာကျလာ
မွေးကင်းစကလေးလိုနီတာရဲလို့
ချော်ရည်တွေတမြည့်မြည့်စီးဆင်းနေပုံကို
အကုသိုလ်တစ်လွှာချင်းပွင့်လာပုံနဲ့တော့
ထပ်တူပြု/ခိုင်းနှိုင်းလို့ရမယ်မထင်ဘူး
ပုံပြင်ထဲမှာသိုးဟာဇာတ်လိုက်ဖြစ်တယ်
ညမီးရောင်အောက်မှာတော့သိုးဟာဝံပုလွေယောင်ဆောင်လို့
ကြောင်တောင်နှိုက်လိုက်ဓားပြလိုက်နဲ့
ဘယ်ဆပ်ပြာမှုန့်သုံးသုံးမဖြူစင်တဲ့အိပ်ရာ
သံသာယာလေညင်းလေးလည်းကွေ့ပတ်သွားတယ်
အသက်ရှူခြင်းဟာမီးခိုးတွေနဲ့စနစ်တကျမံထားသလို
ကျပ်စွဲလို့ ထုတွေတဟွတ်ဟွတ်တက်နေတာများ
မကြည့်နဲ့Stethoscopeတစ်ခုရှိတယ်
မကြည့်နဲ့ လုပ်လက်စSutureတစ်ခုရှိတယ်
မကြည့်နဲ့ တန်းလန်းကျနေတဲ့Syringeတစ်ခုရှိတယ်
လူငယ်တစ်စုရှိတယ် ရီဝေမှုကိုယ်စီရှိတယ်
ဖွက်ထားတဲ့သော့ခလောက်ကိုမမြင်သရွေ့တော့
ရှေ့မှာတိုးလျှိုပေါက်ကြီးပဲတွေ့ရလိမ့်မယ်
စီးလားဆိုတော့စီးတယ်
ဒါပေမယ့် အစီးသရေ။ ။

သစ္စာမင်းအိမ်
 
၈၊၄၊၂၀၁၃

ချစ်သူသေသွားတဲ့အခါ

တကယ်လားမျောနေတာလား သေချာအောင်စစ်မယ်
သေချာပြီဆိုရင်
အစွဲမဖြစ်အောင်
သူ့ကိုယ်ပေါ်ကပစ္စည်းတွေအကုန်ချွတ်မယ
မျက်ရည်တစ်စက်ကျမယ်
သူ့မျက်နှာလေးကိုကယ်ရီကေးချားပုံဆွဲမယ်
သက်ပြင်းတစ်ချက်ချမယ်
သူ မကြိုက်တဲ့ကျွန်တော့်ကဗျာတွေ
အားရပါးရတ၀ကြီးရွတ်ပြမယ်
အသံကိုတစ်ချက်တုန်မယ်
နံရံကိုပြေးထိုးမယ်ပန်းအိုးကိုပေါက်ခွဲမယ်
တီဗွီကိုတုတ်နဲ့.....
မရိုက်ဘူး
ဖွဖွလေးပွတ်ပြီးတောက်တစ်ချက်ခေါက်မယ်
သူ့ဆံနွယ်ဖြောင့်ဖြောင့်စင်းစင်းလေးတွေကိုတယုတယ
ဖြတ်မယ်
သက်မွန်မြင့်ကတုံးမကေသိပ်ကြိုက်တယ်လို့
သူပြောဖူးတယ်
သူ့ဆန္ဒကိုအဲလိုဖြည့်ပေးမယ်
ရင်ဘတ်ကိုတစ်ချက်ဖိပြီးမျက်နှာပျက်မယ်
ချစ်သူရဲ့ပုံပြင် သီချင်းဖွင့်မယ်
ခေါင်းကိုတစ်ချက်ယမ်းမယ်
သူ့ဖုန်းနဲ့နာရေးကူညီမှုအသင်းတစ်ခုခုကိုလှမ်းခေါ်မယ်
အားလုံးပြီးပြီဆိုရင်
နောက်ဆုံးအနေနဲ့
သူ့လည်ဖွေးဖွေးသွယ်သွယ်လေးကို
လျှာလေးနဲ့သပ်သပ်ပြီး
ကျွန်တော့်လက်ဗွေရာတွေကို ဖျက်မယ်
ချစ်သူရေ.........
ကောင်းရာသုဂတိလားပါစေ။ ။

သစ္စာမင်းအိမ်
၆၊၄၊၂၀၁၃

ဥုံဖွဒဏ်ရာ

ဟိုဟိုဒီဒီငေးကြည့်မိတော့
လောကဟာ ကျားခေါင်းဓားစက်
ဒါလည်းငြိမိပြန်
ငါသည်ငါ့အတွက် ငါသည်ငါ့မိသားစုအတွက်
မိတ်ဆွေ
ကျွန်တော့်ကို နင်းခွင့်ပြုပါ....တဲ့
အသက်ကယ်ဆေးဟာ
နောက်ဆုံးအချိန်မှသုံးရတာမဟုတ်လား
လောက်မတက်မချင်း
ရင်ကွဲနာကို ရင်ကွဲနာလိုပဲပစ်ထားလိုက်တယ်
မစည်းတော့ဘူး။ ။

သစ္စာမင်းအိမ်

အငြိများ(၂)

ငြိတယ်
မေမေ့လက်ရာငါးသလောက်ပေါင်းလေးငြိတယ်
ဘယ်ဘက်လက်ခုံပေါ်ကအမာရွတ်လေးငြိတယ်
မီးတွင်းမထွက်ခင်အသက်ထွက်သွားတဲ့ငါ့အစ်ကိုလည်းငြိတယ်
ပြည်သူ့တရားရှင်လည်းငြိတယ်
ရေဆင်းလည်းငြိတယ်
လှေခွင်းတောင်လည်းငြိတယ်
Conceptualလည်းငြိတယ်Free Thinkingလည်းငြိတယ်
မအောင်မြင်တဲ့ခွေကြမ်းလေးလည်းငြိတယ်
မူးယစ်ရီဝေPrizeညလေးလည်းငြိတယ်
လွတ်ကျသွားတဲ့ငယ်သူအိပ်မက်လေးလည်းငြိတယ်
ခံဝန်ထိုးပြီးထုတ်ခဲ့ရတဲ့ကဗျာစာအုပ်လေးလည်းငြိတယ်
ဘ၀သံသရာလည်းငြိတယ်
စိတ်သွားတိုင်းကိုယ်မပါလည်းငြိတယ်
ခင်ဇော်မြင့်လည်းငြိတယ်
မောင်နီဦးလည်းငြိတယ်
ရွှေစက်တော်လည်းငြိတယ်
ကျီးလန့်စာစားလည်းငြိတယ်
အငြိငြိအယှက်ယှက်နဲ့
သံချေးတက်နေတဲ့ ငါ့ရင်ဘတ်
အငြိနဲ့ပဲ ရင်ပြင်တော်ကို လက်ယာရစ်ပတ်ခဲ့တယ်။ ။

သစ္စာမင်းအိမ်
၃၊၄၊၂၀၁၃

ကျွန်တော်တို့အားလုံးမှာ အနာကိုယ်စီရှိကြတယ်

မနေ့ကမှဖန်ဆေးထားတဲ့အနာက
ဒီနေ့ လောက်တက်လို့
အရင်နေ့ကအဖေးခွာထားတဲ့အနာက
ဒီနေ့ ပြည်တည်တယ်
အဲဒီအရင်နေ့ကလက်သည်းနဲ့ဆိတ်ထားတဲ့အနာက
ဒီနေ့ ပိုးဝင်ယောင်ကိုင်းလို့
မွေးကတည်းကပါလာတဲ့အနာက
ဒီနေ့မှတစ်ကိုယ်လုံးကိုလှိုက်စားသွားတယ်
ကဲပါ
ကျွန်တော့်အနာတွေကိုမပြတော့ပါဘူ
ခင်ဗျားတို့အတွက်
ခင်ဗျားတို့ရဲ့အနာတွေကသာ အရေးပါပါတယ်။ ။

သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

အတွင်းထဲကလှိုက်တက်လာ အာခေါင်ထဲမှာတလိပ်လိပ်နဲ့ လျှာကနေစီးဆင်းသွားတော့ ခင်ဗျားမကြားချင်တဲ့အကြောင်းတွေ

ဝေါထရိတ်စင်တာပြိုပြီး
ဟေတီမှာငလျင်တွေလှုပ်မှ
သံဝေဂရတတ်တာဆိုရင်
ခင်ဗျားပြည်တွင်းဖြစ်စစ်စစ်မဟုတ်ဘူး
ဧရာဝတီလည်းတရားပြတာပဲ
ရွေးကောက်ပွဲလည်းတရားပြတာပဲ
နောက်ဆုံး လမ်းဘေးရေချမ်းစင်လေးတောင်
သူ့တရားနဲ့သူ
ကျွန်တော်တို့ရင်ဘတ်တွေဟာမှိုင်းဝတယ်
ကျွန်တော်တို့အသွေးအသားတွေဟာ
လိုအပ်ရင်အလိုအလျောက်ဓာတ်ကူးတယ်
ကျွန်တော်တို့အရိပ်တွေဟာနေစိမ်ခံတယ်
ကျွန်တော်တို့မှာ "နောက်ကြည့်မှန်"ပါတယ်
ခင်ဗျားမှာဘာပါလဲ
ကျွန်တော်တို့မှာဆရာကြီးသခင်ကိုယ်တော်မှိုင်းရှိတယ်
ခင်ဗျားမှာဘာရှိလဲ
ဒီမှာကြည့်
ကျွန်တော်တို့လက်နဲ့ထွင်းထုထားတဲ့ရွှေဗဟိုရ်စည်ကြီး
ဘယ်ဘက်ကတီးတီး..........
မြည်တယ်။ ။

သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

အမှတ်တရ သြဂုတ်

အရေးအခင်းနဲ့မွေးလာတဲ့ကောင်
အရေးအကြောင်းတွေကထုနဲ့ထည်နဲ့
ငါ့နာမည်ကင်ပွန်းတပ်တဲ့နေ့မှာ
ရွာဦးကျောင်းပြာကျခဲ့တာပေါ့ကွာ
အမေဟာကျည်ဆန်စားအားရှိခဲ့ရ
ငါ့အဖေငါ့အဖိုး
ဓားရိုးကိုငါ့ဆီကမ်းခဲ့တယ်
ကျေးဇူးပြုပြီးပြောပါ
ပြဿနာဘယ်မှာလဲ။ ။

သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

ကလေးတစ်ယောက်နဲ့ ကြာဖြူတစ်ပွင့်

ကြာဖြူတစ်ပွင့်
တောင်ထိပ်မှာတင့်တယ်နေလိုက်ပုံ
ကလေးငယ်တစ်ယောက်ရဲ့မျှော်လင့်ချက်ဟာ
အဲဒီပန်းချီကားကအစပြုခဲ့ပါတယ်
ဟိုဘက်တောထဲမှာ
စန္ဒကူးတွေရှိလားမေမေ။ ။

သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

အကြီးကောင်

လောကဓံဗန်းကိုခေါင်းပေါ်ရွက်ပြီး
အမေဈေးရောင်းထွက်သွားတော့
လေဖြတ်နေတဲ့လူမမာအဖေကပြောတယ်
အရက်တစ်ပိုင်းလောက်ဝယ်ပေးပါသားရယ်တဲ့
ထမင်းကြမ်းမကျန်ဘူးကိုကြီး
မုန့်ဖိုးပဲပေးတော့
ညီနဲ့ညီမလွယ်အိတ်လေးတွေဘေးချလို
ကျွန်တော့်ကိုကြည့်နေလိုက်ကြတာ
အဲဒီခဏမှာ
ကျွန်တော့်ရင်ဟာ ဟီရိုရှီးမား။ ။

သစ္စာမင်းအိမ်
၂၆၊၃၊၂၀၁၃

ဟိုမြင်းဒီမြင်းရွှေ့လိုက်တော့ ခွချက်

ခြေထောက်တွေက အသက်ရှူဖို့မေ့နေကြတယ်
မြစ်တွေအငိုမတိတ်တော့ဘူးလား
အခုအရေးပေါ်သတင်းကြေညာပါမယ်
ဟိုဘာသာနဲ့ဒီဘာသာ ကြားလေသွေးပြီး
ဟိုအိမ်ဒီအိမ် လှေကားပြောင်းတက်နေကြပါတယ်
ဟိုလူဒီလူတွေ ဘောလုံးပွဲစရန်အသင့်
ဟိုမီးဒီမီး နေရာကွက်ကျားရွာလို့
ဟိုအသံဒီအသံ "ဂယ်ပေါက်"ရှာနေပါကြောင်း
အဲဒီပရိုဂရမ်မှာ ကိုယ်တစ်ယောက်လည်းစွန့်စွန့်စားစား
ကောင်းကင်စာတွေကြဲတယ်
ဆန္ဒမွန်တွေ နှုတ်တက်ရွရွရွတ်တယ်
ကဲ
ချောကလက်လေးတွေတန်းစီ
ဒီနေ့ရဲ့နောက်ဆုံးအခြေအနေဟာ
ပြည်ပန်းညိုဟင်းခွက်ထဲကဆားနဲ့
အမှတ်တမဲ့လမ်းချော်သွားတဲ့ မြို့ပတ်ရထား
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
ကျွန်တော် သစ္စာမင်းအိမ်ပါ။ ။

သစ္စာမင်းအိမ်
၂၅၊၃၊၂၀၁၃

အဲဒီလူမှာ ခေတ်နဲ့၊ ကွန်ပတ်စ်နဲ့၊ ဓားထိုးခံထားရတဲ့နောက်ကျောနဲ့

လွှင့်ပစ်ပြီးသားအိပ်မက်အကျိုးအကြေတွေကို
စိတ်အညောင်းခံပြီး လိုက်ကောက်မနေနဲ့တော့ကိုယ့်လူ
လောကဆိုတာ တစ်ခါသုံးအပ်ပဲ
ကိုယ်ခံအားနည်းရင် ရောဂါပိုးဝင်မယ်
လုံးဝ ရံဖန်ရံခါ မကြာခဏ အမြဲ
ဘယ်လောက်ကွဲလွဲစမ်းပါစေ
လူကမတွဲလည်း လမ်းကတွဲလိမ့်မယ်
ခင်ဗျားအင်္ဂါရုပ်ကိုဖျောက်ဖို့
သောက်သာသောက်ကိုယ့်လူ
လောလောဆယ်လိုနေတာ
ငြိမ်းချမ်းရေးပဲ
စိတ်အာဟာရပဲ
အိပ်ယာနွေးနွေးပဲ
မျက်လုံးဖွင့်လိုက်တာနဲ့ ကောင်းကင်ကြီးကိုမြင်ရတဲ့အရသာ
ကောင်းကင်ပေါ်တက်ရှာလို့မရဘူး
သမ္မတရုံးခန်းထဲသွားရှာလို့မရဘူး
အဲဒီတော့ကိုယ့်လူရာ
"ယောနိသော မနသိကာရ"
သင့်တင့်စွာတစ်ပက်ချင်းသွင်းရာ၏ဆိုတဲ့အတိုင်း
ခင်ဗျားရင်ဘတ်ကိုအရင်ရှင်းလိုက်
တင်ပလ္လင်ခွေပြင်ထိုင်လိုက်
သက်သောင့်သက်သာရှိအောင်..........
ဟေ့လူ
ဘာလို့ခေါင်းယမ်းနေတာလဲ
ပြောမရလည်း ကောက်ဗျာ ကောက်။ ။

သစ္စာမင်းအိမ်
၂၄၊၃၊၂၀၁၃

မရဲတရဲသင်္ကြန်


စိုက်ထားတာက ပိတောက်
တကယ်ပွင့်လာတာက ငုတွေ
ဒီမြေ ဒီရေ ဒီရာသီလေအဟပ်မှာ
ဇာတ်ပေါင်းခန်းမရောက်မီ သံဝေဂဆိုတော့
ပွင့်ဖတ်လေး တစ်လွှာချင်းကွာကျသွားပုံကို
တစ်မိနစ်ငြိမ်သက်လိုက်ဖို့ကလွဲလို့
ငိုကြီးချက်မ မလုပ်လိုတော့ဘူး
နွေမှာလည်း သူ့ယဉ်ကျေးမှုနဲ့သူ
မိုးမှာလည်း သူ့အစိုးမရမှုနဲ့သူပဲမဟုတ်လား
ဘာကြောင့်ထိတ်ပျာနေမှာလဲ
မြေနဲ့ရေထိခတ်တဲ့အသံဟာ ရှဲခနဲ
ညှော်နံ့တွေ ရင်ထဲကျွံဝင်သွားတယ်
ဘာကြောင့်ဆို့နင့်နေမှာလဲ
တစ်သံသရာလုံးပေါက်ပြဲခဲ့တဲ့ ဒုလ္လဘအရေခွံကို
အတွင်းအပြင်လှန်လိုက်ရုံနဲ့တော့
ပပ်ကြားအပ်လည်း ပြန်စေ့မသွားဘူး
လမ်းထဲ အလွမ်းတွေတလူလူလွင့်ကြွေ
မြင်နိုင်ဖို့နီးခဲ့ပေမယ့်
လင်းလွန်းရင် ဘာမှမမြင်ရတော့သလို
တစ်ခါတစ်ခါကျတော့လည်း
မျက်လုံးကိုအသာမှိတ်
ရင်ခုန်သံကို လက်သိပ်ထိုး
တိုးတိုးလေးပဲ မျှော်နေမိတော့တယ်။ ။

သစ္စာမင်းအိမ်

လူကြီးမင်းထံပေးစာ

သို့/
ဆာတီးမူး

အကြောင်းအရာ။ ။အဘယ်ကြောင့်ဆိုသော်။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍
ရင်ဘတ်တစ်ခုအရင်းပြု မဟုတ်ဘူး မျှော်လင့်ချက်တစ်ခုအရင်းပြု ဟာ မဟုတ်ဘူး တကယ်ကအဲဒါထက်ပိုတယ် စိတ်ညောင်းကိုယ်လေ ဂစ်တာလည်းအဲဒါကြောင့်မတီးတတ်တာ လက်ဗွေရာစိုစိုပြေပြေလေးမို့လား အသားမာကတက်တယ် အတွင်းထဲမှာ ပါချင်တယ် ပါချင်တယ် အားလား ဟုတ် မအိပ်ဘူး ဆိုသလောက်ပဲ ၀မ်းချ မျက်နှာပြင်လေးပွတ်ပွတ်ပြီးချ ရထားတွေ ဆယ့်နှစ်နာရီပန်းတွေ ကြိုးစင်ဘေးကဟစ်တိုင် အို အကြောင်းအရာနဲ့ဘာဆိုင်လို့လဲ။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတိ၍
ထမင်းစားဘီယာသောက်ဖို့ မဟုတ်ရင် တံတွေးမြိုဗိုက်မှောက်ဖို့ လက်မှတ်ကတိုးလို့တန်းလန်း ရေးထားတယ် ဇွဲ ဇွဲ သတ္တိ မကြားဘူးဆိုမှတော့ကြာပြီပေါ့ သေသေသပ်သပ်ခေါက်လိုက် တွန့်ကြေစ စာကြောင်းအဟောင်းအမြင်းလေးတွေကို ကဲကွာ နှစ်လုံးတစ်ပိုဒ် ပြီးတော့ နှစ်လုံးတစ်ပိုင်း မနက်ဖြန်လည်းဆူရော သန်ဖက်ခါရော အဲဒါရွှေပဲ အဲဒါမြွေပဲ ကူးချင်လိုပါ လုပ်ကြစမ်းပါ သေလို့ရတယ် ဘာမှတ်လဲ နဖူးမှာစတစ်ကာနဲ့ သနားကြပါနဲ့ မြင့်လိုက်ပုံ မြို့ပြက ပုံနှိပ်စက်က သရုပ်ဖော်က မူက ဘောင်က အို အကြောင်းအရာနဲ့ဘာဆိုင်လို့လဲ ဟ ဆိုင်ပါသော်ကော ဆိုင်ပြီလားဟ ငတုံးရ ငပေါရ အခုပြောနေတာဒါပဲ ပါချင်တယ်လို့ တစ်နေ့လာ နောက် တစ်နေ့လာ အာရုံကန်းတယ် မဟုတ်ဘူး လေချွန်နေမယ် ဟာ ပေါက်တတ်ကရ ပျောက်သောလမ်းမှာစမ်းတ၀ါး နက်လိုက်တဲ့တွင်း ကောလိုက်တဲ့ကံ အမယ်မင်း အီဖေကိုယ် ဂန်းစတားစတိုင် အို အကြောင်းအရာနဲ့ဘာဆိုင်လို့လဲ။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍
မပြောတော့ဘူး မပြောတော့ဘူး ပြောကိုမပြောချင်တော့ဘူး အပြောနဲ့အလုပ်ဟာ အတွေးကစတာတဲ့ မတွေးတော့ဘူး မတွေးတော့ဘူး တစ်ခုတော့ရှိတယ် အို တွေးကိုမတွေးချင်တော့ဘူး။

လေးစားစွာဖြင့်
မပြည့်သူ
(ဦးနှောက် ၀မ်းစာ အတတ်ပညာ)

သစ္စာမင်းအိမ်
၁၈၊၄၊၂၀၁၃

ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး


ဒီနေ့တနင်္လာနေ့မို့
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး
ဘာဆိုင်လို့လဲ
ဆိုင်ဆိုင်မဆိုင်ဆိုင်
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး
မနက်ဖြန်ရော
မနက်ဖြန်ကအင်္ဂါနေ့မို့ သန်ဖက်ခါကဗုဒ္ဓဟူးနေ့မို့
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး
နောက်အပတ်ထဲရော
မေ့တတ်လိုက်တာအချစ်ရယ်
ကိုယ်တို့ဂစ်တာတီးပြီးသီချင်းဆိုရဦးမယ်လေ
မင်းဆံနွယ်လေးတွေကကိုယ့်မျက်နှာပေါ်
စင်္ကြံင်္လျှောက်လို့
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး
နောက်နှစ်ဆိုရင်ရော
မင်းမွေးနေ့ရှိတယ်ကိုယ့်မွေးနေ့ရှိတယ်
နှစ်ပတ်လည်ကိတ်မုန့်လည်းလှီးရဦးမယ်
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူး
အဲဒါဆိုဘယ်ချိန်ရန်ဖြစ်မှာလဲ
မသိသေးဘူးအချစ်ရယ် တစ်နေ့နေ့ပေါ့
ဂစ်တာကြိုးလေးပြတ်သွားတဲ့အချိန်ဖြစ်ကောင်းဖြစ်မယ်
ရင်ခုန်သံတွေလိပ်စာပျောက်တဲ့အချိန်ဖြစ်ကောင်းဖြစ်မယ်
သေချာတာက
တနင်္လာ အင်္ဂါတွေရှိနေသေးသရွေ့
မင်းမွေးနေ့ကိုယ့်မွေးနေ့ကိုမမေ့သေးသရွေ့
မင်းဆံပင်ရှည်ရှည်တွေဖြန့်ချထားသရွေ့တော့
ကိုယ်တို့ရန်မဖြစ်ကြတော့ဘူးအချစ်ရယ်။ ။

သစ္စာမင်းအိမ်
၂၀၊၄၊၂၀၁၃

ငါအိုသွားသောအခါ


တနေ့တခြားလူပါးဝပြီးခန့်ခန့်လာတဲ့ငါ့ကိုကြည့်ပြီး
မနာလိုမဖြစ်ပါနဲ့
ချစ်စရာလေးချစ်စရာလေးလို့ပြောပြောပြီး
မင်းတို့ပါးလေးတွေကိုဘယ်ပြန်ညာပြန်ရိုက်ခဲ့ဖူးတာ
သတိရပေးပါ
တုန်ချိတဲ့လက်တွေနဲ့ဂျွတ်စ်အောင်မခုတ်နိုင်တော့တဲ့အခါ
ငါ့ကိုမငြူစူပါနဲ့
မင်းတို့လင်မယားလုပ်တမ်းကစားကြဖို့
ငါကမကထလုပ်ပေးခဲ့တာ
သတိရပေးပါ
ရေချိုးခန်းထဲသီချင်းအကျယ်ကြီးအော်ဆိုမိတဲ့အခါ
ငါ့ကိုစိတ်မပျက်ပါနဲ့
ဒီအသံနဲ့မင်းတို့ကိုတောင်းကျွေးခဲ့ဖူးတာ
သတိရပေးပါ
အညောင်းပြေအညာပြေအနှိပ်ခန်းသွားမိခဲ့ရင်
ငါ့ကိုမငြိုငြင်ပါနဲ့
ငါ့မှာအကြောထောင်တဲ့ရောဂါရှိတယ်ဆိုတဲ့အကြောင်း
ပုံပြင်တစ်ပုဒ်သဖွယ်ပြောပြခဲ့ဖူးတာ
သတိရပေးပါ
ကွန်ပျူတာတစ်လုံးနဲ့အိပ်ယာထဲလဲတဲ့အခါ
ငါ့ကိုပစ်မထားပါနဲ့
မင်းတို့နားမျက်စိကိုဖွင့်ပြီးပါးစပ်ကိုပိတ်ထားခဲ့တာ
သတိရပေးပါ
အခုဖြစ်နေတဲ့ပဋိပက္ခတွေအကြောင်း
အထပ်ထပ်အခါခါမေးမိခဲ့ရင်
ငါ့ကိုအပြစ်မမြင်ပါနဲ့
'ဘာကြောင့်'ဆိုတဲ့မေးခွန်းတိုင်းကို
စိတ်ရှည်လက်ရှည်ဖြေပေးခဲ့ဖူးတာ
သတိရပေးပါ
ငါ့ကိုရှင်းပြပေးကြပါ
ငါအိုပြီ တပည့်တို့။ ။

သစ္စာမင်းအိမ်
၂၁၊၄၊၂၀၁၃

လွယ်လွယ်ရတဲ့ကဗျာ မရေးတော့ဘူး


ရှက်တယ်
ကိုယ့်သိက္ခာကိုယ် ငုံ့ငုံ့ကြည့်နေရတာ
အယားပြေထားတဲ့ ဇိုးဇတ်ဇတ်နိုင်မှုတွေက
လက်ညှိုးတွကိုမျှားခေါ်လို့
ခန်းလုံးပြည့်မတတ်အပေါစားစော်နံတယ်
တခါတခါရှူး တိုးတိုးလုပ်တတ်ပေမယ့်
များသောအားဖြင့်က ဗူဗူဇီလာတွေ
ဆိုတော့
ကျွန်တော်ဆုံးဖြတ်လိုက်တယ်
လွယ်လွယ်ရတဲ့ကဗျာမရေးတော့ဘူး
ဆိုတဲ့ကဗျာကို
သုံးမိနစ်နဲ့ပြီးအောင်ရေးလိုက်တယ်။ ။

သစ္စာမင်းအိမ်
၂၁၊၄၊၂၀၁၃

မင်းနာမည်နဲ့မြို့

အတွေးတွေကဆုန်စိုင်းမိတိုင်း
မင်းနာမည်နဲ့မြို့ကိုရောက်ရောက်သွားတတ်တယ်
ငါသိသလောက်တော့ ငါ့ကိုမသိတဲ့မြို့ပေါ့
ဘာသာရေးအရမဟုတ်ဘဲ
အိပ်မက်စီးပြီးဝင်ခွင့်တားမြစ်ထားတဲ့နေရာတွေနဲ့
မျှော်လင့်ချက်အတိုအပြတ်တွေ
ဝတ်ဆင်ခွင့်မရှိတဲ့နေရာတွေနဲ့
လမ်းသွယ်လေးတွေကအစ မီးနီမီးဝါတွေနဲ့
ရင်လွဲမတတ်အကန့်အသတ်သိပ်များတယ်
ငါကလည်းလိပ်စာခဏခဏမှားတယ်
ငါ့ကျူးကျော်ဆန္ဒတွေကို စီမံချက်နဲ့ဖျက်လားဖျက်ရဲ့
ခေါင်းလောင်းသံလေးလွှင့်လို့
ငါ့နေ့တွေညတွေကို အမှိုက်လိုသိမ်းလားသိမ်းရဲ့
အ၀င်ဝမှာတောင် နှုတ်ခွန်းဆက်သပါ၏ဆိုင်းဘုတ်နဲ့
ငါနားလည်သလောက်တော့ ငါ့ကိုနားမလည်တဲ့မြို့ပေါ့
ဒီမြေမှာပန်းတစ်ခင်းပျိုးဖို့စိတ်ကူးနဲ့
ကန္တာရဆူးပင်တွေအရင်ရှင်းလိုက်တယ
ငါတွေးမိသလောက် ငါ့ကိုမတွေးမိတဲ့
မင်းနာမည်နဲ့မြို့။ ။

သစ္စာမင်းအိမ်
၂၄၊၄၊၂၀၁၃

ဘယ်လိုနေထိုင်ရမလဲဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်ပါပဲ

စမ်းပြီးမှအတန်းတင်တဲ့ကွက်လပ်ဖြည့်ပါလေးကိုသတိရတယ်
စပျစ်သီးကချိုတုန်းဆိုတော့
ယာဂုအိုးလည်းရွှေစည်းခုံမလှူဖြစ်ဘူး
အ,ချင်တော့ အမှောင်ထဲပျောက်တဲ့လက်စွပ်
ဓာတ်တိုင်အောက်သွားရှာမိတယ်
မိုက်ချင်တော့ တစ်နေ့ရွှေတစ်လုံးတစ်လုံးဥပေးတဲ့ငန်းသတ်လိုက်မိတယ်
ရူးချင်တော့ ရေတွင်းထဲကလဆယ်ဖို့ကြိုးစားမိတယ
တော်ချင်တော့လား
ဂျစ်ပစီမိုးတိမ်ကိုအကျယ်ကြီးအော်ဆိုခဲ့တာပေါ့
သီးထပ်သီးညှပ်တွေနဲ့ပေါင်းဝတဲ့ယာခင်းလေးက
မမှန်းထားတာထက်ကိုအထွက်နည်းခဲ့တယ်
အမှိုက်တွေကိုဖယ် အနည်တွေကိုစစ်လိုက်တော့
မိုးခါးရေဟာအာသာပြေရုံတစ်ငုံစာပ
ဆင်ပြောင်ကြီးကခေါင်းဝင်တုန်းဆိုတော့
ပျားရည်နဲ့လည်းဝမ်းမချဖြစ်ဘူး
မှတ်မှတ်ရရ
လက်ယပ်ခေါ်လိုက်တာက မင်္ဂလာနံနက်ခင်းတွေကိုပါ
ဒါပေမယ့်
ညှီစို့စို့ညပုပ်ကြီးတွေသာဆိုက်ရောက်လာကြတယ်
ဘာများမှားသွားလို့ပါလဲ
ကြက်ခြေခတ်တွေအကုန်ဖြည့်လိုက်တာပဲဥစ္စာ။ ။

သစ္စာမင်းအိမ်
၂၅၊၄၊၂၀၁၃

အခန်းနံပါတ် ၂၀၁၃


ပဋိဇီဝဆေးကိုအကြောထောင်အောင်ထိုးပြီး မောင့်/မေ့အချစ်မြားစူးနေတာ အနုပညာ
လက်ကွက်လေးချောက်ချက်ချောက်ချက်နဲ့ထွက်ရပ်ပေါက်နေတာ အနုပညာ
ကိုယ့်ရှူးကိုယ်ပတ်ကိုယ့်အတတ်ကိုယ်စူးပြီး အရူးရှင်းတမ်းထုတ်ပြန်နေရတာ အနုပညာ
ပရိစ္ဆာဂပရိစ္ဆာဂဆိုပြီး အတ္တတွေချည်းကျင်းထဲရိုက်ထည့်နေတာ အနုပညာ
ကျားစီးဖားစီးအသုံးအနှုန်းတွေနဲ့ တံတွေးသီးနေတာ အနုပညာ
ပြက္ခဒိန်ကိုခေါင်းအုံးလုပ် ရက်ရာဇာအိပ်မက်တွေဆုတ်ဆုတ်ပစ်နေတာ အနုပညာ
ခွက်ကပ်နဲ့မူးပြီးတစ်သံသရာလုံးပြန်ဖြေနေရတာ အနုပညာ
ဖော်မြူလာအလွဲတွေနဲ့သုတေသနအခန်းထဲပြောင်းပြန်ဓာတ်ပြုနေတာ အနုပညာ
ရှစ်နာရီနဲ့ မွန်းတည့်နေတာ အနုပညာ
တို့မီးရှို့မီးပေါ့ဆမီးတွေထဲမဆီမဆိုင်ခေါင်းဝင်ညိတ်တာ အနုပညာ
မရဏာနုဿတိကမ္မဋ္ဌာန်းစီးဖြန်းပြီးသုဿာန်ဓုတင်ဆောင်နေတာ အနုပညာ
ခင်ဗျားတို့ရဲ့အနုပညာ ကျွန်တော်တို့ရဲ့အနုပညာဟာ
အခုအရေးပေါ်ခန်းထဲမှာရောက်နေပါတယ
လာ
တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့
တစ်ယောက်မျက်လုံးကိုတစ်ယောက်စောင့်ကြည့်လို့
အနုပညာနာမေးသွားကြစို့။ ။

သစ္စာမင်းအိမ်
၃၀၊၄၊၂၀၁၃

ကုန်းနေငါး



ခြောက်သွေ့နှုတ်ခမ်းလေးတွေ တစ်အိမ်တက်ဆင်းမိုးခေါ်ကြပြီ
အိုးလွတ်ခွက်လွတ်ဆုတောင်းမှာ အလောင်းစည်သူမင်းဟာဖောင်တော်လှည့်လို့
ကန္တာတစပြင်ကိုဒုက္ခသစ္စာနဲ့ပဲညှို့နေကြရတယ်
ကြာပန်းအဖုံဖုံပွင့်စေကြောင်းတရားတော်ပါပဲ
ဒေ၀ဒတ်ရဲ့နောက်ဆုံးထွက်သက်ကို မေးထိုးဆပ်နေကြတဲ့ကြွေးခံတွေ
ပွက်ပွက်ဆူသဲထဲ တောင်စဉ်မရခဲ့
တစ်ချက်ငင်လိုက်တဲ့အခါ ရှိုက်သံတစ်ထောင်ပါလာတယ်
ငရဲကြီးရှစ်ထပ်ပါလာတယ်
ဖျပ်ဖျပ်လူးဘ၀တွေပါလာတယ်
ဘယ်ဂါထာပစ်ကျွေးရမလဲ
အခုတော့
အရုပ်ကြိုးပြတ် သောကရီတစ်မနက်သက်မျှော်ခင်းထဲ
အပူသည်ကဗျာကိုပဲ နှစ်ဖက်ခွဲပြီးလွန်ဆွဲခဲ့ကြရပေါ့။ ။

သစ္စာမင်းအိမ်
၎၊၅၊၂၀၁၃

နေပြည်တော်ရှိ ရေရှားမိသားစုများကို စာနာသောအားဖြင့် ရေးပါသည်။

မကျေလည်ခြင်း (၁)

သံယောဇဉ်ဆိုတဲ့passwordကိုချိန်းပစ်မယ်
ငါ့လူမှုကွန်ယက်မှာပိတ်မိနေတဲ့
စက္ကူငါးတွေလွှတ်ပစ်မယ်
တစ်သက်မှာတစ်ခါသာဝင်ဖူးတဲ့စိတ်ကောင်းမျိုးနဲ့
မလွမ်းလောက်ပါဘူးကိုခေါင်းလောင်းထိုးလှူမယ်
ကမ္ဘာမြေရဲ့. ကမကထသွေးအေးမှုကို
ရှော့ခ်ရိုက်မယ် ချီးမွမ်းခန်းဖွင့်မယ်
ခပ်တည်တည်နဲ့
အကုသလကြီးရင်ဘတ်ထဲထည့်လွယ်ပြီး
ဆွမ်းခံရင်းငှက်သင့်မယ်
နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်တဲ့
လာရာလမ်းမှာ အက်ဆစ်မိုးတွေ
သောင်းသောင်းဖြဖြရွာတဲ့အကြောင်း
မြို့လေးကိုအသိပေးရင်း
ရွှဲရွှဲစိုဆင်ခြေဆင်လက်တွေနဲ့
ဒီညကိုလည်းထုံးစံအတိုင်းမှောင်အတိချထားလိုက်တော့မယ်။ ။

သစ္စာမင်းအိမ်

အလုပ်ရလို့ လစာထုတ်ရင်




သွားကိုဝတဲ့အထိတိုက်မယ်
ဖိနပ်ပြတ်လေးချုပ်မယ်
အိပ်ကပ်ပါတဲ့အင်္ကျီရွေးဝတ်မယ်
မန်းမြို့တော်ပေါက်စီစားမယ်
ရက်လွန်နေတဲ့စာအုပ်တွေပြန်အပ်မယ
နာရီဓာတ်ခဲလဲမယ်
ဆံပင်ညှပ်မယ်
ထူးအိမ်သင်လက်ရွေးစင်ခိုးကူးခွေတစ်ခွေလောက်ဝယ်မယ်
အားဆေးတစ်လုံးလောက်သွင်းမယ်
ဘာကားတင်တင်ရုပ်ရှင်ကြည့်မယ်
ရေခဲရေနှစ်ခွက်ဆင့်သောက်မယ်
ကိုယ့်ကိုယ်ကိုယုံကြည်မှုပြန်မွေးယူမယ်
ဘူဇွာမဆီဖုန်းဆက်မယ်
ပိုက်ဆံရှိကြောင်းကြွားမယ်
အထက်စီးကနေချည်းပြောမယ်
စာအုပ်အဟောင်းဆိုင်သွားမွှေမယ်
ငွေနဂါးဆေးပေါ့လိပ်ကိုအစည်းလိုက်ဝယ်ပြီး
အငွေ့မပြတ်အောင်ဖွာမယ်
ငါးရာတန်တစ်ရွက်အနုတ်ဖြတ်ပြီး
စွယ်တော်ဘုရားကိုအားရပါးရလှူမယ်
ဲ့ဖေဖေနဲ့မေမေကျန်းမာပါစေဆိုတဲ့စာလေးရေးထည့်ဖို့ စာအိတ်တစ်လုံး မဖြစ်မနေ၀ယ်မယ်
အလုပ်ရလို့ လစာထုတ်ရင်
အဲဒါတွေအကုန်လုံး
တစ်ခုချင်းလုပ်မယ်
လို့ စိတ်ကူးယဉ်ထားတယ်။ ။

သစ္စာမင်းအိမ်
၇၊၅၊၂၀၁၃

ကိုယ်ဟာ ဒီကဗျာကို ပျော်လို့ရေးခဲ့တာမဟုတ်ဘူး

ဘာပဲဖြစ်ဖြစ်လေ
သံသရာဆိုတာကတော့ကိုယ့်ဘက်ကိုယ်ယက်မှာပဲ
ကိုယ့်ပျာယီးပျာယာရွှေသွားလေးမကျွတ်အောင်ပဲဂရုစိုက်ဝါး
ဒီနေ့နဲ့မနက်ဖြန်ကအားလုံးသိတဲ့အတိုင်း
ချေးမခါးတောင်အရိုးများတယ်
ရှောင်လေဝေးဝေးအသက်ကယ်ဆေးထဲ
ဒဏ်ရာတွေကြိုးဖြတ်လွှတ်ခဲ့ပြီးမှ
ကိုယ့်သူမကယ်နိုင်သူ့ကိုယ်မကယ်နိုင်နဲ့
ဟူး ဝေးပြီဘေဘီရွတ်နေလည်းအပိုပေါ့
ရောက်တုန်းလေးအမှတ်တရများများထာ
စင်နောက်မှာမီးမှောင်တယ်လို့သတင်းအတိအကျရထားတယ်
ကိုယ့်ငယ်နာမည်နဲ့မဆံ့တဲ့အလွင့်စာမျက်နှာကို
အိပ်ယာဝင်တိုင်းချုံ့ချုံ့ကြည့်ဖို့
နဖူးပေါ်လည်းလက်တင်ပေးပြီးပြီ
နောက်ဖေးပေါက်လည်းပြထားပြီးပြီမဟုတ်လား
ယုံကြည်စမ်းပါ ကိုယ်ဟာပန်းပုဆရာ
အမြုတေတွေချည်းဆောက်ချက်ပြင်းပြင်းထွင်းပစ်လိုက်
ယုံကြည်ထားစမ်းပါ ကိုယ်ဟာမျက်လှည့်ဆရာ
ရယ်ရွှန်းပတ်ရွှန်းနဲ့ပဲအာရုံတွေမှောက်မှားပစ်လိုက်
ဘ၀ကညခါးခါးတွေအကြောင်းပြောတဲ့အခ
ကိုယ်တို့ကကောင်းကင်ကိုတစ်ဖက်လှည့်နဲ့ငေးကြရုံ
သံသယကတံဆိပ်အတုကြီးတွေရိုက်ပြတဲ့အခါ
ကိုယ်တို့ကရင်ကော့ပြီးရောင်းရန်မဟုတ်လို့ဂုဏ်ယူလိုက်ကြရုံ
မပေါ့ဆနဲ့
ကိုယ်ပြီးရင်ကိုယ်ပဲ
တရားပြီးရင်တရားပဲ
ဆိုလိုတာက
ကိုယ်ဟာ ဒီကဗျာကို ပျော်လို့ရေးခဲ့တာမဟုတ်ဘူးဆိုတာပဲ။

သစ္စာမင်းအိမ်
၁၃၊၅၊၂၀၁၃

အလင်းဝင်ဖို့ကြောက်နေတဲ့ ည

ချိုကျတစ်ခွက်ထဲ
ညဟာကန့်လန့်ကြီးပျော်ကျနေခဲ့တယ်
အခုထိ အထမမြောက်သေးတဲ့မနက်ဖြန်တွေနဲ့
သက်ပြင်းတွေသာ အားကောင်းမောင်းသန် ရောင်းပစ်နေရ
ကိုင်ထားတဲ့ဇွန်းနဲ့ခွက်ကို ကောက်မွှေလိုက်တော့
ဘာမှန်းမသိတဲ့အဓိပ္ပါယ်တွေက ၀ဲကတော့လို
ကျောသပ်ရင်သပ်ချော့မြှူလိုက်
ကျောသားရင်သားခွဲခြားလိုက်နဲ့
အရှိအတိုင်းဆိုတာထက်နက်နေတဲ့ ညလေ ။

အက်ဆစ်ထက်ပြင်းထန်မယ့်တိုက်စားမှုတစ်မျိုးက
အရိုးထဲစိမ့်နေအောင် ၀င်မွှေခဲ့ပေါ့
တရစ်ဝဲ၀ဲအာသာကို လျှာဖျားလေးနဲ့သဲ့ယူကြည့်ဖို့
ဘယ်နှုတ်ခမ်းပါးပေါ်တက် က္ကနြေ္ဒပျက်ရမလဲ
လက်ဆယ်ချောင်းနဲ့ပက်ထုတ်ပစ်တာတောင်
ဒီကာလာတွေ အရောင်မပြယ်သေးဘူး။

ကြယ်ကောက်သူရဲ့လမ်းမှာ
လမင်းဟာ ဆူးဖြစ်နေသလိုမျိုး
ခိုးရှိုက်တဲ့ရနံ့တောင်ထောင်ဖမ်းခံလိုက်ရတော့
မျက်စိလည်သွားတဲ့အနမ်းတစ်ချက်မှ
ညဟာ…
မနက်ဖြန်ထဲ ၀င်စားဖို့ဆုံးဖြတ်ချက်တွန့်ကြေခဲ့
ဆယ်ခါပြန်သေလို့ရမယ့်ဖော်မြူလာတွေသာ
စီးကရက်ရှိုက်ဖွာတိုင်းအထွေးလိုက်ပြုတ်ကျလာတယ် ။

သစ္စာမင်းအိမ် ၊ ရတုသစ်

မှတ်ချက်။ ။လောကကြီးဆီမှဝါကျနှစ်ကြောင်း ငှားရမ်းသုံးစွဲထားသည် ။

ငါတီးလေးတို့ရွာ

ငါတီးလေးငယ်ငယ်က ယာတွေလည်းအရိုးမနင်သေးဘူး အုပ်ဆောင်းဖွင့်ကြည့်တိုင်းလက်ဆုံရာတွေနဲ့ မွှေးလိုက်တဲ့ဇနပုဒ်နံ့ ပညတ်လေးခဏပြောင်းပြီး ငါတီးလေးနောဧကနောရတယ် ၀ါးလုံးခေါင်းထဲလသာလို့တဲ့ လူကနီတီတီဆိုတော့ ခေါင်းစိမ်းစိမ်းပေါ်တာပေါ့ ခင်မွန်သနပ်ခါးပျက်တဲ့ရက်တွေလေ ရွာလယ်ရေတွန်းမှာ အချစ်ဟာ တစ်သံသရာတစ်ခုနှုန်းနဲ့ ဥပေါက်လို့ အခါတော်ပေးတိုင်း မီးခိုးလည်းစုတာပဲ ထန်းတောကနေမ၀င်အင်ပါယာမှာ နယ်မြေသစ်တွေချဲ့ကြ အပေါက်အပြဲကမ္ဘာပိစိလေး ၀ိုင်းခတ်လိုက်ကြ သိန်းတန်ကိုမိုးချုပ်ခိုင်းပြီး ကြာနီကန်ကိုမိုးလင်းစေတဲ့ရွာ အိပ်မက်တွေကတစ်သီးစားမဟုတ်ဘူး နှစ်ဘီးတပ်စက်မဲ့ယာဉ်လေးမောင်းပြီး ယမထာကိုလက်နှစ်ချောင်းကြား ဟန်ပါပါခွလိုက်တော့ တော်ရုံရှုခင်းတွေလည်းတထောင်းထောင်းထကုန်ရော ကာလသားဟင်းကိုကာလသားသီချင်းနဲ့ပဲချက်တယ် ကာလနာတဲ့ ချစ်ရင်ခိုးမှာပအမိရယ် သီတင်းကျွတ်တဲ့ညဆိုပြာကျမှာတောင်ကြောက်ရ ကျန်တာမပြောနဲ့ "ယင်း"ကအစရိုးတယ် နွေလား ခန်းမှာပဲ မိုးလား လျှံမှာပဲ အဆက်အသွယ်မရလို့ တစ်ကိုယ်တည်း ကြေကွဲနေရတဲ့ရွာ ကျောက်ခဲစားလည်းကျေတယ် ငါတီးလေးကလည်းပေတယ် ဆိုလားပဲခင်မွန် ရေခပ်ဆင်း အပျိုတွေတစ်သိုက် အတင်းလိုက် ပြောတဲ့ဒေါ်ဘု ကုသိုလ်ဖြစ်သည် လမ်းဘေးရေချမ်းစင် ပေါင်းနုတ်ပြန်တွေရွှေတွင်းတူးတာနဲ့ ပုရွက်ဆိတ်အုံဘုံပျောက်တဲ့အခါ ငါတီးလေးမြို့တက်ခဲ့တယ် တစ်ခါတစ်ခါသွေးကြွတော့ ဘုရားပွဲလက်ဆွဲပြီး မီးလည်းကုန်ယမ်းလည်းကုန်လိုက်တာပဲ အဖေနဲ့အမေညည်းတဲ့ အမလေးသား ဗေဒင်ဆရာဟောတဲ့ မရဏဖွား ခင်မွန့်ရည်းစား ယားတားတား ဟေလာမောင်ရို့ဝါး
ငါတီးလေးတို့ရွာဟာ အသက်ကြီးပုဖြစ်တယ်......။ ။

သစ္စာမင်းအိမ်

တင်ဆက်သူများ(အများသူငါ ဆက်တင်)

မျက်လှည့်ဆရာဟာ ထိုင်ရာကထလိုက်တယ်
ဘင်သံတွေပိုကျယ်လောင်လာခဲ့ပေါ့
လက်နှစ်ဖက်ကိုဖြန့်ပြတယ် ဘာမှမရှိဘူး
ဒိန်းခနဲဘင်သံတစ်ချက်မှာ လက်တစ်ဖက်ဟာအလိုက်သင့်လှုပ်ရှားသွား
ယက်ကန်ယက်ကန်ကမ္ဘာကြီးပါလာတယ် ယက်ကန်ယက်ကန်နဲ့
နောက်လက်တစ်ဖက်ကိုဝှေ့ကာရမ်းကာ
ကမ္ဘာကြီးရဲ့တစ်နေရာကိုထောက်လိုက်တော့ မီးတွေဟုန်းခနဲ
နောက်တစ်နေရာကိုထောက်လိုက်တယ် ငှက်ဆိုးတွေထပျံသွားရော
မျက်လှည့်ဆရာဟာ ကမ္ဘာကြီးကိုပ၀ါတစ်စနဲ့အုပ်လိုက်တယ်
ဘင်သံကဓမ္မတေးသံပေါက်လို့ စည်းချက်မှန်မှန်ပဲ
ပ၀ါကိုဖြည်းဖြည်းချင်းပွတ်ဆွဲတယ် အံ့သြစရာ
မျက်လှည့်ဆရာဟာ တစ်ခုချင်းထုတ်ပြတယ်
ရိုးပြတ်တောမှာ ဟာ...ခနဲ
ချောင်းကောမြစ်ကျိုးမှာ ဟင်...ခနဲ
ငလျင်မုန်တိုင်းမှာ ဟယ်...ခနဲ
မျက်လှည့်ဆရာဟာ ပ၀ါတစ်စလုံးဆွဲဖယ်လိုက်တယ်
သွေးသံတရဲရဲ လောက်တဖွားဖွားနဲ့ ကယ်ပါယူပါမြို့ပြကြီး
အဲဒီမြို့ကြီးထဲမှာ အသက်ရှူကျပ်နေတဲ့မီးခိုးတွေ
မီးခိုးတွေထဲမှာမှ နှာခေါင်းဖော်ကိုယ်ဖော့ထားတဲ့ အရိပ်မည်းများ
မျက်လှည့်ဆရာဟာ ပ၀ါစကိုပြန်ဆွဲအုပ်လိုက်တယ်
ဘင်သံလည်းလုံးဝတိတ်ဆိတ်သွားခဲ့ပေါ့
ရုတ်တရက် ' ဟောဒီမှာ ခင်ဗျားတို့ကမ္ဘာကြီး '
မျက်လှည့်ဆရာဟာအကျယ်ကြီးအော်ပြီး
ပ၀ါစကိုလက်ထဲထည့်ဖျောက်လိုက်တယ်
စောစောက ကမ္ဘာကြီးနေရာမှာတော့
မျက်ရည်တစ်ကွက်သာ အိုင်ဖွဲ့ဖြစ်ထွန်းနေလေရဲ့
ပွဲပြီးသွားတယ်
မျက်လှည့်ဆရာကိုယ်တိုင် မျက်လှည့်ပြန်အပြခံလိုက်ရကြောင်း
ကြည့်နေသူတွေလုံးဝမရိပ်မိခဲ့ကြဘူး။                    ။



သစ္စာမင်းအိမ်
၂၈၊၄၊၂၀၁၃

ဟဲလို လောကလား မကြားရဘူး လိုင်းကျပ်နေတယ်


တောနက်ဆန်ဆန် မြို့ပြသတ်ကွင်းထဲ
ကိုယ်ခံအားလေး ကျွမ်းထိုးမှောက်ခုံ
မမှတ်မိဘူးဆိုရင် ပြောပြပါမယ်(လောကသို့)
ကျွန်တော်မရဏဖွားပါ(အခုအရွယ်ရောက်ပြီ)
ကျွန်တော်ဝါဆိုလဖွားပါ(ယောက်ျားစစ်စစ်)
ကျွန်တော်တနင်္လာသားပါ(အသက် ၁၅နှစ်ကျော်ပြီ)
ရင်ဘတ်နဲ့နောက်ကျောတောင်မခွဲခြားတတ်တဲ့ကောင်ကို
မင်းဘာတွေပူဆာဦးမလဲ
ညောင်ပင်ရှေ့ပဲသွားလိုက်တော့ချစ်သူ
ကလင်ဒါခွင်လည်းကျတယ် ပေတံလည်းလွတ်တယ်
မွေးထားတာလည်းကြာပြီ ဒါတောင်
လက်ညှိုးထိုးတိုင်းရေမဖြစ်ဘဲပုပ်ပုပ်ကုန်တော့
ချိန်းထားချိန်ထက်နောက်ကျပြီးမှပဲရောက်ဖြစ်တော့တယ်
ဟဲလို ဟဲလို ကြားရလား
အခုပြောနေတာ ငါလေ ကြားရလား
လောကလား သေတစ်နေ့မွေးတစ်နေ့လား ဟဲလို
တကယ်ဆို
ငါလည်းတက်တူးနဲ့ပဲ
နည်းနည်းလေးတော့ရှိန်ဖို့ကောင်းတာပေါ့ကွာ။            ။


သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

နှုတ်ဆက်ခြင်းမှာ ငါနဲ့မင်း

ကမ်းကခွာနေတဲ့သင်္ဘောတစ်စင်းဟာ
နောက်ဆုံးဥသြကိုသံရှည်ဆွဲလိုက်တယ်
ဒါနဲ့ပဲငါတို့ဝေးရတော့မှာလားကွယ်
မပြနဲ့
ကျေးဇူးပြုပြီးလက်မပြပါနဲ့
တဆတ်ဆတ်ခါနေတဲ့လက်ဖျားမှာ
မေတ္တာတရားလေးအစင်းရာထင်သွားလိမ့်မယ်
သိနေကြတာပဲ
ဒီတစ်နွေလည်းအရိပ်မရနိုင်ဘူးဆိုတာ
ကောင်းကင်ကြီးမပြာတော့တဲ့အခါ
ပင်လယ်ပါပက်လက်မျောသွားခဲ့တယ်
မင်းပင်လယ်ဟာငါ့လက်ယက်တွင်း
ငါ့ကောင်းကင်ဟာမင်းမနက်ခင်းပေါ့
ခေါင်းကိုမော့ထားအချစ်ရယ်
မသဲမကွဲလေးငေးချင်သေးလို့
ငါကြားလိုက်တာမင်းရှိုက်သံမဟုတ်ဘူးမလား
သေချာပါတယ်
စိုစွတ်မျက်တောင်ခတ်သံပါ
အဲဒါငါ့ဆီကလား
မတွေးဝံ့တော့ဘူးအချစ်ရယ်
ငါ့နှုတ်ခမ်းတွေအစမ်းသေနေပြီ
ငါ့ခြေလှမ်းတွေဇက်ကျိုးကျနေပြီ
တကယ်လို့တွေအကယ်ရွေ့တွေနဲ့
အဲဒီတုန်းကတွေဖြစ်နိုင်ရင်တွေနဲ့
မလွမ်းဘူး
တစ်ယောက်ရင်ကိုတစ်ယောက်တူးခဲ့ကြတာ
နောင်တရဖို့မှမဟုတ်ဘဲ
မီးခိုးမျှင်လေးတစ်စတစ်စအလှမ်းကွာ
မင်းမမြင်နိုင်တဲ့နေရာရောက်ပြီဆိုမှ
ရိုးရိုးလေးငါငိုချလိုက်တယ်
မကြားရတော့ဘူးအချစ်ရယ်
မင်းဘယ်လိုခေါင်းငုံ့လိုက်တာလဲ။                ။

သစ္စာမင်းအိမ်
၂၉၊၃၊၂၀၁၃

အန္တိမ ပါတီ

လောကကိုအသေ စိတ်ကိုအရှင်ထားလိုက်တယ်
ဈာပနပွဲရဲ့ Dancing Floor မှာဆူဆူညံညံတွေခုန်ပေါက်
တစ်ယောက်ရမ္မက်ကို တစ်ယောက်ပွတ်သပ်လို့
တစ်ယောက်သွေးသားကို တစ်ယောက်ဆွဲညှို့လို့
လက်ညှိုးငေါက်ငေါက်တွေဖန်ခွက်ချင်းတိုက်တဲ့ည
တစပြင်ရဲ့ခပ်အုပ်အုပ်ရယ်သံနဲ့အခမ်းအနားကိုဖွင့်တယ်
နေရာယူ.....အသင့်
မလှမ်းမကမ်းမှာ အချို့တွေပျို့အန်တယ်
တောခြောက်ကြီးတွေအန်တယ် မြစ်ကျိုးကြီးတွေအန်တယ်
အတိအကျစာရင်းဇယားနဲ့အန်တယ်
လာ သွားစို့အခန်းထဲ
ဈာပနရှင်ကဆွဲဆွဲထည့်တယ်
ဆွဲဆွဲထည့်တယ်တွန်းတွန်းထည့်တယ်
ဟဲလိုမစ္စ ဟဲလိုမဒမ် ဟဲလိုဟန်နီ......
ဟဲလိုဒါလင်.....ဝေါခနဲထိုးအန်ကြပြန်တယ်
စာရင်းပျောက်အန်တယ်
စည်းချက်ကျကျတုန်ယင်ဖို့ကိုမေ့လို့
လန်တက်နေတဲ့အနက်ရောင်စကတ်ကိုပင့်တင်လိုက်ဖို့
ဒါမှမဟုတ် ဆွဲဆန့်လိုက်ဖို့မေ့လို့
မီးရောင်တွေကိုအရင်ထက်ပိုမှိန်ထား
အပေါဆုံးကဆေးထိုးအပ်တွေပဲ
လက်ဖျံမှာလက်ဖျံမှာစနစ်တကျကူးစက်သွားတယ်
ဈာပနပွဲဟာစင်မြင့်ထက်မှာမိုက်ကိုခဲလို့
ဈာပနပွဲဟာပွဲတက်လာသူတွေကိုပျော်တော်ဆက်တယ်
ဈာပနပွဲဟာ Showgirl
အချို့တွေငေးတယ် တွေးချိန်မရတော့
အချို့တွေချိုင့်ဝင်အနားသတ်တွန့်လိမ်ပိန်ရှုံ့
ဈာပနပွဲဟာရုတ်ရုတ်သဲသဲနဲ့
သူကိုယ်တိုင်ကျမ်းစာဖတ် သူကိုယ်တိုင်မြေချတယ်
တည်းတည်းလေး
ဈာပနပွဲရဲ့မှော်ဝင်ပဉ္စလက်ကကြိုးမပြတ်မီ
မပြတ်မီ တည်းတည်းလေး
လောကရှင် စိတ်သေ
အဲဒီတီးလုံးကို နူးနူးညံ့ညံ့လေးပြောင်းသွားခဲ့တော့တယ်။                  ။


သစ္စာမင်းအိမ်
၃၊၄၊၂၀၁၃

အင်ဒရူးဟာအန်းဒရွိုက်ကိုကိုင်ပြီးအန္တရာယ်ပြုဖို့ကြိုးစားနေတယ်


အင်ဒရူးဟာ အန်းဒရွိုက်ကိုကိုင်ပြီး အန္တရာယ်ပြုဖို့ကြိုးစားနေတယ်
မြို့အနှံ့ရွာအနှံ့အိမ်ကြိုအိမ်ကြားမကျန်လှည့်လည်လမ်းသလားနေတဲ့အန်းဒရွိုက်ကြီးကိုပဲ
သူ့မှာတသသနဲ့ မီးတင်လိုက်သွေးလိုက်နဲ့
အင်ဒရူးဟာ သူ့မျက်နှာစာလေးလူမှားအရိုက်ခံရပြီးကတည်းက ဒီလိုဖြစ်သွားခဲ့တာ
အင်ဒရူးဟာ လက်ရဲဇက်ရဲနိုင်တယ် မိုက်သွေးကြွတယ် သူ့အန်းဒရွိုက်လည်းဒီလိုပဲ
တစ်နေ့တစ်နေ့ လောင်မီးကျနေတဲ့စတစ်ကာကြီးကပ်ပြီး
အန်းဒရွိုက်ကိုကိုင်ပြီး ဟဲလိုဟဲလိုလုပ်နေတတ်တယ်။

အင်ဒရူးဟာ အန်းဒရွိုက်ကိုကိုင်ပြီး အန္တရာယ်ပြုဖို့ကြိုးစားနေတယ်
သူ့ရှာဖွေတွေ့ရှိချက်အရ အနာဂတ်ဟာcongenitalဖြစ်တယ်တဲ့
စမ်းချောင်းလေးတောင်  နောက်ဆုံး ကြမ်းကြားကနေရောင်လေးတစ်ပြောက်တောင်
အသက်မရှည်နိုင်ဘူးတဲ့
lethalကို သူနားလည်မှုလွဲသွားတယ်
ဆိုတော့
အင်ဒရူးဟာသောင်းကျန်းလေတော့တယ်။

အင်ဒရူးဟာအန်းဒရွိုက်ကိုကိုင်ပြီးအန္တရာယ်ပြုဖို့ကြိုးစားနေတယ်
သူ့ကိုယ်သူမလုံခြုံတဲ့စိတ် စိုးရိမ်တဲ့စိတ်တွေနဲ့
အင်ဒရူးဟာ အိပ်ယာပေါ်လဲလိုက်သေးတယ်
သူပြန်ကျန်းမာလာတာ ကမ္ဘာကြီးကိုနာမကျန်းဖြစ်စေဖို့ပဲ
ဆိုခဲ့သလို
သူ့မျက်နှာစာလေးလူမှားအရိုက်ခံရပြီးနောက်ပိုင်းမှာပေါ့
ကော့တေးလ်ကို ခပ်ပြင်းပြင်းလေးကို သူကိုယ်တိုင်စပ်တယ်
ဓားတစ်လက်ကိုတောင်ထည့်စိမ်လိုက်သေး
အများနားမလည်နိုင်တဲ့ဘာသာစကားတွေလည်း
သူကိုယ်တိုင်ပဲတီထွင် သူတစ်ယောက်တည်းပြောတယ်
လီကွမ်ယု လီကွမ်ယု သီဟာနု သီဟာနု
အကြီးကြီးတွေတပျစ်ပျစ်ထွေးတယ်
အဆိုးဆုံးက
ဘာသာရေးပွဲတွေမှာ အလွန်အကျွံအသံကျယ်တတ်တာပဲ
အင်ဒရူးဘာမှမမြင်နိုင်တော့ဘူး
လောကကို သူ့ကော့တေးလ်နဲ့မြည်းဖို့
ဒိန်ခဲတစ်တုံးအဖြစ်လောက်ပဲသူသဘောထားတော့တယ်
အစပ်အဟပ်တည့်တည့်မတည့်တည့် သူကတော့နှစ်ခြိုက်စွာ
တစ်ခွက်ပြီးတစ်ခွက်
ပြီးနောက်တစ်ခွက်ပြီးတစ်ခွက်
အိပ်မက်တွေအိပ်မက်တွေနဲ့ကေဘယ်ကြိုးဟောင်းတွေထဲ
အန်းဒရွိုက်ကြီးကိုကိုင်လို့ကိုင်လို့
အင်ဒရူးဟာအန္တရာယ်ပြုဖို့ပဲကြိုးစားနေလေတော့တယ်။                  ။


သစ္စာမင်းအိမ်
၃၀၊၃၊၂၀၁၃

အရူးလွယ်အိတ်

တစ်နေ့ကျွန်တော် လမ်းလျှောက်လာတုန်း အကိုင်းအခက်အရွက်တွေ ဝေေ၀ဆာဆာ အုပ်ဆိုင်းနေတဲ့ သစ်အိုပင်ကြီးတစ်ပင်သွားတွေ့တယ်။ မနေနိုင်မထိုင်နိုင်စွာပဲ ကျွန်တော်မေးမိတယ်။ သစ်ရွက်တွေ သစ်ကိုင်းတွေထမ်းထားရတာ မလေးဘူးလား လို့။ သစ်ပင်ကြီးကပြန်ပြောပါတယ်။ သူတို့ကြောင့်သာ သစ်ပင်လို့အသိအမှတ်ပြုခံရတာ။ သူတို့မရှိရင် ကျုပ် သစ်ငုတ်
ဖြစ်သွားမှာပေါ့ တဲ့။ ကျွန်တော်စဉ်းစားကြည့်မိတယ်။ အကိုင်းအခက်တွေဟာ အဲဒီလောက်အရေးပါသလား။ အမြစ်ရဲ့ အရေးပါမှုက ဘယ်အခန်းကဏ္ဍမှာလဲ။ တဆက်တည်းတွေးကြည့်မိတယ်။ ကျွန်တော်ရော။ ကြာကြာမတွေးဖြစ်လိုက်ပါဘူး။ မိန်းမပစ်တိုင်းထောင် ဆိုတဲ့ ငယ်ငယ်ကပြက်လုံးတစ်ခုကို နားထဲကြားယောင်မိလိုက်လို့ပါ။

                                                        ××××××××××××××××××××××

ရွာကမြို့တက်လာတဲ့ သူငယ်ချင်းတစ်ယောက်ကို မြို့ရောက်တာကြာပြီဖြစ်တဲ့ ရွာသားတစ်ဦးက မင်းသိမှာမဟုတ်ပါဘူးဆိုတဲ့အထာနဲ့
ဒါကဘာဘုရားပေါ့ ဒါကဘာဈေးပေါ့ ဒါကဘာပန်းခြံပေါ့ ဆိုပြီး လိုက်ပို့ရင်းရှင်းပြပေးနေပါတယ်။ ဒါကိုရိပ်မိတဲ့ရွာသားက လှလှပပပညာပြန်ပြလိုက်ပါတယ်။
-ဒါနဲ့ ငါ့မိသားစုရောအဆင်ပြေရဲ့လားကွ ဘာတွေဖြစ်သေးလဲ
×ထွေထွေထူးထူးတော့ ဘာမှမဖြစ်ပါဘူး အဆင်ပြေကြပါတယ်
-၀မ်းသာတယ်ကွာ အဲလိုကြားရတာ
×ဒါပေမယ့် မင်းတို့အိမ်မှာမွေးထားတဲ့ ခွေးလေးတော့ သေသွားပြီကွ
-ဟာ အဲခွေးကို ငါသိပ်ချစ်တာကွ ဘယ်လိုဖြစ်တာလဲပြောပါဦး
×ဘာမှမဟုတ်ပါဘူးကွာ မင်းတို့အိမ်မီးလောင်တော့ မီးထဲပါသွားတာပါ
-ဟေ အိမ်မီးလောင်တယ်ဟုတ်လား အဲဒါငါ့ကိုဘာလို့မပြောပြတာလဲ ဘယ်လိုဖြစ်တာတုန်းဟ
×ဒီလိုပါပဲကွာ
-ပြောစမ်းပါကွ
×မင်းညီမ ဘယ်သူနဲ့မှန်းမသိကိုယ်ဝန်ရှိတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းအဖေနဲ့မင်းအစ်ကိုစကားများကြတယ်။ မင်းအစ်ကိုက သူ့ကို
တုတ်နဲ့ရိုက်ရပါ့မလားဆိုပြီးတော့ မင်းအဖေကိုဓားနဲ့ခုတ်ပြီး အိမ်ကိုပါမီးရှို့လိုက်တယ်လေ
-ဟာ အဲလောက်ဖြစ်တာတောင် ဘာမှမဖြစ်ပါဘူးလို့ မင်းမို့ပြောရက်တယ်ကွာ အဖေဘာဖြစ်သွားလဲ အစ်ကိုရော
×မင်းအဖေကနေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ် မင်းအစ်ကိုကတော့ လူသတ်မှု အိမ်မီးရှို့မှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း
ကျသွားတယ်ကွ
-ဘာ ဒါဆိုငါ့အမေရော
×မင်းအမေကတော့ အဲစိတ်တွေနဲ့ သွက်သွက်ခါအောင် ရူးသွားလေရဲ့
-ဟာကွာ အဲဒါလား ဘာမှမဖြစ်တာ မင်းကွာ ဒါနဲ့ ငါ့ညီလေးညီမလေးတွေရော အဆင်ပြေကြလား
×သူတို့အတွက်တော့ စိတ်မပူနဲ့သူငယ်ချင်း
-တော်သေးတာပေါ့ကွာ ဖြေသာစရာလေးရှိလို့ ပြောစမ်းပါဦးကွ သူတို့ဘယ်လိုနေကြလဲ
×မင်းညီလေးညီမလေးတွေကို ရပ်ရွာကလည်းချစ်တယ်လေ
-အင်း အဲဒါတော့ဟုတ်တယ်ကွ
×အခု ရွာထဲလှည့်ပြီး ထမင်းကျန်ဟင်းကျန်လေးတွေတောင်းစားနေကြတယ်လေ
-ဘာာာာာာာာာ
                                                ××××××××××××××××××××××××××

ရုပ်ရည်ချောမောပြီး ငယ်ရွယ်နုပျိုသော၊ ဖြူစင်ရိုးသားပြီး ဆင်းရဲသော လူငယ်လေးတစ်ယောက် မမျှော်လင့်ဘဲ လောကဥသျှောင်
သိုင်းကျမ်းကောက်ရသည်။
မမျှော်လင့်ဘဲ နှစ်ခြောက်ဆယ်ကြာပန်းဝတ်ဆံ စားလိုက်ရသည်။
မမျှော်လင့်ဘဲ မီးဓားရော ရေဓားရော ရလိုက်သည်။
မမျှော်လင့်ဘဲ တိုက်ကြခိုက်ကြ သေကြကြေကြသည်။
ဤသို့ဖြင့် ထိုလူငယ်လေးသည် နောက်ဆုံးတွင်-
မမျှော်လင့်ဘဲ ကဗျာဆရာဖြစ်သွားလေတော့သည်။
                                               ××××××××××××××××××××××××××××

ကျွန်တော်တစ်ခုခုကိုစဉ်းစားတွေးတောနေတုန်း မေးခွန်းများလာမေးလျှင် အလွန်ဒေါသထွက်သည်။ တစ်ခါက ကိုရင်လေးတစ်ပါးကို ကျောင်းထိုင်ဆရာတော်က စာမေးသည်။
×ကိုရင် စိန္တိ ဆိုတာ ဘာလဲ
ကိုရင်လေးမှာ ဥာဏ်ထိုင်းသူဖြစ်ရာ တော်တော်နှင့်မဖြေနိုင်။ ဤတွင် ဆရာတော်က မေးခွန်းတစ်ခုထပ်မေးပြန်သည်။
×ကိုရင် ပုစ္ဆိ ဆိုတာရော ဘာလဲ
ကိုရင်လေးဒေါသထွက်သွားသည်။ အလိုလိုမှ ဥာဏ်မကောင်းပါဘူး ဆို။ ဒီဆရာတော်က မေးခွန်းတွေထပ်ခါထပ်ခါ လာမေးနေတယ်ပေါ့လေ။ အဲဒီမှာတင် အခုလိုညည်းလိုက်ပါတယ်။
-စိန္တိ ကြံစည်တုန်းရှိသေး ပုစ္ဆိ မေးပြန်ပြီ
ဆရာတော်က မှတ်ချက်ပြုသည်။ ဒါမှ ငါ့ကျောင်းသား တဲ့။
အခု ကျွန်တော် စိန္တိ နေပါသည်။ ကျေးဇူးပြု၍ မပုစ္ဆိကြပါနှင့်။
                                              ×××××××××××××××××××××××××××××

ကိုယ့်ကိုယ်ကို သိက္ခာရှိလှပြီဟု ထင်နေပါသလား။
သင်အခုနှိုက်နေသည်မှာ အရူးလွယ်အိတ်ဖြစ်ပါသည်။




သစ္စာမင်းအိမ်

ချစ်သူလည်တိုင်ထက်မှာ ကျွန်တော့်လော့ကတ်သီးလေးမရှိတော့တဲ့အခါ

၁။

ကျွန်တော့်ကယောင်ကတမ်းနေ့ရက်များဟာ ၀တ်ထားတဲ့အိပ်မက်ဖြူဖြူလေး ချုပ်ရိုးပြေသွားမှုနဲ့အတူစတင်ခဲ့ပါတယ်။ သီကုံးဖူးတဲ့ ညနေခင်းဘွဲ့တေးတွေကို စက္ကူလှေနဲ့ စင်းလုံးပြည့်မျှောလွှတ်အပြီးမှာ စားပွဲပေါ်က photo stand လေး သွေးခုန်နှုန်းမမှန်တော့၊ ကျွန်တော် ဘုန်းဘုန်းလဲပစ်လိုက်တယ်။ နင်ခွဲတဲ့ဇာတ်ညွှန်းမှာ ကြိုးစားပမ်းစားပီပြင်ခဲ့၊ လက်ခုပ်သံမကြားပေမယ့် ငါ့အလွမ်းတွေရဲရင့်ခဲ့ပြီ..........ရဲရင့်နိုင်ခဲ့ပါပြီ ချစ်သူ။

၂။

မှတ်မှတ်ရရ ဧပရယ်ရဲ့ အုန်းအုန်းကျွတ်ကျွတ်နေရောင်ကို သူမပါးပေါ်မှာပါးကွက်လေးအဖြစ်တွေ့လိုက်ရချိန် သံချပ်တစ်ခုလို နှလုံးသားကမြိုင်မြိုင်ဆိုင်ဆိုင်တက်ကြွသွားတယ်။ယီးလေးခိုမစီးပါပဲ သစ်ပင်တွေကိုယ်ပေါ်ယိမ်းကျလာတယ်။စကားတစ်ခွန်းလောက်ပြောကြည့်ပါလားကောင်မလေးရယ်။နင့်နှုတ်ခမ်းကထွက်ကျလာမယ့်
သံစဉ်တိုင်းမှာ ငါပျော်ဝင်ချင်လို့ပါ။အခုကျွန်တော်လေ မနက်ဖြန်ဆိုတဲ့ဓားသွားမှာ ဟင်းလင်းဖွင့်ထားတဲ့ရင်ဘတ်နဲ့ တစ်စုံတစ်ရာကို
မျှော်လင့်နေတတ်ပြီ။

၃။

ကျွန်တော်ညညဆိုအိပ်မပျော်တော့ဘူး။နတ်သမီးအိပ်မက်မက်ခွင့်ကို ဖယောင်းတိုင်ထွန်းသက်ပြင်းချခြင်းနဲ့ မိုက်မဲစွာလဲလှယ်ခဲ့တယ်။ကျွန်တော့်ကဗျာလေးမီးမှိတ်သွားပြီလား။ရီမုတစ်လုံးနဲ့Channel တွေပြောင်းကြည့်နေတုန်းလား။ကျွန်တော့်ကိုအယောင်ယောင်အမှားမှားနဲ့သတိများရနေမလား။ဟက်ခနဲလားဟိခနဲလားမသိကျွန်တော်ရယ်လိုက်မိတယ်။အဲလိုရူးနှမ်းခြင်းမျိုးနဲ့ တစ်နေပြီးတစ်နေ၀င်စေခဲ့တာပါ။ ငါ့အခါခပ်သိမ်းမှာ လျှောက်လျှောက်ပြေးနေတဲ့ကောင်မလေးရေ.......နင့်ဆံပင်တစ်ချက်ခါတိုင်း ငါတစ်ခါအက်ကြောင်းထင်တယ်။

၎။

မြှားအစင်းတစ်ရာပစ်မည့်အစားကဗျာတစ်ပုဒ်ကိုသာနှလုံးသားထဲကဆွဲထုတ်ပေးချင်ပါသည်။သူပန်ဆင်ပါ...ဒါမှမဟုတ် ချေမွလိုက်ပါ။
ချစ်သူအလိုကျ ကျွန်တော်ညွတ်နူးကြေပျက်ပေးပါမည်။သစ္စာမီးအိမ်ကိုထွန်းညှိပေးထားပါလျက် မလင်းလက်ဘူးဟု မစွပ်စွဲပါနဲ့တော့
ချစ်သူ။
အလွမ်းကို ကျွန်တော်မဖျားယောင်း။
အိပ်မက်ကို ကျွန်တော်မပုတ်ခတ်။
ချစ်သူဟူသော တံလျှပ်လေးကိုသာ ကျွန်တော်ရိုးသားစွာ ငတ်မွတ်ပါသည်။

၅။

ဖြစ်.......
ထီးတစ်လက်အောက်မှာ ပြိုင်တူမိုးမိခဲ့
တစ်ဖက်စာမျက်နှာမှာ သူ့လက်မှတ်လေး ကျွန်တော့်ကိုပြုံးပြီးငေးတယ်
ကောင်းကင်နဲ့အပြည့်ဆိုလား
ရွာရန်ရာနှုန်းပြည့်ရာသီတွေ အငွေ့ပျံတော့
ကျွန်တော့်ခြေခင်းလက်ခင်းသာလေး
ပျက်.....

၆။

အဖြစ်အပျက်ဆိုတဲ့အတိုင်း ဖြစ်ပြီးပျက်ခဲ့ရမှုဟာ ကျွန်တော်တို့ကို မျက်နှာဖုံးစွပ်ပြီး ဓားပြတယ်။သူ့ရဲ့ချစ်တယ်ဆိုတဲ့စကားလေး ချွတ်ပုံပေးလိုက်ရတော့ မကြာသေးတဲ့အဖြစ်ဟာ လည်ချောင်းကိုကန့်လန့်ဖြတ်နင်းသွား အကြည့်တွေအပျက်မှာ စာတန်းထိုးတယ်။
ပြီးပါပြီတဲ့။နင်သေချာရဲ့လားကောင်မလေးရယ်...။အဲဒါနင်ငုံနေကျ Lollipop လား။ရထားတစ်စင်းဟာ ကျွန်တော်မသိလိုက်ဘဲ
ဘူတာကိုဝင်တယ်။ကျွန်တော်မသိလိုက်ဘဲ ချစ်သူကိုရင်ထဲထည့်ခေါ်သွားတယ်။စူးရှတဲ့ရထားအော်သံဟာ ကျွန်တော့်နှလုံးသားရဲ့နောက်ဆုံးထွက်သက်အဖြစ် ဒိုင်ယာရီမှာကျန်ရစ်ခဲ့ပြီ။

၇။

ကောင်မလေးရေ........
ချစ်သူရေ..................
အဲဒီကျွန်တော့်ခေါ်သံလေး ကူကယ်သူဝေးတဲ့တံလျှပ်လွင်ပြင်ကြီးထဲ
ငှက်စာကျေးစာပဲဖြစ်စေတော့။



သစ္စာမင်းအိမ်
၅၊၄၊၂၀၁၃

လင်းဝေအိမ်နဲ့ စကားပြောခြင်း

ဟေ့ကောင် အဲဒီမှာကောင်းကင်ကြီးပြာရဲ့လား
ဒီမှာတော့ ညိုမှိုင်းနေတာပဲကွာ
ရင်ငွေ့တွေလားသောကမြူတွေလား
နွေနှင်းတွေဖြစ်မယ်ကွ
ငါတို့လောက်ရူးတဲ့ပန်းတွေနောက်ထပ်ပွင့်သေးလား
ဟင့်အင်းမမြင်ဘူး
ပန်းပွင့်တဲ့အပင်တွေမှမဟုတ်တာ
သုံးစားမရတဲ့ကျောင်းစာတွေကိုပဲ
မျက်မှန်ထူထူတပ်နေကြလေရဲ့
အသည်းကွဲမှသိမယ်
လူယဉ်ကျေးကြီးများအသင်းမှာ
ငါတို့နေရာမရတာခြေစွမ်းကြောင့်လား
အာရုံလှုပ်ခတ်တဲ့အတိုင်းနေမယ်ကွာ
ဘောင်ဆိုတာကိုယ်ဝင်နေမှအနားသတ်ပေါ်တာပါ
မင်းအက္ခရာလမ်းမှာမင်းလျှောက်
တိုးနေတာနှင်းတောမှန်းသိတဲ့အချိန်
မင်းခြေရာတွေနောက်ကခြေရာတွေ
မင်းကိုရှာဖွေကြလိမ့်မယ်
ထန်းတောဘက်ကတော့ဘယ်တော့မှအေးစက်မယ်မထင်ဘူး
နွေးထွေးရင်ခုန်စွာပေါ့
နောက်၁၀ရက်နေ့ငါပြန်ရောက်မယ်
မင်းလာရာလမ်း'တော'ထမ်းပြီးကြိုမယ်
သူငယ်ချင်း
မင်းမျက်နှာတော့မသစ်ခဲ့နဲ့ကွာ
အိုကေ တာ့တာ။                                  ။


သစ္စာမင်းအိမ်
၂၇၊၃၊၂၀၁၃

အဲဒီဥသြသံကို သွေးနဲ့ဆတ်ဆတ်ကြားခဲ့ရတာပေါ့ကွာ

ခရာတာတာ ညုတုတုနဲ့
အပူကနှုတ်ခမ်းသပ်ပြတယ်
ရာဇ၀င်
ခန်းလုံးပြည့်အောင်မခင်းကျင်းနိုင်သမျှ
အတိအကျလွဲချော်မှုကရင်ရိပ်ခို
ရှိပါစေ ရှိပါစေတော့လို့ပဲ
ဆန္ဒကိုအတွင်းနဲ့အပြင်လဲပြီးချွေးသိပ်ခဲ့ရ
ငါ့ကို တတိတိဖဲ့စားနေတဲ့ခေတ်
ရှင်းရှင်းပြောရရင် စနစ်ရဲ့သံချေး
အတွေးနဲ့စိတ်ကိုကွေးတယ်
ဘေးဖယ်ကြ
မျက်မှန်တွေမီးဖွင့်ပြီးလာနေတယ်
သတင်းစာဟောင်းထဲမှာ။              ။


သစ္စာမင်းအိမ်
23.4.2013

တိပ်ခေတ်မှာ မြင်းစီး

ဒီမယ်မောင်သစ္စာ
ဟုတ်ကဲ့ပြောပါဘကြီးမှုံ
မင်းအလာနှောင်းပေမယ့်အခါကောင်းသွားပြီကွယ်
ထွေးညိုလေ ထွေးညို
ထွေးညိုဘာဖြစ်လို့လဲဘကြီးမှုံ
ထွေးညိုမှာငါနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီကွဲ့
တိန်
အိုပါသိန်းတန်စတိုင်
အလိုကိုယ်ရောင်က၀င်းဝါလို့ဘယ်မင်းပါလိမ့်
ဘိုးသိကြားထံမှစေလွှတ်တဲ့စေတမန်နတ်များဖြစ်ပေတယ်ဗျား
စေတမန်ဖြစ်ရက်နဲ့အဘယ်ကြောင့်ကျွန်တော်မျိုးမဆီလာရပါသလဲ
သေသူရဲ့ဘုန်းတန်ခိုးအာနုဘော်ကြောင့်
သေသူကိုနတ်ပြည်သို့ခေါ်ဆောင်ရန်လာရခြင်းဖြစ်ပေတယ်ဗျား
အမလေး
မပေးနိုင်ဘူး မပေးနိုင်ဘူး
ရွှတ်
အိုပါဧယင်ကျူးစတိုင်
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ
မညှာတာဘယ်သူ့မှမထောက်တာ
သူခိုးဓားပြထက်ဆိုးတဲ့ရန်သူဟာ.....
ကိုယ်စားလှယ်ကြီး ကိုယ်စားလှယ်ကြီး
ကိုယ်စားလှယ်ကြီးကို ချစ်တယ်
( ရောလို့သမအောင်မွှေ)
ခွိ
အိုပါထွန်းရွှေစတိုင်
မရဘူးသံမဏိ
ရတယ်အာစရိ
မရဘူးသံမဏိမသွားနဲ့
ရတယ်အာစရိ
ဝုန်း
ဟာသံမဏိရေထဲကျသွားပြီဟေ့
သံမဏိ ဒီနေ့ကစပြီးမင်းငါတို့နဲ့မဆိုင်တော့ဘူး
မင်းသွားလိုရာသွားနိုင်ပြီ
အမလေးကိုသံမဏိရဲ့
ဟင့်
အိုပါအောင်သိုက်စတိုင်
ကြောင်မျက်ရှင်စိန်စိန် ကြောင်မျက်ရှင်စိန်စိန်
စိန်စိန်ဟေ့စိန်စိန်
အမျိုးမထိနဲ့မီးပွင့်မယ့်စိန်စိန်
ယိစ်
အိုပါနန္ဒ၀င်းကျော်ခေါင်စတိုင်
လက်ရွှပ်လေးတစ်ဒွင်းရလာပါတယ်
လက်ရွှပ်မယ်ရှိုတော့လက်ကမချိ
ခြေထောက်ရွှပ်မယ်ရှိုတော့ခြေထောက်ကမချိ
ချိတဲ့နေရာရွှပ်မယ်ရှိုတော့လူညင်ဂွင်းကမှုတ်
ခစ်
အိုပါကြေးမုံစတိုင်
မှန်စွာမသွေ ပြန်ပါလေတော့
ပြန်ကြလေကုန် သတည်း
ဖတ်ဖတ်ဖတ် ခွပ်ခွပ်ခွပ်
ကျန်း ကျန်း
ငါ့တပည့်လေးတော်လှတော်လှနဲ့
တိပ်သားကြီး မြင်းစီးထွက်လာပုံ။                ။


သစ္စာမင်းအိမ်
23.4.2013

လောကနဲ့ပြိုင် ဘယ်သူနိုင်

အစီအစဉ်စကတည်းက
အတွေးအခေါ်ရယ် အယူဝါဒရယ် ရပ်တည်ချက်ရယ်က
ဖိုခနောက်ဆိုင် ညှပ်ပူးညှပ်ပိတ်ဝိုင်းချတယ်
ကျွန်တော့်ကိုရွေး ကျွန်တော့်ကိုရွေး
ကျွန်မကိုရွေး ကျွန်မကိုရွေး
မေးခွန်းတွေမဖြေချင်လို့
စာမေးပွဲကို အစောကြီးကျောခိုင်းခဲ့တာပါ
ဘာကြောင့်ဘယ်လိုတွေ
ကျေးဇူးပြုပြီး မမေးပါနဲ့
အဆုံးသတ်ကိုခင်ဗျားလည်းသိတယ်
ကျွန်တော်လည်းသိတယ် အားလုံးလည်းသိတယ်မဟုတ်လား
လက်ပိုက်ထားပါတယ်
ခေါင်းငုံ့ထားပါတယ်
မေးမလားဆိုတော့ မမေးချင်ဘူး
ယုံမလားဆိုတော့ မယုံချင်ဘူး
ကူမလားဆိုတော့ မကူချင်ဘူး
နာမည်ဆိုတာ ၀တ်ကောင်းစားလှတွေနဲ့မှအရောင်တက်တာလား
ကျွန်တော့်ကို ရှင်သန်ခွင့်လေးပဲပေးပါ
ခင်ဗျားတို့ရဲ့နေသာမှုအတွက်တော့
ကျွန်တော့်ဘ၀ကြီးထိုးမကျွေးပါရစေနဲ့
တကယ့်ဘ၀ဟာ ကျားကုန်မှမဟုတ်တာ
ကဲ ဘယ်လိုလဲလူကြီးမင်း
ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင်.....................
အဖြေက.......................................................
မှန်ပါတယ်.....................................................
မဟုတ်ဘူး မဟုတ်ဘူး
အဲဒါကျွန်တော်ဖြေတာမဟုတ်ဘူး
ဒါပေမယ့် အချက်တော့ပြလိုက်တယ်
လက်ခုပ်တီးဖို့
ခဏနေရင်
ခင်ဗျားတို့မျှော်လင့်နေတဲ့အချိန်ရောက်တော့မှာမို့။                 ။


သစ္စာမင်းအိမ်
၇၊၄၊၂၀၁၃

ထုတ်လုပ်တယ် မဟုတ်ဘူး ထုတ်လုပ်တယ်ဆိုတဲ့အဆင့်မရောက်ခင်ကုန်ကြမ်းပြတ်သွားတယ်

လက်ကိုတံစဉ်းနဲ့တိုက်တယ် လွှနဲ့တိတယ် အပ်နဲ့ဖောက်တယ် မီးဖုတ်စူးနဲ့ထိုးတယ် scraperနဲ့ခြစ်ထုတ်တယ် ကြိတ်စက်ထဲထည့်ကြိတ်တယ် နောက်ဆုံးဓားနဲ့လှီးချလိုက်တယ် အသင့်ထုပ်ပိုးပြီးတွေများထွက်ကျလာမလားလို့ ဆီလိုများအပေါက်ရှာလာကြမလားလို့ စက်...စက် အဦးအဖျားလေးမို့ဘုရားတင်ထားလိုက် စက်...စက် ကျေးဇူးရှင်မိဘနှစ်ပါးအားကန်တော့ပါ၏ စက်...စက် သင်ဆရာမြင်ဆရာများ စက်...စက် အသက်တမျှချစ်ရပါသောမိန်းမ စက်...စက် အဖော်အဖက်တွေ စက်...စက် နယ်မြေကျဉ်းကျဉ်းလေးဆီ စက်...စက် ငါ့လူမျိုးငါ့တိုင်းပြည် စက်...စက် ကမ္ဘာမြေသို့ စက်...စက် အနန္တစကြာဝဠာ။

စက်နဲ့စက်ဟာ မျက်နှာမမြင်ရဘူး အသံမကြားရဘူး စာမရေးဘူး သတိမရဘူး အမိအရခံဖို့ညို့ကတည်းကရှာထားတာ ဂျစ်ဂျစ်ဂျုတ်ဂျုတ်တွေ အစာအိမ်ဟာလုပ်ငန်းစဉ်အတိုင်းပွတ်တိုက်တယ် ပူလောင်စေတယ် ဝေဒနာကိုသန့်စင်တယ် အထက်ကိုသတင်းပို့တယ် နှုတ်ခမ်း လျှာ လည်ချောင်းတလက်စတည်း ခြောက်သယောင်းတယ် အက်ရှတယ် တဖျပ်ဖျပ်ကွဲတယ်။

အခွံဟာအခွံအဖြစ်အရေးမပါသလို အတွင်းသားဟာအတွင်းသားပီပီ ပင်မဆဲလ်ကြီးကိုလှုပ်ကာလှုပ်ကာ ဈေးခေါ်တယ် ရောင်းတမ်းမ၀င်ဘူး အနှိမ်ခံရတယ် အအေးခန်းထဲမှာဖြစ်သလိုစုပုံထားသောခဲရာခဲဆစ်ခွေခေါက်ခြင်းများ ဟိုတစ်စဒီတစ်စနဲ့ metabolismကြီးတစ်ခုလုံးကို ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒေါမနဿ အခါခါပစ်ကျွေးတယ် ကြုံတောင့်ကြုံခဲကိုယ်ကျိုးနည်းလေးကို တရားသဖြင့်ဆင်ခြင်တယ်။

စက်...စက် ငါကိုယ်တိုင်
စက်...စက် ငါ့မျိုးဆက်
ဘယ့်နှယ်ဗျာ အာမဘန္တေဖို့နေနေသာသာ ပထမဆုံးစက်တောင် စ တဲ့  လုံးကြီးတင်ဖို့မပြောနဲ့ ကသတ်မယ့်ကသောကမျောလေးပြေးပြေးဖမ်းနေရ ဒုံရင်းဟာဒုံရင်းပါပဲ ဒုံးယိမ်းမဖြစ်သလိုဒူးရင်းလည်းမဖြစ်ဘူး အဲဒါနဲ့ချိပ်ပိတ်ထားလိုက်တယ် မလည်ဘူး တံဆိပ်တွေလည်းမကပ်တော့ဘူး။



သစ္စာမင်းအိမ်
၃၀၊၄၊၂၀၁၃

Tuesday, May 14, 2013

ကမ္ဘာကြီးရဲ့နေ့လည်စာစားပွဲမှာ အဲဒီဟင်းအရသာအရှိဆုံး


လူတစ်ယောက် တောင်ကိုဆယ်နေတုန်း
မြစ်တပြင်လုံး မီးတွေတဟုန်းဟုန်းတောက်လာ
ဘာလုပ်ရမှန်းမသိတော့
တောကိုပဲ မော့ကြည့်နေမိခဲ့
မျက်ရည်ထဲ မျက်လုံးတွေဝဲလို့။


ပြတ်နေတဲ့ခြေထောက်နေရာ
လက်တစ်ဖက်ကိုဖြုတ်တပ်တယ်
ပြတ်သွားတဲ့လက်နေရာကို
ဦးခေါင်းပြောင်းတပ်လိုက်ပြီး
ပခုံးနှစ်ဖက်ကိုတွန့်လိုက်တယ်
ငါလာပြီ တဲ့။


ဘယ်လိုလဲဆိုတော့ ဒီလို ဒီလို
တောပြိုတယ်
တောင်ကောတယ်
မြစ်သုဉ်းတယ်
အဲဒီလူလား
အခု ရင်ဘတ်ကိုလေလံပစ်နေလေရဲ့။                 ။



သစ္စာမင်းအိမ်
၂၈၊၃၊၂၀၁၃

အမလေး လေး လေး...............အူယားတယ်ဟေ့

ဒီလောက်မှောင်နေတဲ့အခန်းကြီးထဲ တစ်ယောက်လက်သည်းတစ်ယောက်မမြင်ကြတာ အူယားစရာ စိမ့်တက်လာမှာပေါ့ ကျောမှမလုံတာ အဖာရာတွေမှမသေသပ်တာ အမှိန်အဖျော့ပေါ်ကတစောင်းနေကိုယ်ထား အခွေအခေါက်မတတ်ရင်ခေတ်ကိုမှီထား အသည်းပါးပါး အမြစ်ပါးပါး မြီးတိုဆိုတော့ အစာလည်းဆေး ဆေးလည်းအစာ ကြေညက်အောင်မ၀ါးရင်တော့ အမလေး လေး လေး............အူယားတယ်ဟေ့။

အခင်းအကျင်းက ၂၁ရာစုနောက်ဘီးလေလျှော့ခံထားရတဲ့ပုံစံ နံရံမှာက ပြည်တော်ပြန်လက်သီးလက်မောင်း အေဒီ၂၅၀၀လောက်ထိခရီးရောက်နေတဲ့စူးရှမှုတွေ ရေပန်းဖွင့်သံ ၀ရန်တာ ဇကာကွက် တိတ်ဆိတ်မှုဟာ တစ်ကီလို ၁၅၀၀ အမလေး လေး လေး............အူယားတယ်ဟေ့။

ဆိုလိုရင်းကနောက်စိကိုဗျူဟာမြောက်ကလိထိုးနေသလိုမျိုး စိန်ပန်းပင်မှာအရိပ်တွေခိုကပ်ဖက်တွယ်ထားသလိုမျိုး အဲလိုမြင်ကွင်းမျိုး
သက်မဲ့အဖွဲ့အစည်းတစ်ခုခုနဲ့လျှို့ဝှက်ဆက်သွယ်နေသလိုမျိုး အဲလိုအတွင်းသတင်းမျိုး အကုန်လုံးချွတ်ပြီးမှ မန်ကျည်းသီးရေစိမ်ပြဒါးရှင်လောင်းချနေသလိုမျိုး အီလက်ထရိုနဲ့ ငိုချင်းချနေသလိုမျိုး အဲလိုတေ့လွဲမျိုး မြစ်ထဲမျှောလိုက်တာတော့
ဟုတ်တယ် ဒါပေမယ့်ငါးတွေဆိုတာမျိုး လွှတ်လိုက် မိန်းကလေးကိုလွှတ်လိုက် ဆင်ဆာမလွတ်ဘူးဆိုတာမျိုး အဲလိုဥပမာမျိုး
စက်နဲ့ပေါက်တာလည်းနာချင်တယ် ဆိုတာမျိုး အဲလိုမက်ဆေ့မျိုး ။
ခေတ်ဟာရွေ့တယ် အရွေ့မှာမှတ်တိုင်ထူတယ် ကိုယ်တိုင်ထဲထဲဝင်ဝင်ဖြူခါပြာခါကျကြည့် ဆွဲဆန့်ရဒုက္ခ အရေပြားရဲ့တွန့်ခေါက်ပြတ်ရွေ့မှုအတိုင်း အောက်ကလျှိုကြည့်လိုက်တော့ ဘ၀တွေ ဘ၀တွေ ခေါ်တိုင်းမအားကြတဲ့ဆက်သွယ်မှုတွေ
စုန်ပါများမှသိလာတယ် ဆန်ပါများမှထိုးထွင်းလာတယ် ရောက်နေတဲ့အရပ်ကနေ သက္ကရာဇ်ပေါ်မေးတင်ကြည့်တော့ ဇီးဖြူသီးတွေ မြင်ရ ကြားရ အမလေး လေး လေး...............အူယားတယ်ဟေ့။



သစ္စာမင်းအိမ်
၃၊၅၊၂၀၁၃

သုခမြို့တော်မှာ နှင်း နှင်းခါးတွေ တဝေါဝေါပြိုတဲ့ညက

သူတို့ပြောကြတယ် သုခမြို့တော်ဟာတကယ်ရှိတယ်တဲ့ Illusionမဟုတ်ဘူးတဲ့ Dream Worldမဟုတ်ဘူးတဲ့ Fantasy Teamမဟုတ်ဘူးတဲ့ အင်း ဒါဆိုရင်ဖြင့် သုခမြို့တော်မှာ နှင်းခါးတွေရှိမှာပဲ သုခမြို့တော်မှာ နှင်း နှင်းခါးတွေတဝေါဝေါပြိုတဲ့ညက။

သုခမြို့တော်မှာ နှင်းခါးတွေတဝေါဝေါပြိုကျနေတယ် မတောက်တခေါက်က နားလေးပါးလေးကို မေးခွန်းတွေမေးလို့ မသဲမကွဲခေါ်သံနောက် မလင်းမပွင့်တရားတွေ ကောက်ကောက်ပါဆဲ
" ငြိမ်းချမ်းရေးနေ့ဟာ ဘယ်နေ့လဲ "
" ငါကလက်သည်မှမဟုတ်တာ နေဦး ရိုးရိုးမွေးလို့မရရင်တော့ ခွဲမွေးရမှာပဲ "
" ခုတ်ရာနဲ့ရှရာတွေ ဟစ်တိုင်တက်တယ် ပြတင်းတံခါးကိုပိတ်လိုက်ပါ အပြင်မှာ အတုန်းအရုန်းလမ်းမကြီး အမှောင်ထဲ ပက်လက်လဲလိုက် ကုန်းထလိုက်နဲ့ မမြင်နိုင်လို့ပဲ ညကိုပိတ်ထားတာ ညကိုပိတ်မရလို့ ပြတင်းတံခါးကို ပိတ်လိုက်တာ ပြတင်းတံခါးကို ပိတ်ထားပေမယ့်လည်း နှင်းခါးရိုက်သံတွေကတော့ ဝင်လာနေတုန်းပဲ အကျဲကျဲအပြန့်ပြန့်လက်ရေးလေးတွေ မြို့တော်အနှံ့ခြေဆန့်သွားကြတယ် မမောနို
င်မပန်းနိုင်လိုက်ကောက်ကြည့်ရင်
ကူ ညီ
ြ က ပါ
ဆိုပြီးတွေ့ရမှာ အသေအချာ
" ခုတစ်လော ရုပ်သံက စစ်ကားတွေသိပ်လာတယ် ငြိမ်းချမ်းရေးနေ့နီးပြီထင်ရဲ့နော် "
" မထင်ဘူး လှုပ်လို့လည်းမရဘူး မင်ရည်ကျဲတယ် ဈေးပေါပေါဘောပင်တွေပါကွာ "
မတောက်တခေါက်က နားလေးပါးလေးကို မေးခွန်းတွေမေးလို့ မသဲမကွဲခေါ်သံနောက် မလင်းမပွင့်တရားတွေ ကောက်ကောက်ပါဆဲ သုခမြို့တော်ဟာတကယ်ရှိတယ်တဲ့ သူတို့ပြောကြတယ် အင်း ဒါဆိုရင်ဖြင့် သုခမြို့တော်မှာ နှင်း နှင်းခါးတွေတဝေါဝေါပြိုတဲ့ညက ဘယ်သူမှအိပ်ရေးဝခဲ့ကြမှာမဟုတ်ဘူး။ ။


သစ္စာမင်းအိမ်
၆-၅-၂၀၁၃

လူ+တိရစ္ဆာန်=ခေတ်-အနုပညာ


 Art ဟုလူပြောများသောလက်ဖက်ရည်ဆိုင်လေးတွင် ထူးထူးခြားခြားပြည့်ကျပ်ညပ်သိပ်လျက်ရှိသည်။ ကျွန်ုပ်ကျော်သွားမည်ပြုပြီး
မှ လူတစ်ယောက်၏စကားသံကြောင့် ကိုယ်ရှိန်သတ်လိုက်သည်။
      " စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော်၊ ဂီတမှူး၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ စွယ်စုံရအနုပညာရှင်
ဂွမ်းဂွမ်း၏ စိတ်ကြိုက်ရူးသွပ်မှုတစ်ကိုယ်တော်ပြပွဲကြီးဆိုပါလား။ ဗီနိုင်းချိတ်ထားတယ်။ ဘယ်လိုပုဂိုလ်လဲဟ။ မကြားဖူးပါဘူး။
ဝင်ကြည့်ဦးမှပဲ"
       ဟိုက်စ်။ ဟုတ်ပါရဲ့။ ဒီလောက်အနုပညာတွေဟုန်းဟုန်းတောက်နေတဲ့ပုဂိုလ်ကြီးက ဒီလိုပါတီပါချဲ့နေရာမျိုးမှာ ဘာကြောင့်ပွဲစီစဉ်
ပါလိမ့်။ ကျွန်ုပ်ဥာဏ်မမီ။ ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ လက်လွတ်တော့ဖြင့်မခံနိုင်။ ကျွန်ုပ်လည်းဆိုင်ထဲသို့ တိုးဝှေ့ပြီးဝင်လာခဲ့လိုက်
သည်။ စကားသံများက လူးကာလွန့်ကာခုန်ပေါက်ပြေးလွှားနေကြသည်။ ပထမတစ်ဝိုင်း...။
      "  ဒီလိုရှိတယ်သားကြီးရ။ ဖန်တီးတယ်ဆိုတဲ့နေရာမှာ ကဗျာတစ်ပုဒ်ဟာ အာရုံဖြန့်ကျက်မှုကို တစုတစည်းတည်းခြုံဝန်းသိမ်းပိုက်နိုင်
ရမယ်။ အတတ်ပညာကိုတော့ပါးပါးလေးပုတ်ပေးရမှာပေါ့။ အရမ်းထူပျစ်စေးကပ်နေစရာမလိုဘူး။ မဟုတ်ရင် ဖတ်သူအတွက်အဘိဓမ္မာ
ခဲကြီးလျှာနဲ့လျက်နေရသလို ဖြစ်သွားလိမ့်မယ်။ ဟုတ်ဘူးလား ဂျွန်ကိရာ"
       " ဟုတ်တယ် ဂိုထယ်ပြောတာမှန်တယ်။ ရိုက်လိုက်ပါဦး။ မင်းရော ဘယ်လိုထင်လဲပုရှကင်"
       " သက်စ်ရိုက်။ ဒါဟာညာဘက်ပါ။ ကွဲလွဲစရာမရှိပါဘူး"
        အလို။ ကဗျာဆရာတွေညီလို့ညာလို့ပါလား။ ဒါကဗျာဝိုင်းပေါ့။ ကျွန်ုပ်ဆက်သွားလိုက်သည်။ ဟော နောက်တစ်ဝိုင်း။
       " လေးစားပါတယ် ဗိုလ်ဆို။ ခင်ဗျားဟာ မော်ဒန်ပန်းချီလောကရဲ့ ဖခင်ပါပဲ"
       " အင်း ပီကာဆို ဆိုတဲ့ကျုပ်ဟာ အစဉ်အလာတွေကိုမုန်းတယ်။ အသစ်ကိုမြတ်နိုးတယ်။ ဒါကြောင့် ဒါဗီညွှန်မိန်းမပျိုများ ကိုဆွဲဖြစ်
ခဲ့တယ်။ အဲဒါကို မော်ဒန်ပန်းချီရယ်လို့ လမ်းကြောင်းတစ်ခုအနေနဲ့ သတ်မှတ်ပေးတာ အသိအမှတ်ပြုပေးတာ တကယ်ကြီးကျေနပ်မိ
တယ်။ ပီတိပေါ့ဗျာ။ ကျုပ်ပန်းချီကားနဲ့ပတ်သတ်ပြီး ခင်ဗျားရောဘယ်လိုသဘောရလဲ ဗန်ဂိုး"
        စကားအရှည်ကြီးပြောပြီဒမောသွားဟန်ဖြင့် ပီကာဆိုမှာ ရေနွေးတစ်ခွက်ငှဲ့ပြီးတဖူးဖူးမှုတ်သောက်နေလေသည်။ ဗန်ဂိုးက ပစ်တိုင်းထောင်ဆေးပေါ့လိပ်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ မီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်ပြီး အလွန်မှတ်သားစရာကောင်း
သောစကားကိုပြောသည်။
        " ဘယ်လိုမှသဘောမရပါဘူး"
         ဤတွင်တစ်ချိန်လုံးငြိမ်နေသောလူတစ်ယောက်ကထပြောသည်။
       "  ကျုပ် ဂေါ်ဂင်ပါ။ ခင်ဗျားရဲ့အဲဒီပန်းချီကားမှာ နှာခေါင်းတွေ၊ မျက်လုံးတွေ၊ ပါးစပ်တွေကိုစံသွေထားတာသတိထားမိတယ်။ သရုပ်
မှန်ကနေခွဲထွက်ထားတာပဲ။ ခင်ဗျားရဲ့ရဲရင့်မှုကို ကျုပ်ကတော့ဂုဏ်ပြုတယ်ဗျာ။ စောစောကရေးနွားပြောသလို ခင်ဗျားဟာ မော်ဒန်
ပန်းချီလောကရဲ့ ရှေ့ဆောင်ပြယုဂ်တစ်ခုပါပဲ"
         ဒါကပန်းချီဝိုင်း။ ကျွန်ုပ်နောက်တစ်ဝိုင်းကူခဲ့ပြန်သည်။ လူတွေကြားတိုးရဝှေ့ရတာမလွယ်။ သူတို့ခြေထောက်တွေက အငြိမ်မနေ။
မနည်းရှောင်ရတိမ်းရသည်။ ဟော ကြားရပါပြီ။ နောက်တစ်ဝိုင်းဆီမှစကားသံများ။
        " ဂီတဟာ ကျုပ်တို့အနီးအနားမှာတင်ရှိတယ်။ အဝေးကြီးလိုက်ရှာနေစရာမလိုဘူး။ သစ်ရွက်လေးလေတိုးလို့လှုပ်သွားတဲ့အသံက
အစ ဖန်တီးတတ်ရင်ဂီတဖြစ်တယ်။ စဉ်းစားရမှာက ဘယ်လိုဖန်တီးမလဲဆိုတာပဲ"
         " မိုးဇက် ခင်ဗျားဟာပညာရှင်ပါပဲ။ ကျုပ်လည်းအဲလိုပဲတွေးမိပါတယ်။ ဒါပေမယ့် လူတွေက ရေပေါ်ဆီနဲ့မီးထွန်းချင်ကြတော့လည်းခက်တယ်ဗျာ"
          " ဟေ့လူ ဘီသိုဗင်။ ဂီတအကြောင်းပဲပြောရအောင်ဗျာ။ လူတွေအကြောင်းက ထင်သလောက်စိတ်ဝင်စားဖို့မကောင်းပါဘူး"
           ဂီတတွေ။ အရှိန်အဟုန်ပြင်းပြင်းနဲ့စီးဆင်းနေသော ဂီတသွေးတွေ။ ကျွန်ုပ်ကြက်သီးဖျင်းဖျင်းထမိသည်။ နောက်တစ်ဝိုင်း
ထပ်ကူးခဲ့တော့ သူတို့၏စကားသံများကျန်ရစ်ခဲ့ကြသည်။
          " Mood ပေါ့။ အာရုံသက်ဝင်မှုပေါ့။ ဒါနဲ့ပဲ သရုပ်ဆောင်ခြင်းကိုပီပြင်စေရတာ။ စေတနာလည်းထားရတာပေါ့ဗျာ။ ဒါမှလည်း
ပရိတ်သတ်အတွက် တကယ်ပေးဆပ်ရာရောက်ပေမကိုး"
           လှမ်းကြည့်လိုက်တော့ ရုပ်ရှင်မင်းသားတွေ။
          " ဒါကြောင့်လည်း ဂျော့ကလူနေးရယ်လို့ဖြစ်နေတာကိုး။ ကျုပ်မအံ့သြတော့ပါဘူးဗျာ။ ခင်ဗျားရဲ့ သရုပ်ဆောင်ခြင်းနဲ့ပတ်သတ်
တဲ့ ခံယူချက်ကလေးစားလောက်ပါတယ်။ ကျုပ် ဟဲရစ်ဆင်ဖို့ဒ် ခင်ဗျားကိုထောက်ခံပါတယ်"
           ကျွန်ုပ်တုန်လှုပ်သွားရချေသည်။ မိမိကိုယ်ကိုယ်နှိမ့်ချရန်၊ ချီးမွမ်းထိုက်သူကိုချီးမွမ်းရန် သူတို့မတုန့်ဆိုင်းကြပါတကား။ စေတနာလည်းထားတတ်လိုက်ကြပုံ။
            ဒီလောက်ဆိုလျှင်ကျွန်ုပ်ဒက်ချေပြီ။ စွယ်စုံရအနုပညာရှင်ကြီး၏တစ်ကိုယ်တော်ပွဲတွင် အနုပညာရပ်ဝန်းစုံမှပုဂိုလ်များလာ
ရောက်နေကြမည်မှာမလွဲ။ ကျွန်ုပ်ထင်သည့်အတိုင်းပင်။ စတီဗင်စပီးလ်ဘတ်တို့ ဂျွန်ဝူးတို့ဒါရိုက်တာအုပ်စု၊ ဘီတဲလ်တို့ ဂျွန်လင်နွန်
တို့ အဆိုတော်အုပ်စုတို့ကိုလည်းတွေ့ရသည်။ သူတို့ပြောနေသောစကားများမှတဆင့် သူတို့၏နာမည်များ၊ သက်ဆိုင်ရာအနုပညာအပေါ်ဝေဖန်သုံးသပ်ချက်များကိုမှတ်သားရသည်။ ကောင်းလေစွ။
            ကျွန်ုပ်တို့၏စွယ်စုံရအနုပညာရှင်ကြီးကိုတော့ ယခုထိမမြင်ရသေး။ ပြင်တုန်းဆင်တုန်းပင်ရှိပေချိမ့်မည်။ သူဘာတွေချပြမည်လဲ။ ဘယ်လောက်ထိသွားထားပြီလဲ။ ကျွန်ုပ်သိချင်နေပြီ။ အားလုံးလည်းသိချင်နေလောက်ပြီ။ ရေနွေးကရားများ
တစ်အိုးပြီးတစ်အိုး၊ ဆေးလိပ်များတစ်လိပ်ပြီးတစ်လိပ်။ အချိန်ကတော့ ဂွမ်းဂွမ်းကိုစောင့်နေဆဲပင်ဖြစ်သည်။
            ယင်းအိုက်မှာပင် ညောင်နာနာအသံတစ်ခုက တစ်ဆိုင်လုံးကိုသတိအနေအထားပြင်ပေးလိုက်သည်။
          "  ကြွရောက်လာကြသော အနုပညာနယ်ပယ်စုံမှ လူကြီးမင်းအပေါင်းတို့ခင်ဗျာ။ ကျွန်တော်သတင်းတစ်ခုကိုကြေညာပါမယ်။
အဲဒီသတင်းကိုကြားပြီးတဲ့အခါ လူကြီးမင်းတို့အခုလိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဆက်နေပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်"
            ရှာသည်။ ရှာသည်။ ဟော တွေ့ပါပြီ။ ထူးဆန်းသည်မှာ ပြောနေသူသည် လူတစ်ယောက်မဟုတ်ဘဲ ကြက်တူရွေးတစ်ကောင်ဖြစ်နေခြင်းပင်။
           " ကြက်တူရွေးမသားနှယ်။ ရှည်တာ။ ပြောမှာပြောတာမဟုတ်ဘူး"
            ဗန်ဂိုးကမကျေမချမ်းရေရွတ်သည်။ ဟုတ်ပ။ ကျွန်ုပ်စိတ်ထဲမှထောက်ခံလိုက်သည်။ ကြက်တူရွေးသံက ထွက်ပေါ်လာပြန်သည်။
           " လူကြီးမင်းများခင်ဗျာ။ အားလုံးစောင့်မျှော်နေကြတဲ့ စွယ်စုံရအနုပညာရှင်ဂွမ်းဂွမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၅၀ကျော်က စနစ်
ဆိုးကြီးရဲ့ အထုအထောင်း၊ အထိုးအနှက်၊ အရိုက်အပုတ်အောက်.......အောက်"
           " ကဲ မြန်မြန်ပြောပါဟေ့"
           " မြန်မြန်နဲ့မှန်မှန်ပြောကွာ"
          "  စိတ်မရှည်ချင်တော့ဘူးနော်"
            "သိပြီးသားတွေထည့်မပြောနဲ"့
            တစ်ယောက်တစ်ပေါက်အသံများ ပျံဝဲသွားသည်။ ကြက်တူရွေးပျာပျာသလဲပင်...
           " ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် လိုတိုရှင်းပဲပြောပါတော့မယ်ခင်ဗျာ။ အဲ...အဲဒီဟာတွေအောက်မှာ ဂွမ်းဂွမ်းဟာ ကံမကောင်း
အကြောင်းမလှစွာပဲ လူအဖြစ်ကိုမရခဲ့ရှာပါဘူး။ သူ့အမေဗိုက်ထဲမှာတင် အနုပညာတွေတပြုံတမနဲ့ ရက်ရက်စက်စက်ဖျက်ချခြင်း ခံခဲ့
ရပါတယ်။ တကယ်လို့ သူသာမွေးဖွားဖြစ်ခဲ့ရင် ဒီနေ့ဒီလိုပွဲကြီးမျိုးပြုလုပ်နိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူမလာနိုင်တော့ပါဘူး"
            ကြက်တူရွေး၏အသံ တုန်ခါတိုးဝင်သွားသည်။
            တိတ်...။
            ဆိတ်...
            မည်သည့်အသံမှလည်းကျမကွဲတော့။
            ဘာကြောင့်အဲလိုပြောနိုင်တာလဲ။ သူ့အမေက ဘယ်သူလဲ။ ဘယ်မှာလဲ။ ဒီပွဲကိုရောဘယ်သူစီစဉ်တာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ မေးခွန်းများက ကျွန်ုပ်ခေါင်းထဲ ကြောက်းကြောင်းပြေးနေကြသည်။ လက်ရှိအခြေအနေကို ကျွန်ုပ်အနေနှင့်
မည်သို့မျှနားမလည်နိုင်တော့။ ရင်ထဲတွင်မွန်းကြပ်ပြီးဆို့နင့်နေသည်ကိုသတိထားမိသောအချိန်တွင်တော့ ကျွန်ုပ်ဆိုင်ပြင်ကိုထွက်
လာခဲ့လိုက်သည်။ စောစောကလိုခြေထောက်များမလှုပ်ရှားကြတော့။ လွတ်လွတ်ကျွတ်ကျွတ်ပင်အပြင်သို့ရောက်သည်။
            Art ဟူသောလက်ဖက်ရည်ဆိုင်လေးသွေတိုးနေသည်။
            ကျွန်ုပ်မျှော်လင့်သော၊ အားလုံးမျှော်လင်းသောအနုပညာသည် ဤဆိုင်လေး၏မထင်မရှားပွဲတစ်ခုအတွင်း မရှုမလှအသတ်
ခံလိုက်ရချေပြီ။
            ကျွန်ုပ်ကြေကွဲစွာ အသံထွက်ရယ်မောလိုက်သည်။
           " ၀ုတ်.....၀ုတ်.....၀ုတ်"
            ဆိုင်ထဲမှာယခုထိတိတ်ဆိတ်နေဆဲ။
            ယနေ့ဒဏ်ရာသည် မနက်ဖြန်မျှော်လင့်ချက်ထက် ပို၍ဆေးဖက်ဝင်သည် တဲ့။
            လူစကားပြောသော တိရစ္ဆာန်များကို ကျွန်ုပ်အလွန်မုန်းပါသည်။



           သစ္စာမင်းအိမ်
           ၁၀၊၄၊၂၀၁၃

ကွမ်းတစ်ယာဟာ အနုပညာပါပဲ ဟုဆိုလေသူ ကွမ်းပညာရှင်တစ်ယောက်နှင့် တွေ့ဆုံခြင်း

xx ကွမ်းတစ်ယာရဲ့ အခြေခံကိုယ်ရည်ကိုယ်သွေးတွေက ဘာတွေလဲ
++ အဆိပ်အတောက်...အရောင်ပြောင်းလဲခြင်း...ဝေဒနာ
xx အရသာရှိတဲ့ကွမ်းတစ်ယာကို အနုပညာနဲ့ချဉ်းကပ်ပုံ
++ မျက်ပေါက်ကျဉ်းကျဉ်းတွေမျှားရတာကနေ သွားကြားဖတ်လျှာနဲ့ကလော်ထိုးရတာအထိ
     အနုပညာပိုင်းဆိုင်ရာချည်းပဲ
xx ထုတ်လုပ်ပုံအဆင့်ဆင့်က
++ ကျုပ် ဘီလ်ဂိတ်မဟုတ်ဘူး မိုးခေါင်လို့နေရာပြောင်းတဲ့လိပ်
xx ကွမ်းတစ်ယာရဲ့အနက်ကို ဘယ်လိုဖွင့်ဆိုချင်လဲ
++ ကောင်းကင်ဘုံနဲ့ ငရဲခန်းကိုခွဲခြားဆင်ခြင်နိုင်တဲ့ အာရုံသိ
     လောကကြီးအပေါ်ညက်ညောမှု.....ဟာမိုနီ
xx ဖန်တီးလာတာကြာပြီလား
++ စာတမ်းလေးစောင်စာပဲ
xx ကွမ်းတစ်ယာရဲ့လက်ရှိစိမ့်ဝင်နိုင်မှုအတိုင်းအတာ
++ ရဲနေတဲ့မြေလွှာ ရဲနေတဲ့နံရံ ရဲနေတဲ့လေထု ရဲနေတဲ့စကြာဝဠာ
     နေအဖွဲ့အစည်းကြီးတစ်ခုလုံး ရဲဗလောင်းခတ်လို့မဟုတ်လား ဒါပဲလေ
xx ထုပ်ပိုးမှုပုံစံအသစ်နဲ့ ဈေးကွက်ချဲ့ထွင်ဖို့ရှိမရှိ
++ မူလက ရသာရုံ အဲဒီကနေ ဂနာရုံ ရူပါရုံ အခု ဓမ္မာရုံအထိလုပ်ဖို့ရှိတယ်
xx နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ
++ ကွမ်းတစ်ယာဟာ အနုပညာပစ္စည်းပဲ အနုပညာစိတ်ပဲ အနုပညာရုပ်ပဲ
     ဟောဒီလိုဝါးပြီး ဟောဒီလိုထွေးကြည့်
     အနုပညာတွေ သန်းနဲ့ချီပြီးဖြစ်သွားတယ် သန်းနဲ့ချီပြီးပျက်သွားတယ်
     အနုပညာဇောတစ်ချက်ကိုက ကွမ်းတစ်ယာညက်ခန့်အကြာပဲလေ
xx ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
++ ရပါတယ် ရပါတယ် ကွမ်းဝါးသွားပါဦး
xx နေပါစေ နေပါစေ ကျွန်တော်ကွမ်းမ၀ါးတတ်လို့ပါ
++ ဟုတ်လား ဟုတ်လား ကောင်းတယ်နော်
xx ဟုတ်မှာပါ ဟုတ်မှာပါ ကျေးဇူးတင်ပါတယ်။                   ။



သစ္စာမင်းအိမ်
၁၁၊၅၊၂၀၁၃